ရခိုင်ပြည်နယ်မှ ထွက်ပြေလာကြသည့် မွတ်စလင် ဒုက္ခသည်များကို ကူညီနေသော NGO အဖွဲ့ ၃ ဖွဲ့အား ဆက်လက် ကူညီခွင့်များ ရပ်ဆိုင်းရန် ဘင်္ဂလာဒေ့ရှ် အစိုးရက အမိန့်ချလိုက်ကြောင်း သိရသည်။
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF)၊ ငတ်မွတ်ခေါင်းပါးမှု ကူညီရေးအဖွဲ့ (ACF) နှင့် ဗြိတိန်အခြေစိုက် မွတ်စလင် ကူညီရေးအဖွဲ့ (Muslin Aid UK) စသည့် အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် အစိုးရကို တင်ပြစဉ်က ကော့စ်ဘာဇာ ခရိုင်အတွင်းရှိ ဆင်းရဲမွဲတေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို ကူညီရန်ဟု ဆိုသော်လည်း မြန်မာပြည်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ကူညီနေသောကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ Affairs Bureau ၏ အမိန့်အရ ဆက်လက် ကူညီခွင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ကော့စ်ဘာဇာခရိုင် အရာရှိ တဦး၏ ပြောဆိုချက်ကို ကိုးကား၍ AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသတွင် မြန်မာပြည်မှ ထွက်ပြေးလာကြသူ ဘင်္ဂါလီ မွတ်စလင် များအတွက် ဒုက္ခသည်စခန်း ၄ ခု ရှိသော်လည်း ယင်းအနက် ၂ ခုမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ် မပြုသည့် တရားမဝင် စခန်းများ ဖြစ်ကြောင်း သိရသည်။
MSF၊ ACF နှင့် Muslin Aid UK တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ UNHCR အသိအမှတ်မပြုသော ဒုက္ခသည်များကို တရားမဝင်နည်းနှင့် ကူညီပေးနေကြောင်း၊ ကော့စ်ဘာဇာ ခရိုင်အတွင်းရှိ ယင်း ဒုက္ခသည်များကို ဘဝရပ်တည်ရေးအတွက် သင်တန်းများ ပေးနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘာဇာခရိုင် တက္ကနာမြို့ လေဒါကျေးရွာ အနီးရှိ တရားမဝင် ဒုက္ခသည် စခန်းတွင်နေထိုင်သည့် ဒုက္ခသည် ထိန်းသိမ်းရေး ကော်မတီဝင် မူသာလက်က ပြောသည်။
“ကျနော်တို့ကို ကူညီနေတဲ့ NGO တွေက ပြောတာ ၃၊ ၄ ရက်ရှိပြီ။ အစိုးရက ရပ်တန့်ဖို့ အမိန့် ထုတ်ထားလို့ သူတို့ပြန်မယ် ဆိုပြီးတော့ ပြောသွားတယ်။ NGO တခုခုမရှိရင် ကျနော်တို့အတွက် တော်တော်လေး အခက်အခဲ ရှိနိုင်တာပေါ့” ဟု မူသာလက်က ဧရာဝတီသို့ ပြောသည်။
NGO တခုခု မရှိပါက ဒုက္ခသည်များ ရပ်တည်ရေး ခက်ခဲမည် ဖြစ်ကြောင်း၊ မည်သည့် NGO မဆို တခုခုကို မှီခိုမှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း မူသာလက်က ရှင်းပြသည်။
“ရေ အခက်အခဲကတော့ တော်တော်ရှိတယ်။ အိမ်သာ ဆောက်လုပ်ရေး၊ ဆေးဝါး ကုသမှု ဒါတွေလည်း မရနိုင်တော့ဘူးပေါ့။ ကျနော့်အမြင်ကတော့ NGO မည်သူရယ်၊ မည်ဝါရယ်လို့ မဟုတ်ဘူး၊ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်း တခုခုကိုတော့ ကျနော်တို့ မှီခိုရမှာပဲ” ဟု သူက ဆိုသည်။
Muslin Aid UK က အကူအညီများ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်းကို တရားမဝင် ဒုက္ခသည်စခန်းတွင် နေသူတဦး ဖြစ်သည့် ဇော်ဖောကလည်း ထပ်မံ အတည်ပြု ပြောသည်။
“ကျနော်တို့ ဒုက္ခသည်စခန်းမှာ လူ ၁၄၀၀၀ လောက် ရှိတယ်။ Muslin Aid က ကျနော်တို့ဆီမှာ အိမ်သာတို့၊ ဆေးပေးခန်းတို့ လုပ်ပေးပြီး အကူအညီပေးနေတာ။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရပ်ဆိုင်းတယ်ဆိုရင်တော့ တော်တော် အခက်အခဲဖြစ်သွားမယ်။ ကျနော်တို့ စခန်းမှာ တခြားအဖွဲ့တွေက ကူညီတာ မရှိသလောက်ပဲ” ဟု သူက ဆိုသည်။
ACF အနေဖြင့် UNHCR အသိအမှတ်ပြုထားသည့် ဒုက္ခသည် စခန်းများတွင် ယင်လုံအိမ်သာ ဆောက်လုပ်သည့် တာဝန် ယူထားပြီး MSF မှာ ကော့စ်ဘာဇာ ခရိုင် ဦကီယာမြို့နယ် ကူတူပါလန်ကျေးရွာ အနီးရှိ တရားမဝင် ဒုက္ခသည် စခန်းကို ဆေးဝါး အကူအညီပေးနေကြောင်း ကူတူပါလန် တရားဝင် ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ NGO ဝန်ထမ်းတဦးက ပြောသည်။
သူက “အဲဒီ အဖွဲ့အစည်းတွေ ရပ်ဆိုင်းတယ်ဆိုတာ လွန်ခဲ့တဲ့ ၃ လလောက် ကတည်းက အမိန့်ထုတ်တယ်လို့ ကြားတယ်။ ဒါပေမယ့် ဆက်လုပ် နိုင်ကြလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလည်း ရပ်ဆိုင်းတယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ဖူးတယ်။ ဒါပေမယ့် အခုထိ ရှိနေကြတာပဲ” ဟု ဆိုသည်။
MSF ၊ ACF နှင့် Muslim AID UK အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ် တလျှောက်ရှိ တရားဝင်နှင့် တရားမဝင် ဒုက္ခသည် စခန်းများတွင် ကျမ္မာရေး၊ အရေးပေါ် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲများ ကူညီလျှက်ရှိသည်။
ဘင်္ဂလာဒေ့ရှ် – မြန်မာနယ်စပ် ကော့စ်ဘာဇာခရိုင် အတွင်း ကူတူပါလန်နှင့် နော်ယာပါရာ ဒေသရှိ တရားဝင် ဒုက္ခသည် စခန်း ၂ ခုနေ ဒုက္ခသည် ၃ သောင်းခန့်ကို UNHCR က စခန်းဖွင့်လှစ် ကူညီနေပြီး လေဒါနှင့် ကူတူပါလန်ဒေသများရှိ မြန်မာပြည်မှ ထွက်ပြေးလာသူ ၄ သောင်းခန့်ကို တရားမဝင် ဒုက္ခသည်စခန်းများအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရက နေထိုင်ခွင့် ပေးထားသည်။
၁၉၉၀ ခုနှစ် နောက်ပိုင်းမှစ၍ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် မြန်မာနိုင်ငံမှ ထွက်ပြေးနေထိုင်သူ ၃ သိန်းခန့်ရှိနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ခန့်မှန်းသည်။ NGO များ၏ ခန့်မှန်းချက်အရမူ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြန်မာနိုင်ငံမှ ဝင်ရောက် နေထိုင်သူ ၇ သိန်းခန့် ရှိနိုင်သည်ဟု သိရသည်။