သတင်း

ထိုင်း ၁၀ ဦး မူးယစ်ဆေးဝါးနှင့် လက်နက်မှု စွဲချက်တင်ခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း ဖမ်းဆီးမိ၍ ထောင်ဒဏ်ချမှတ်ထားသည့် ထိုင်းနိုင်ငံသား ၁၀ ဦးကို လက်နက်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အမှု ၂ ခုဖြင့် မြန်မာ အစိုးရက ထပ်မံ တရားစွဲဆိုထားပြီး အင်္ဂါနေ့က ရုံးတင်စစ်ဆေးခဲ့သည်။

တရားမဝင် ဝင်ရောက်လာသော ထိုင်းလူမျိုးများထံမှ သိမ်းဆည်း ရမိသည် ဆိုသော လက်နက်များနှင့် ဆေးခြောက်များ (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ်မှ)
တရားမဝင် ဝင်ရောက်လာသော ထိုင်းလူမျိုးများထံမှ သိမ်းဆည်း ရမိသည် ဆိုသော လက်နက်များနှင့် ဆေးခြောက်များ (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ်မှ)

ပြီးခဲ့သည့် ဇူလိုင်၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက လူဝင်မှု ကြီးကြပ်ရေး (လဝက) နှင့် သစ်တော ဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲစီ အမိန့်ချ ခံထားရ သူများ အထဲမှ ၁၀ ဦးကို ထပ်မံ၍ တရားစွဲ ဆိုထားသည့် အမှုများ ဖြစ်ကြောင်း ကော့သောင်း မြို့နယ်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ပြောသည်။

ထို ထိုင်းနိုင်ငံသားများကို ကော့သောင်းမြို့နယ် ဒုရဲအုပ် အေးကြိုင်နှင့် မူးယစ်ဆေးဝါး အထူးနိုမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် အေးကျော် တို့က တရားလိုများပြုလုပ်၍ မြို့နယ်နှင့် ခရိုင် တရားရုံးတို့တွင် ရုံးတင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်း အမှုများကို စစ်ဆေးရန် လာမည့် ၆ ရက်တွင် ထပ်မံချိန်းဆိုထားပြီး လက်နက်နှင့် မူးယစ်ဆေးဝါး အမှု ဆိုင်ရာ ပုဒ်မများနှင့် ပတ်သက်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက် တကျွန်း အထိ ကျခံရနိုင်ဖွယ်ရှိကြောင်း ရှေ့နေက ပြောသည်။

ထပ်မံ စွပ်စွဲခံထားရသူများတွင် လက်နက်ကိုင်ဆောင်မှု ၈ ဦးနှင့် မူးယစ်ဆေးဝါး အမှုတွင် ၂ ဦး ပါဝင်ပြီး ကော့သောင်း မြို့ရှိ ၉ မိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုခံရသည့် အမှုနှင့် ပတ်သက်၍ ထိုင်းသတင်းများက ထိုင်းနိုင်ငံသားများ မိမိကိုယ် မိမိကာကွယ်ရန် အတွက် လက်နက် ကိုင်ဆောင်ရခြင်း ဖြစ်ကြောင်း ဖော်ပြကြသည်။

ယခု ထပ်မံ တရားစွဲဆိုခံထားရသူများနှင့် ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak Phoolsawat က“သမ္မတ ဦးသိန်းစိန်၏ ကတိနှင့် အညီ ချမှတ်ထားသော ပြစ်ဒဏ်ကိုလျှော့ပေါ့၍ သော်လည်းကောင်း၊ ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးရန် မြန်မာအစိုးရ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းခံရသည့် ကျန်ရှိနေသူများကိုလည်းကောင်း လွဲပြောင်း ပေး မည် ဖြစ်ကြောင်း ပြောကြားသည်”ဟု The Nation အင်တာနက် စာမျက်နှာတွင်လည်း ယနေ့ ဖော်ပြထားသည်။

ပြီးခဲ့သည့်လတွင် သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ အစိုးရက ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားများနှင့် ပတ်သက်၍ ကတိပေးခဲ့ကြောင်း ဗိုလ်မှူးကြီး Pornsak Phoolsawat က ပြောဆိုသည်။

ဦးသိန်းစိန်သည် ဇူလိုင် ၂၂ ရက်က စတင်ပြီး ၃ ရက်ကြာခရီး ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီမြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုထိုင်းနိုင်ငံသားများကို မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

ထောင်ဒဏ်ချမှတ်ခံရသော တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့  (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ် မှ)
ထောင်ဒဏ်ချမှတ်ခံရသော တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့  (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ် မှ)

ယင်းဒေသတွင် အသုံးပြုနေသည့် မြေထိုးစက် ၃ စီး၊ မြေတူးစက် Backhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ် အစီး ၂၀ ၊ M-16 , AK-47, AR-15 အမျိုးအစား သေနတ်များ နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက် လုံးပြူး၊ လုပ်သေနတ် စသည့် လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိ၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံသို့ သံတမန်နည်းအရ အသိပေးထားကြောင်း ဇူလိုင် ၁၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

ထိုဒေသသို့ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့အပါအဝင် စူရတ်ဌာနီ၊ နခွန်စီထာမရတ်၊ ချုံဖော်မြို့နယ်များမှ မိသားစုဝင်များ သွားရောက်နေထိုင်ကြပြီး ခန့်မှန်းခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း စောစောပိုင်း ဖော်ပြသည့် သတင်းများတွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading