ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော အစိုးရ အဖွဲ့သည် ရခိုင်ပြည်နယ်၌ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့် ဒေသများသို့ ယနေ့ သွားရောက်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ပမီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ စွပ်စွဲ ရေးသားဖော်ပြချက်
များနှင့်လက်ရှိ အခြေအနေများကို လေ့လာရန် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။
“ပြန်လည် ထူထောင်ရေးအတွက် လိုအပ်ချက်တွေ လေ့လာမယ်၊ နိုင်ငံတကာ အဖွဲ့တွေ က စွပ်စွဲရေးသားချက်တွေ အတိုင်း ဟုတ်မဟုတ် လေ့လာမယ်။ ကျနော်တို့ကလည်း အချက်အလက်တွေနဲ့ တင်ပြသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတကာ မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များ၊ မွတ်စလင် အဖွဲ့များသည် ဒေသခံ ဗုဒ္ဓဘာသာဝင် များနှင့် အစိုးရ စစ်တပ်တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မွတ်ဆလင် များကို ဖိနှိပ်ခွဲခြား ဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟု အခြေအမြစ် မရှိဘဲ စွပ်စွဲရေးသား နေကြကြောင်း ဦးဝင်းမြိုင်က ပြောသည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့သည် အကြမ်းဖက်မှုများ စတင်ခဲ့သည့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ တို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်မည် ဖြစ်ပြီး ဒုက္ခသည်များ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
ရခိုင်ပြည်နယ် အတွင်းမှ အခင်းဖြစ်ပွားရာ ဒေသများသို့ နိုင်ငံတကာ သံတမန်များ ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီးနောက်
၎င်းတို့၏ ခရီးစဉ်မတိုင်မီ ပြည်ပ သတင်းဌာနများနှင့် မီဒီယာ အမျိုးမျိုးမှတဆင့် သိခဲ့ရသည့် အတည်မပြုနိုင်သော အချက် အလက်များသည် ယခု ကိုယ်တိုင်တွေ့ မြင်ခဲ့ရသည့် ပကတိ အခြေအနေများနှင့် များစွာ ကွာဟနေကြောင်း သံတမန်များက ပြောဆိုသည်ဟုလည်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသား ဖော်ပြထားသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား နှင့်နိုင်ငံတကာ သံတမန် များသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ပြီးခဲ့ရက်ပိုင်းက သွားရောက် လေ့လာခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန် ပြောဆိုကြောင်း အစိုးရ သတင်းစာများက ဆိုသည်။
ရခိုင်ဒေသသို့ သွားရောက်ခဲ့သည့် သံတမန်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊
လာအို၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလကင်္ကာ စသည့် နိုင်ငံတကာ သံတမန်များ ပါဝင်သည်။
မစ္စတာ ကင်တားနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း NLD က ပြောသော်လည်း အသေးစိတ် အချက်အလက်များကို ပြောဆိုခြင်း မရှိပေ။ ရခိုင်ဒေသ အရေးကိစ္စနှင့် ပတ်သက်၍ တိတ်ဆိတ်နေသည်ဟု ဆိုကာ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာက ဝေဖန်မှုများလည်း ရှိနေသည်။
ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ နယ်စပ်ရေးရာ၊ မီးရထား ၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင် စသည့် ဝန်ကြီးဌာန ဝန်ကြီး များ ပါဝင်ကြောင်း၊ ၎င်းတို့သည် စစ်တွေမှတဆင့် မောင်တော၊ ဘူးသီးတောင် ဒေသများသို့ သွားရောက်ကြမည် ဖြစ်ကာ မြောက်ဦးမြို့သို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောသည်။
ဒု သမ္မတသည် ရခိုင်ဒေသတွင်း၌ ဇွန်၊ ဇူလိုင် လများအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နောက်ပိုင်းကာလတွင် နိုင်ငံတော်၏ ထိပ်ပိုင်း ခေါင်းဆောင် တဦးအဖြစ် ပထမဆုံး သွားရောက်သူ ဖြစ်သည်။
ရခိုင်ဒေသ ပြဿနာသည် လတ်တလော ဖြေရှင်း၍ မနိုင်ဘဲ ရေရှည် ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သို့ တရား မဝင် ရောက်ရှိလာသည့် ဘင်္ဂါလီလူဦးရေ အဆမတန် တိုးပွားလာခြင်း ကိစ္စကိုလည်း အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး နှင့်ပတ်သက်သည့် အစည်းအဝေး၌ ပြောဆိုချက်ကို အစိုးရ သတင်းစာများ တွင်း ဖော်ပြထားသည်။
မောင်တော၊ ရသေ့တောင်၊ စစ်တွေ ဒေသတို့တွင် ကယ်ဆယ်ရေး စခန်း စုစုပေါင်း ၇၁ ခုရှိပြီး ဒုက္ခသည် ဦးရေ ၅၀၀၀၀ ကျော် ကို ကူညီစောင့်ရှောက်ပေး ထားကြောင်း၊ ကျေးရွာ တချို့ကို ပြည်လည်တည်ဆောက် ပေးနေပြီး ဒုက္ခသည် စခန်းများတွင် တဲအိမ်များ တည်ဆောက်ပေးနေကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုထားသည်။
ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ကိစ္စအား နိုင်ငံတကာက ပါဝင်ကူညီရန် တောင်းဆိုထားပြီး နိုင်ငံတချို့ကလည်း ကူညီရန် ကမ်းလှမ်းထားကြောင်း သိရသည်။