ရန်ကုန် X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုနှင့်ပတ်သက်သည်ဆိုပြီး သေဒဏ်ချမှတ်ခံထားရသော ကိုဖြိုးဝေအောင်ကို အာဏာပိုင်များက ယနေ့ ပြန်လွှတ် ပေးလိုက်သည်။

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ နဲ့ လွှတ်လိုက်တာပါ။ မနက်ပိုင်း ၁၀ နာရီလောက်က ထောင်ပိုင်က လာလွှတ်ပေးမယ်လို့ ဖုန်းလှမ်းဆက်လို့ သိရတာ၊ လွှတ်ပေးတဲ့အတွက် ပြောစရာတော့ မရှိပါဘူး”ဟု ဇနီးဖြစ်သူ မဌေးဌေးက ပြောသည်။
ကိုဖြိုးဝေအောင်က ၎င်းကို မတရားစွပ်စွဲ ဖမ်းဆီးခြင်း၊ စစ်ကြောရေး ကာလအတွင်း ရိုက်နှက်စစ်ဆေးခြင်း၊ တရားစီရင်မှု မမျှတခြင်း များကို ဝေဖန် ပြောဆိုသည်။
“ဒါကတော့ စနစ်မပြောင်းမချင်း ဒါတွေ ရှိနေမယ်။ လူပုဂ္ဂိုလ်နဲ့ပတ်သက်လို့ကတော့ ကျနော် ဖြူသည် မည်းသည် မပြောလို တော့ ပါဘူး”ဟု ကိုဖြိုးဝေအောင်က ဧရာဝတီသို့ ပြောသည်။
ကိုဖြိုးဝေအောင်မှာ အသည်းကင်ဆာ ဝေဒနာခံစားနေရပြီး ကင်ဆာဆဲလ်များ ခါးရိုးတွင်းအထိပျံ့နှံ့မှုကြောင့် ခန္ဓာကိုယ် အောက် ပိုင်း သေသည့် ရောဂါကိုလည်း ခံစားနေရ၍ အင်းစိန် အထွေထွေရောဂါကု ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရသွားသည့် ကိုဖြိုးဝေအောင်ကို ဆေးရုံ ရွှေ့ပြောင်း၍ ဆေးကုသမှု ခံယူနိုင်ရန် ပြင်ဆင်နေကြောင်း မိသားစုဝင်များကလည်း ပြောပြသည်။
“သူ့ကို အိမ်ပြန်ခေါ်ချင်ပေမယ့် သူ့ရောဂါကို သက်သာအောင် လုပ်ပေးရမှာ။ ရန်ကုန်ဆေးရုံကြီး အသည်း အထူးကုသဆောင် ကိုဖြစ်ဖြစ် တခြား ပုဂ္ဂလိက ဆေးရုံဆေးခန်းတခုခုကိုဖြစ်ဖြစ် မနက်ဖြန် ပြောင်းရအောင် စီစဉ်နေပါတယ်”ဟု ညီဖြစ်သူ ကိုထက်ဝေအောင် က ပြောသည်။
မြန်မာနိုင်ငံ၌ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာသည် ကိုဖြိုးဝေအောင် ကို ဇူလိုင် ၃၀ ရက်နေ့က အင်းစိန်ဆေးရုံတွင် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။ ထိုစဉ်က ကိုဖြိုးဝေ အောင်၏ ခြေထောက်တွင် သံခြေကျင်းခတ်ထားသည်ကို မစ္စတာ ကင်တာနာက ဝေဖန်ခဲ့ပြီး လွတ်မြောက်ရေးအတွက် ကြိုးပမ်း နေကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ်က လူ ၁၀ ဦးကျော်သေဆုံး၍ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သော ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုတွင် ပါဝင်သည် ဆိုသည့် သံသယဖြင့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကို ထိန်းသိမ်းထားခဲ့ပြီး အင်းစိန်ထောင်တွင်း တရားရုံး၌ လူ သေစေမှု၊ ဖောက်ခွဲမှု၊ မတရားအသင်းပုဒ်မ၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ စသည့် ပုဒ်မများဖြင့် တရားစွဲဆို၍ ပြစ် ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။