သတင်း

ကြံ့ခိုင်ရေးပါတီ အမည်နှင့် မူဝါဒ ပြောင်းလဲရန်မရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသော်လည်း လက်ရှိပါတီ၏ အမည်နှင့် မူဝါဒများကို ပြောင်းလဲမည် မဟုတ်ကြောင်း သိရသည်။

သို့သော် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာ၌ ပါတီ ခေါင်းဆောင်များကို အများလေးစားလက်ခံနိုင်မည့်သူများကို ပြောင်းလဲ ခန့်အပ်သွားရန်ရှိကြောင်း ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဦး က ပြောသည်။

“ပါတီကတော့ အသစ်ပြန်ဖွဲ့ဖို့ မရှိပါဘူး၊ လက်ရှိဒီနာမည် ပြည်ခိုင်ဖြိုးပဲပေါ့၊ သို့သော်လည်းပဲ ဒီထဲက သင့်တော်တဲ့လူတွေ ရွေးတာ တော့ ရှိမှာပေါ့၊ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပဲ ရှိတယ်”ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီဝင်များ၏ လုပ်ဆောင်မှုများ၊ လူထုနှင့် ထိတွေ့ ဆက်ဆံရေးများနှင့်ပတ်သက်၍ ပါတီခေါင်းဆောင်ပိုင်း တချို့က ပြုပြင် ပြောင်းလဲရေး ထိန်းသိမ်းဆောင်ရွက်ရန် ဆန္ဒရှိနေသည်ဟုလည်း ဆိုသည်။

ယခင်စစ်အစိုးရ၏ ကိုယ်ပွားဟု ပြောဆိုနေကြသော ကြံ့ခိုင်ရေးပါတီအနေဖြင့် လက်ရှိ ပါတီ အမည်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြီး ရွေးချယ်ခံမည်ဆိုပါက လူထုထောက်ခံမှုအားနည်းနိုင်ကြောင်း၊ ပါတီအမည်သစ်နှင့် ဝင်ရောက်ယှဉ်ပြိုင်သင့်ကြောင်း ထောက်ပြ ပြောဆိုမှုများလည်း ရှိနေသည်။

ထို့အပြင် ပါတီတွင်း ရပ်ကျေး အဆင့်မှစ၍ ပါတီ ဗဟိုပိုင်းအထိ သဘောထားကွဲလွဲမှုများရှိနေကြောင်း သတင်းများလည်း ထွက်ပေါ် နေပြန်သည်။

ပါတီတွင်း အခြေအနေများနှင့် ပတ်သက်၍ ဦးဌေးဦးက“သဘောထား ကွဲလွဲတယ် ဆိုတာကတော့ လူတွေက အများကြီးပဲ ဆိုတော့ တယောက်နဲ့ တယောက်တော့ သဘောထားချင်း မတူနိုင်ပါဘူး၊ သို့သော်လည်း ပါတီရဲ့ ဆုံးဖြတ်ချက်က အတည် ပါပဲ၊ ပါတီက စုပေါင်းဆုံးဖြတ်ပြီးရင်တော့ အားလုံးလိုက်ပြီးတော့ လုပ်ကြရမှာပဲ”ဟု ဦးဌေးဦး က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက မဲအပြတ်သတ် အနိုင်ရရှိသွားပြီးနောက် ၂၀၁၂ မေလ လယ်ပိုင်းက ကြံ့ခိုင်ရေး ပါတီ၏ ပြုပြင်ပြောင်းလဲရေး တချို့ကို စတင်လာခဲ့သည်။

ယင်းသို့ လုပ်ဆောင်ရာတွင် ရပ်ကျေး အဆင့်မှစ၍ ပြည်နယ်နှင့်တိုင်း အဆင့်များ၌ ပါတီတွင် တာဝန်ထမ်းဆောင်နေသူများကို လူ ထု အတွင်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်သူ၊ အောက်ခြေလူထု ဆန္ဒနှင့် တင်မြှောက်သူများကိုသာ ပြောင်းလဲ၍ တာဝန် ပေး အပ်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုအဖွဲ့က သဘောထား ရှိကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များထဲတွင် ဦးအောင်သိန်းလင်း၊ ဦးအောင်သောင်းနှင့် ဦးကျော်ဆန်းတို့မှာ နိုင်ငံတော် ပြုပြင် ပြောင်း လဲရေး လမ်းကြောင်းတွင် သဘောထားတင်းမာသူများဟု သတင်းများ ထွက်နေသော်လည်း ပါတီခေါင်းဆောင်များ အကြား စည်းလုံးညီညွှတ်မှု ရှိနေကြောင်း ဦးဌေးဦးက ပြောသည်။

ထို့အတူ ပါတီအတွင်း ခေါင်းဆောင်များ အကြားတွင် ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်းဟူ၍ သဘောထားကွဲလွဲခြင်းမရှိကြောင်း၊ ပါတီ၏ အနာဂတ် ခိုင်မာကျစ်လျစ်ရေးအတွက် အဓိကထား၍ အာရုံစိုက် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီကို အရပ်သားအဖြစ်ပြောင်းထားသော ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ် ပြိုင်ရာ လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ခိုင်ရေး ပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း)ကို အငြင်းပွားဖွယ် ရာ မဲများဖြင့် အနိုင်ရခဲ့သည်။

၂၀၁၂ ဧပြီလ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကြံ့ခိုင်ရေးပါတီက နေရာအများစု အနိုင်ရရှိမည်ဟု မူလ က မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ် ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ခံကာ စစ်အစိုးရက ကျောထောက်နောက်ခံဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံရေး ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ပါတီ အဖြစ် မပြောင်းလဲမီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နာယက အဖြစ် တာဝန်ယူ သကဲ့သို့ စစ်တပ် ထိပ်ပိုင်း အရာရှိများဖြင့် ဦးဆောင်လာခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading