သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း နိုင်ငံတကာမှ ချီးမြှောက်နေချိန်မှာပဲ စိစစ်ရေး တကျော့ပြန်လာပြီဆိုတဲ့ စိုးရိမ်ချက်နဲ့ ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေကတော့ ယခင်ကထက်ပိုပြီး သတိထား ဆင်ခြင်နေရပါတယ်။
ပြီးခဲ့သည့် အင်္ဂါနေ့က အစိုးရချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို မလိုက်နာဘူးဆိုပြီး အပတ်စဉ်ထုတ်သတင်းဂျာနယ် နှစ်စောင်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကြောင့် သတင်းထောက်တွေနဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနအကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
ဇွန်လအကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး မီဒီယာဥပဒေသစ်တခု ပြဌာန်းပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အရင်ကပြောခဲ့တာမို့ အခုဆို အလိမ်ခံရသလို ခံစားရကြောင်း သတင်းထောက်တဦးဖြစ်သူ ကိုသူရမျိုးက ပြောပါတယ်။
“မီဒီယာဥပဒေသစ်ဆိုတာလည်း မမြင်ရသေးဘူး၊ ဂျာနယ်တွေလည်း ပိတ်ခံရတယ်ဆိုတော့ ကျနော်တို့ကို ခြိမ်းခြောက်ဖို့ စာပေစိစစ်ရေးမှာ အာဏာ ဆက်ရှိနေဆဲဆိုတာကို ပြတာပဲ” လို့လည်း ပြောပါတယ်။
The Voice နဲ့ Envoy ဂျာနယ်တွေမှာ ထူးထူးခြားခြား နစ်နာမှုမရှိနိုင်တဲ့ ဝန်ကြီးအပြောင်းအလဲသတင်း၊ မီဒီယာလွတ်လပ်ခွင့်ကို သရော်ထားတဲ့ ကာတွန်းနဲ့ တရုပ်နိုင်ငံ Southern Weeken ဂျာနယ်မှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးဘာသာပြန် စတဲ့သတင်းများ ထည့်သွင်းဖော်ပြတာကြောင့် အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
စာပေစိစစ်ရေးမှူးချုပ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကတော့ အဲဒီဂျာနယ်တွေဟာ စာပေစိစစ်ရေးအဖွဲ့ထံ သတင်းများ မတင်ပြဘဲ ထုတ်ဝေခြင်း အပါအဝင် စာပေစိစစ်ရေးရဲ့ သတ်မှတ်ချက် တော်တော်များများကို ချိုးဖောက်ခဲ့တာကြောင့် အခုလို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သီချင်း၊ ပုံနှိပ်စာ၊ ရုပ်ရှင် သို့မဟုတ် အနုပညာလက်ရာ ဖန်တီးမှုတွေကို အစိုးရရဲ့ ခွင့်ပြုချက် ယူနေရတာ ရာစုနှစ်ဝက်ကြာနေခဲ့ပါပြီ။
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး မနှစ်ကစလို့ မီဒီယာတွေကို ဖြေလျော့ပေးမှု တချို့ရှိလာခဲ့ပါတယ်။ သတင်းတွေကို ပုံမှန်အတိုင်း တင်ပြစရာ မလိုတော့တာ၊ အပတ်စဉ်ထုတ် စာစောင်တချို့ဆို စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက် မယူဘဲနဲ့တောင် ထုတ်ဝေတာ အထိ ဖြစ်လာခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် အမျိုးသမီးအယ်ဒီတာတဦးက စာပေစိစစ်ရေးကို တင်သင့်မတင်သင့် ဆုံးဖြတ်ရာမှာ အယ်ဒီတာအဖွဲ့က ကိုယ်ပိုင် တာဝန်ခံရတယ်လို့ ပြောပါတယ်။
“သတင်းတပုဒ်က အစိုးရမူဝါဒနဲ့ မဆိုင်ဘူးဆိုရင် စာပေစိစစ်ရေးကို မတင်ဘဲ ဒီအတိုင်း ထုတ်လိုက်တယ်။ နိုင်ငံရေးအရ အတိမ်းအစောင်းမခံတဲ့ သတင်းမျိုးဆိုရင်တော့ စာပေစိစစ်ရေးကို တင်ပြတယ်။ စိစစ်ရေးကို မဖြတ်လို့လည်း ကျမတို့ သတိပေးခံရဖူးတယ်” တဲ့။
စာပေစိစစ်ရေးဟာ ဘက်လိုက်ပြီး ပုံသေ တသမတ်တည်းမရှိလို့ သူက ဆက်ပြောပါတယ်။ သတင်းတပုဒ်ကို ဂျာနယ်တစောင်မှာ ဖော်ပြခွင့်မပေးပင်မဲ့ တခြားစာစောင်မှာ ဖော်ပြခွင့်ပေးတာကြောင့် စာစောင်ထုတ်ဝေသူ တချို့က “သစ္စာဖောက်ခံရတယ်” လို့ ခံစားရတယ်လို့ ဆိုပါတယ်။
“The Voice နဲ့ Envoy ဖြစ်ရပ်မှာ ကြည့်မယ်ဆိုရင် ကျမထင်တာက သူတို့ နောက်ကျ ကျန်ခဲ့မှာ စိုးလို့ ဖြစ်မယ်။ သူတို့သတင်းက အရမ်းကောင်းနေတယ်။ နောက်ပြီး စိစစ်ရေးကို တင်လိုက်ရင်လည်း ဆင်ဆာထိမှာ သူတို့သိတယ်။ ဒါပေမယ့် တခြားသတင်းဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ဒီသတင်းပါလာမယ်ဆိုတာ သူတို့ သိနေတယ်။ အဲဒါကြောင့် သူတို့ စွန့်စားပြီး လုပ်လိုက်တာ နေမှာ” လို့ ပြောပါတယ်။
ဂျာနယ်နှစ်စောင်ပိတ်ပင်ခံရတာကြောင့် မြန်မာ့မီဒီယာလောက တုန်လှုပ်သွားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနအပေါ် မယုံကြည်မှု ထပ်တိုးလာပါတယ်။
“အခုဆို နောက် ဘယ်သူ့အလှည့်လဲ၊ ငါ့အလှည့်ကော ဘယ်တော့လဲ ဆိုတာကို ကျနော်တို့ တွေးပူနေရပြီ” လို့ အပတ်စဉ်ထုတ် ဗီးနပ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တခြားဝန်ကြီးဌာနတွေ ရှေ့တိုး ဆောင်ရွက်နေချိန် ပြန်ကြားရေးဝန်ကြီးဌာနက ဂငယ်ကွေ့ ပြန်ကွေ့သလို ဖြစ်နေတယ်လို့ ကိုသူရမျိုးကလည်း ထောက်ပြပါတယ်။
“ပြည်ထဲရေးဝန်ကြီးဌာနဆို အများကြီး ပြောင်းသွားတယ်။ ရဲစခန်းတွေက အခုဆိုရင် ကျနော်တို့ မေးတာတွေကို ဖြေဖို့ အသင့်ပဲ။ အရင်က ဆက်ဆံရေးနဲ့မတူတို့ဘူး။ ကျနော်တို့ကို တံခါးဖွင့်ပေးတယ်။ ဒါပေမယ့် စာပေစိစစ်ရေးရဲ့ လုပ်ရပ်တွေကတော့ အခုထိ မှားနေတုန်းပဲ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် အဓိကရုဏ်းတွေ စဖြစ်ကတည်းက မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ သတင်းစာလွတ်လပ်ခွင့်ဟာ တရှိန်ထိုး ကျဆင်းသွားတယ်လို့ စာနယ်ဇင်းလောကက မြင်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ စဖြစ်စေခဲ့တဲ့ ရခိုင်အမျိုးသမီး အလောင်း ဓါတ်ပုံကို ပုံနှိပ်ဖော်ပြခဲ့တာကြောင့် လျှပ်တပြက်ဂျာနယ်ကို ဇွန်လထဲမှာ ထုတ်ဝေခွင့် ပိတ်ခဲ့ပါတယ်။ အစိုးရက ဒီဗုဒ္ဓဟူးနေ့က ထုတ်ဝေခွင့် ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ ဂျာနယ်က တရားရုံးမှာ တရားရင်ဆိုင်နေရဆဲပါ။
ကြာသပတေးနေ့ကတော့ ယခင်စစ်အစိုးရလက်အောက် အိပ်မက်ပင် မမက်ဖူးတဲ့ ရှားရှားပါးပါး တုံ့ပြန်ချက်တခု ဖြစ်ပေါ်ခဲ့ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်နိုင်မယ့် ကော်မတီတခု ဖွဲ့ဖို့ ရန်ကုန်က သတင်းထောက် ၉ ၂ ဦး စုစည်းခဲ့ကြပါတယ်။
အပိတ်ခံရတဲ့ ဂျာနယ်နှစ်စောင်ကို ဆက်လက်ထုတ်ဝေခွင့်ပြုပေးဖို့၊ သတင်းထောက်တွေကို ကာကွယ်ပေးဖို့၊ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို အာမခံဖို့၊ ပုံနှိပ်မီဒီယာဥပဒေမူကြမ်းရေးဆွဲရာမှာ သတင်းစာသမားတွေ ပါဝင်ခွင့်ပြုဖို့ အစိုးရထံ တောင်းဆိုထားတဲ့ ကြေညာချက်တစောင်ကို သတင်းလွတ်လပ်ခွင့်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
“လျှပ်တပြက်ဂျာနယ် အပိတ်ခံရတုန်းက ကျနော်တို့ဘက် တုံ့ပြန်မှု လုံးဝမရှိခဲ့တဲ့အတွက် စာပေစိစစ်ရေးက ကျနော်တို့အပေါ် တင်းကြပ်လို့ ရမယ်လို့ ထင်ပုံရတယ်။ သူတို့မှားတယ်ဆိုတာ အခု ကျနော်တို့သက်သေပြလိုက်ပြီ” လို့ ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်သက်ထွေးက ပြောပါတယ်။
ကော်မတီဟာ မီဒီယာလွတ်လပ်ခွင့်ကို အလေးထားတဲ့ သတင်းစာသမားတွေအတွက် “ဘုံရပ်တည်ချက်တခု” အဖြစ် ရှိသွားမယ်လို့ ကိုသာလွန်ဇောင်းထက်ကလည်း ပြောပါတယ်။
ကော်မတီရဲ့ ကြေညာချက်ကို သမ္မတရုံး၊ လွှတ်တော်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေဆီ ရှေ့အပတ်မှာ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ တောင်းဆိုချက်တွေကို ဂရုမစိုက်ဘူးဆိုရင် ရှေ့ဆက် လုပ်ဆောင်သွားမယ့်အစီအစဉ်တွေ ရှိပါတယ်။ အခုချိန်မှာတော့ အဲဒီအစီအစဉ်တွေကို ကျနော်တို့ ထုတ်မပြောပါရစေနဲ့” လို့ ကော်မတီအဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။
ကော်မတီက ဆုံးဖြတ်သလို လိုက်လုပ်ဖို့ တခြားသတင်းထောက်များနည်းတူ အဆင်သင့်ပဲလို့ ကိုသူရမျိုးက ဆိုပါတယ်။ “ကျနော်တို့အခွင့်အရေးတွေကို ကျနော်တို့ကာကွယ်ရမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ကျနော်တို့အတွက်ပဲ မဟုတ်ပါဘူး။ အားလုံးအတွက်ပါ” လို့ သူက ဖြည့်ပြောသွားပါတယ်။
Media Backlash to Censorship Begins ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။