သတင်းလွတ်လပ်ခွင့် ကော်မတီ၏ လှုပ်ရှားမှု သတင်းများကို ဂျာနယ်များတွင် မဖော်ပြကြရန် စာပေစိစစ်ရေးက ပိတ်ပင် လိုက်သဖြင့် သတင်းဂျာနယ်များက ဂျာနယ်မျက်နှာဖုံးများကို အမည်းရောင် ခြယ်သ ထုတ်ဝေကြ ခြင်းဖြင့် ဆန္ဒထုတ်ဖော် လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင် သြဂုတ်လ ၄ ရက်နေ့က စတင်သော သတင်းလွတ်လပ်ခွင့် ကော်မတီ၏ The Voice နှင့် Envoy ဂျာနယ် နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရရှိရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားမှု သတင်းများကို ဖော်ပြခွင့်အတွက် ဂျာနယ် များက စာပေစိစစ်ရေးကို တင်ပြကြသော်လည်း ယင်းသတင်းများကို ဖော်ပြခွင့်မပြုဟု စာပေစိစစ်ရေးက အသိပေး အကြောင်းကြား လာကြောင်း၊ တချို့သတင်းဂျာနယ်များက စာပေစိစစ်ရေး၏ တားမြစ်မှုကို မလိုက်နာတော့ဘဲ သတင်းများ ထည့်သွင်း ဖော်ပြကြသကဲ့သို့ တချို့ သတင်းဂျာနယ်များကလည်း ဂျာနယ်မျက်နှာဖုံးများကို အမည်းရောင်များဖြင့် ခြယ်သပြီး သတင်းလွတ်လပ်ခွင့် မရှိကြောင်း ဆန္ဒ ထုတ်ဖော်လိုက်ကြကြောင်း သိရှိရသည်။
“ဂျာနယ်တချို့ ကတော့ တိုင်ပင်မှုမရှိဘဲ သူတို့ဟာသူတို့ မျက်နှာဖုံးတွေကို အမည်းရောင်တွေနဲ့ ထွက်လာကြတယ်။ တခါမှ အဲဒီလိုမျိုး မဖြစ်ဖူးသေးဘူး။ တော်တော်ကို ထူးထူးခြားခြားပါပဲ” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) မှ သတင်းထောက် တဦးက ပြောသည်။
လတ်တလော Messenger ဂျာနယ်က မျက်နှာပြည့် အမည်းရောင် မျက်နှာဖုံးဖြင့် လည်းကောင်း၊ The Nation ဂျာနယ်က
မျက်နှာဖုံးတွင် ရောင်စုံ မသုံးတော့ဘဲ အမည်းနှင့် အဖြူရောင် နှစ်မျိုးဖြင့် လည်းကောင်း သတင်းများ ရေးသားဖော်ပြခြင်း၊
The Express Time ဂျာနယ်က ခွင့်ပြုချက်မရသော သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှုဓာတ်ပုံများကို မျက်နှာဖုံးတွင်
ဖော်ပြခြင်းဖြင့် လည်းကောင်း ထွက်ရှိလာပြီး ဆက်လက်ထွက်ရှိမည့် ဂျာနယ်တချို့သည်လည်း မျက်နှာဖုံးတွင် အမည်းရောင် များများ အသုံးပြု၍ ထွက်ရန်ရှိကြောင်း သိရှိရသည်။
တချို့ ဂျာနယ်များကမူ ခွင့်ပြုချက်မပေးသော သတင်းလွတ်လပ်ခွင့် ကော်မတီမှ သတင်းထောက်များ၏ လမ်းလျှောက် လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို ဝေဝေဆာဆာဖြင့် ဖော်ပြကြပြီး စာပေစိစစ်ရေးက မည်သို့မည်ပုံ အရေးယူမည်ကို
ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းသမားများက ဆိုသည်။
သတင်းလွတ်လပ်ခွင့် ကော်မတီကမူ သြဂုတ်လ ၁ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် အချက် ၇ ချက်ပါ ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် သတင်းဂျာနယ်များကို ထပ်မံအရေးယူခြင်း မပြုရန် တောင်းဆို ထားသည်။
သတင်း လွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးဇော်သက်ထွေးကမူ ကော်မတီ အနေဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားမှုများ ရရှိရေး လက်မှတ်များ စုဆောင်းနေကြောင်း၊ စာပေစိစစ်ရေး အနေဖြင့်
သတင်းဂျာနယ်များကို ထပ်မံအရေးယူလာပါက လှုပ်ရှားမှုများ အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော် ဥက္ကဋ္ဌတွေနဲ့ သက်ဆိုင်ရာတွေဆီကို ပို့မယ်။ သြဂုတ်လ ၉ ရက် နောက်ပိုင်း ပို့ဖြစ်ပါမယ်” ဟု ဦးဇော်သက်ထွေးက ရှင်းပြသည်။
သတင်းလွတ်လပ်ခွင့် ကော်မတီသည် အဓိကအားဖြင့် သတင်းလွတ်လပ်ခွင့် ရရေးကို အဓိက ထားမည်ဖြစ်ပြီး အဖွဲ့အစည်း၊ မီဒီယာ မခွဲခြားဘဲ စည်းလုံးညီညွတ်မှုဖြင့် တောင်းဆိုမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် သတင်း မီဒီယာများ အားလုံး လက်ခံနိုင်သော မီဒီယာဥပဒေ ပေါ်ထွန်းရေးကိုလည်း ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်
ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီဝင် ကိုသာလွန်ဇောင်းထက်က ဆိုသည်။
“သတင်းလွတ်လပ်ခွင့် ကော်မတီမှာ ခေါင်းဆောင်ရယ်၊ အဖွဲ့ဝင်ရယ် ဆိုတာမျိုး ခွဲခြားမထားဘူး။ သတင်းသမား အားလုံးက
ဦးဆောင်သူတွေ ချည်းပဲ။ သတင်းလွတ်လပ်ခွင့် အတွက် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဖို့် အဓိကထားတယ်။ မီဒီယာ ဥပဒေကလည်း စစ်မှန်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာမခံတဲ့ ဥပဒေဖြစ်ဖို့ လွှတ်တော် အမတ်တွေ၊ ဥပဒေ ပညာရှင် တွေ အားလုံးနဲ့ ညှိနှိုင်း သွားဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။
သတင်းမီဒီယာ သမားများ၏ လှုပ်ရှားမှုများသည် ပြည်တွင်းမီဒီယာ အသိုင်းအဝန်းတွင် သာမက စာပေအနုပညာရှင် အသိုင်းအဝန်း၊ နိုင်ငံရေး အသိုင်းအဝန်း စသည့် တခြားသော အသိုင်းအဝန်းများ၏ ထောက်ခံမှုများပါ ရရှိနေသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းလွတ်လပ်ခွင့် အတွက် လှုပ်ရှားမှုများကို ကြိုဆိုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။
“ဒါ လူကြီးလူကောင်း ကတိဖျက်တာ။ ဒီအချိန်မှာ စာနယ်ဇင်း လွပ်လပ်ခွင့် ပေးမယ်ဆိုပြီး ဒီလိုလုပ်တာ ကတိဖျက်တာပဲ။ အခု ခင်ဗျားတို့ လုပ်တာက သဘာဝကျတယ်။ နောက်တခုက တရားရုံးရဲ့ အမိန့်ကိုတောင် မစောင့်နိုင်ဘဲ နှုတ်မိန့်နဲ့ ပိတ်တာကနေ အစရှိ အနောင်နောင် ဖြစ်သွားလိမ့်မယ်။ နောက်ဆို ခင်ဗျားတို့ကို ဆက်ပြီး နှိပ်ကွပ် သွားလိမ့်မယ်။ မီဒီယာ သေရင် ဒီမိုကရေစီပါ လိုက်သေမှာပဲ။ ဒါကြောင့် ဒီမိုကရေစီ အသေမခံနိုင်တဲ့အတွက် ဒီနေရာကိုလာပြီး ခင်ဗျားတို့နဲ့ ရပ်တယ်၊ ခင်ဗျားတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုလုပ်မယ်။ ခင်ဗျားတို့ကြိုက်တဲ့ ပုံစံကိုပြောပါ။ ကျနော်တို့ကတော့ နောက်ကြောင်း ပြန်လှည့်တာမျိုး မဖြစ်အောင် ထိန်းရမယ်ပေါ့၊ အသိဉာဏ်နဲ့ ထိန်းရမယ်ပေါ့ဗျာ။ ဒါပေမယ့် ရဲရဲရင့်ရင့် လက်ခံတာမျိုး လုပ်မယ်။ကျနော်တို့ ၈၈ ကလည်း ခင်ဗျားတို့နဲ့ တရားမျှတမှုအတွက် အမြဲရှိနေပါတယ်လို့ ကတိပေးပါတယ်” ဟု ကိုမင်းကိုနိုင်က သြဂုတ် ၄ ရက်နေ့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသော သတင်းသမားများကို လာရောက်အားပေးစဉ် ပြောသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကလည်း သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောဆိုသည်။
“လုပ်ရမယ်။ ခင်ဗျားတို့ လုပ်သင့်တယ်။ ဒီမိုကရေစီ မှန်ရင်တော့ လွတ်လပ်ခွင့်ရှိရမယ်။ ခင်ဗျားတို့လုပ်တာ ကောင်းတယ်။ ကျနော်တို့ကလည်း လွွှတ်တော်ထဲကနေ တတ်နိုင်သလောက် လုပ်မယ်” ဟု ဒေါက်တာအေးမောင်က ရှင်းပြသည်။
ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာသမားများ ပါဝင်ခြင်းမရှိဘဲ စိတ်ကြိုက် ရေးဆွဲထားသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို မကြာမီ လွှတ်တော်သို့ တင်ပြသွားရန် ရှိကြောင်း သိရှိရသည်။