သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်အရ မြန်မာနိုင်ငံသို့ ပြန်လိုသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင်း ခိုလှုံနေကြသော မြန်မာနိုင်ငံသားများ အနေဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး တွင် ပြည်ဝင်ခွင့် လျှောက်လွှာများ လျှောက်ထား တင်ပြထားသော်လည်း ပြန်ခွင့် မရနိုင်သေးကြောင်း သိရသည်။
ပြန်တော်ပြန်နိုင်ရန် လိုအပ်သည့် ထောက်ခံချက်များကို သက်ဆိုင်ရာ မိဘ ဆွေမျိုးများက လက်မှတ်ထိုး ထောက်ခံ ပေးလိုက်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ပြည်ဝင်ခွင့် မရသေးကြောင်း ကော့စ်ဘာဇာမြို့တွင် နေထိုင်လျှက်ရှိသည့်
ရခိုင် တိုင်းရင်းသား တဦးဖြစ်သူ ကိုနိုင်နိုင်က ပြောသည်။
“ကျနော် လျှောက်ထားတာ ၅ လလောက်ရှိပြီ။ ကျနော့်ရဲ့ လက်ရှိ အခြေအနေ ကတော့ နောက်ဆုံးအဆင့်အထိ ပြီးစီးနေပြီ။ နောက်ဆုံး လက်မှတ်ထိုးရမှာတွေ ကိုလည်း လက်မှတ်ထိုး ပေးလိုက်ပြီးပြီ။ ကျနော့်အမေက လက်မှတ်ထိုးပေး ထားတာပါ” ဟု သူက ဆိုသည်။
လက်ရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာခရိုင် ဘာလူကြာရွာ ဘုန်တော်ကြီး ကျောင်းတွင် သာသာနာပြုနေပြီး သံရုံးတွင် ပြည်ဝင်ခွင့် လျှောက်ထားသည့် ဆရာတော် ဦးသြဘာသ ကလည်း ၎င်း၏ နေအိမ်က မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရုံးတွင်
မှန်ကန်ကြောင်း လက်မှတ်ထိုး၍ ပို့ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောသည်။
လျှောက်လွှာ တင်ပြထားသူများ အနေနှင့် သံရုံးက ပို့ပေးသည့် “PERSONAL DATA” ခေါင်းစဉ် တပ်ထားသည့် ကိုယ်ရေး အချက်အလက် ပုံစံ စာရွက်တွင် နိုင်ငံခြားသို့ ရောက်ရှိလာရသည့် ကိုယ်ရေး ဖြစ်စဉ်အကျဉ်း၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊
မြန်မာပြည်မှ ထောက်ခံနိုင်မည့် သူများ၏ အချက်အလက်များကို ဖြည်စွက်ရသည့် အပြင် ကတိခံဝန်ချက်ဆိုသည့် ပုံစံ စာရွက်တွင်လည်း လက်မှတ် ရေးထိုးကြရသည်။
ကတိခံဝန်ချက် ပုံစံတွင် နိုင်ငံတော်အား အကြည်ညိုပျက်စေသည့် အပြုအမှုနှင့် အပြောအဆိုများကို ရှောင်ကျဉ်ရန်၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု၊ လှုံ့ဆော်မှု၊ ရေးသား ဖြန့်ဝေမှုများ မပြုလုပ်ရန်၊ တရားမဝင် အဖွဲ့အစည်းများနှင့် အဆက်အသွယ် မပြုရန်၊ အဖျက်အမှောင့် လုပ်ရပ်များ ရှောင်ရှားရန်၊
နိုင်ငံတော်၏ သစ္စာကို စောင့်သိ၍ ဥပဒေဘောင်အတွင်း လေးစားစွာ နေထိုင်ရန် စသည့် အချက် ၄ ချက်ကို လက်ခံကြောင်း လက်မှတ်ရေးထိုး ကြရသည်ဟု သိရသည်။
ကိုနိုင်နိုင်က မြန်မာ အစိုးရအနေဖြင့် နိုင်ငံတကာရောက် မြန်မာများ ပြည်တော်ပြန်ရန် ဖိတ်ခေါ်သော်လည်း အားလုံးကို တပြေးညီ မဟုတ်ဘဲ ရွေးချယ် ခေါ်ယူနေသည်ဟု ထင်ကြောင်း၊ ထိုကဲ့သို့သော လုပ်ရပ်မှာ ရိုးသားသည်ဟု မဆိုနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ မြန်မာများကို အကြောင်း တခုခုကြောင့် မခေါ်ဘဲ ချန်လှပ်ထားသည်ဟု ထင်ကြောင်း ပြောသည်။
“တခြားနိုင်ငံတွေ ရောက်နေတဲ့ မြန်မာတွေ ပြန်လို့ရတယ်။ ဘင်္ဂလာဒေ့ရှ်က ကျနော်တို့ ကျတော့ တယောက်မှ ခွင့်မပြုသေးဘူး။ အဲဒါ ဘာကြောင့်လဲလို့ စဉ်းစားလို့မရ ဖြစ်နေတယ်” ဟု သူက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် မြန်မာသံရုံးမှ ဝန်ထမ်းများက ပြည်ဝင်ခွင့် လျှောက်ထားသူများ၏ အခြေအနေကို မြန်မာ အစိုးရ တာဝန်ရှိသူများထံ တင်ပြထားကြောင်း၊ လဝက ဘက်က လျှောက်ထားသူတို့၏ လိပ်စာများကို စုံစမ်းဦးမည် ဖြစ်ကြောင်း၊ လဝက ဘက်က စုံစမ်းပြီးမှ သမ္မတရုံးသို့တင်ကာ သမ္မတရုံးမှ ကျလာလျှင် အခြေအနေ သိရမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ အနေအထားအရ အဖြူအမည်း မသဲကွဲသေးကြောင်း ပြောဆိုသည်ဟု သံရုံးကို ဆက်သွယ်စုံစမ်းသူများ၏ အဆိုအရ သိရသည်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံ ရောက်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲမှုအပေါ် စိတ်ဝင်စားမှုဖြင့် ပြန်ချင်သူများ ရှိသကဲ့သို့၊ မိဝေး၊ ဘဝေး၊ ဆွေးမျိုးသားချင်းများ မရှိဘဲ ကျန်းမာရေး ချို့ယွင်းမှုကြောင့် ပြန်ချင်သူများလည်း ရှိကြောင်း ပြည်တော်ပြန်ခွင့် လျှောက်ထားသူများက ပြောသည်။
ပြည်တော်ပြန်ခွင့် လျှောက်ထားသူ သက်တော် ၆၀ နီးပါးရှိပြီဖြစ်သည့် ဆရာတော် ဦးသြဘာသက “ဗမာပြည် ပြန်ချင်တဲ့ အကြောင်းက အသက်အရွယ်လည်း ကြီးလာပြီ၊ ခြေတဘက်ကလည်း အားမရ၊ လမ်းမလျှောက်နိုင် ခြေအကြောတွေ နာတယ်၊ တော်တော်လေး အခက်အခဲ ရှိတယ်။ အဲဒီအတွက်ကြောင့် ပြန်ချင်တာပါ” ဟု မိန့်သည်။
“ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများ ပြန်လာရေး အတွက် တိကျသည့် ပြဌာန်းချက်တရပ် သို့မဟုတ် ဥပဒေ တရပ် ရေးဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ” ဆိုသော မေးခွန်းကို ဇူလိုင်လ ၂၄ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ မှ ဦးစံထွန်းက မေးမြန်းခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း
ပြန်လည် ဖြေကြားခဲ့သည်။
အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အတွင်း ဝင်ရောက် နေထိုင်နေသူ ဗမာ၊ ရခိုင်၊ ချင်း စသည့် တိုင်းရင်းသား ၁၀၀၀၀ ကျော် ရှိနေပြီး ၎င်းတို့အနေဖြင့် နိုင်ငံ၏မြို့တော် ဒါကာနှင့် စစ်တကောင်းမြို့များ အပြင် ဘန်တရိုဘန်၊ ရန်ဂါမတီ၊ ခါခရာဆိုးရီ၊ ကော့စ်ဘာဇာခရိုင်တို့တွင် မီတင်း နေထိုင်လျှက်ရှိကြသည်။ ၎င်းတို့အနက် မြန်မာနိုင်ငံသား ရာဂဏန်းခန့်ကိုသာ ဒါကာရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိမှတ်ပြု ထားသည်။
ကိုနိုင်နိုင်က “အခုအထိ အခြေအနေမကောင်းဘူး။ ဘင်္ဂလာဒေ့ရှ်အစိုးရက ပေးထားတဲ့ အသက်ပဲ ရှိတယ်။ မကောင်းဘူး ဆိုတာက လုံးဝ အပြင်ကိုမထွက်နိုင်တဲ့ အခြေအနေရှိတယ်။ အခု ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ပိုင်းမှာ ကျနော်တို့ စိတ်ချလက်ချ သွားလာလို့ မရဘူး။ အဲဒါကြောင့် မြန်မြန်ပြန်ချင်တာ” ဟု ဆိုသည်။