သတင်း

ဒေါက်တာ စင်သီယာမောင်နှင့် ကျန်းမာရေး ဝန်ကြီးဌာန အဖွဲ့များတွေ့ဆုံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို တာဝန်ယူ ကူညီ ပေး နေသည့် ဒေါက်တာ စင်သီယာမောင်နှင့် အစိုးရ ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်များ ယမန်နေ့က တွေ့ဆုံကြသည်။

အစိုးရ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆရာဝန်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၏ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ဝေဝေသာတို့ အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ၏ မယ်တော်ဆေးခန်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဒေါက်တာ ဒေါ်ဝေဝေသာသည် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း တာဝန်ရှိသူ တဦးလည်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာ၌ မယ်တော်ဆေးခန်းတွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံသား ကလေးငယ်များကို မြန်မာနိုင်ငံသား မွေးစာရင်း လုပ်ပေးနိုင်ရေးနှင့် မယ်တော် ဆေးခန်း၏ နယ်စပ် ကျန်းမာရေး လုပ်ငန်းစဉ်တချို့ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်သွယ် လုပ်ဆောင်နိုင်ရေးများကို ဆွေးနွေးကြောင်း ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။

“ထိုင်း-မြန်မာနယ်စပ် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့်တော့ မဲဆောက်ဆေးရုံ၊ မြဝတီဆေးရုံနဲ့ ဒီ မယ်တော် ဆေးခန်းမှာ လူနာတွေကို လွှဲပြောင်းတဲ့ စနစ်နဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းမွန်မွန်ပုံပေါ်လာဖို့နဲ့ နယ်စပ်မှာ ကူးစက် ရောဂါ ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ပေါ့၊ ထိုင်းနိုင်ငံမှာမွေးတဲ့ ကလေးတွေ မြန်မာနိုင်ငံမှာ မွေးစာရင်း ပြန်လုပ်နိုင်ရေးတို့ အဲဒါတွေဆွေးနွေးဖြစ်ပါတယ်”ဟု ဒေါက်တာ စင်သီယာမောင်က ပြောပြသည်။

အဆိုပါကိစ္စရပ်များကို အကြမ်းဖျင်း ဆွေးနွေးခဲ့ကြခြင်းသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရေးအတွက် အသေးစိတ် ဆက်လက် ညှိနှိုင်း လုပ်ဆောင်ကြရဦးမည် ဖြစ်သည်ဟုလည်း ဆိုသည်။ မယ်တော်ဆေးခန်း၏ စာရင်းများအရ ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်း၌ပင် ကလေးမွေးစာရင်း လုပ်ပေးထားသူ ၂၀၆၆၁ ဦး ရှိကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှု စတင်အကောင်ထည်ဖော်မည့် အချိန် အတိအကျ မရှိသေးသော်လည်း အမြန်ဆုံးလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ က သတင်းထောက်များကို ပြောသည်။

“ပထမတခေါက် ဝန်ကြီးဦးအောင်မင်းနဲ့လာတုန်းက ကျနော်လည်းပါတယ်၊ အဲဒီတုန်းက သူတို့ဘက်က တင်ပြထားတာတွေ ရှိပါတယ်။ အရေးပေါ်ဖြစ်လာတဲ့ လူနာတွေကို မြဝတီဆေးရုံကို ရွှေ့ပြောင်းကုသဖို့ အဆင်ပြေအောင်၊ နောက် ဒီမှာ မွေးစာရင်းမဲ့နေတဲ့ ကလေးတွေအတွက် ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဟိုဘက်က ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်တဲ့ ဟာတွေ တခါပြန်ပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ”ဟု သူက ပြောဆိုသည်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မယ်တော်ဆေးခန်းရှိ ဆေးဝန်ထမ်းများကို ပြည်တွင်းတွင် တရားဝင် လုပ်ကိုင်နိုင်ရေး အတွက် အစိုးရအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သကဲ့သို့ မယ်တော်ဆေးခန်း၊ မဲဆောက် ဆေးရုံကြီးတို့နှင့် ပူးတွဲလုပ်ဆောင်နိုင်ရေး အတွက် မြဝတီ ဆေးရုံကို တိုးချဲ့ဆောက်လုပ်သွားမည်ဟု သတင်းထောက်များကို ပြောသည်။

“ဒီဆေးခန်းမှာ တက်နေတဲ့ လူတွေကလည်း မြန်မာနိုင်ငံက တိုင်းရင်းသားတွေချည်းပဲ၊ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စ နိုင်ငံ တော်ရဲ့အစိုးရ ကိစ္စဖြစ်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ကလာပြီးတော့ ဆရာမကြီးကို အားပေးတယ်၊ လိုအပ်ချက်တွေကို လုပ်ပေး မယ်၊ နောက်ပိုင်း ဆရာမကြီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်”ဟု ဦးအောင်မင်း က ဆိုသည်။

ဦးအောင်မင်း၏ ဇနီး ဒေါက်တာ ဒေါ်ဝေဝေသာ က မယ်တော်ဆေးခန်း အတွက် ဘတ်ငွေ ၁ သိန်း လှူဒါန်းသွားကြောင်း လည်း သိရသည်။

ဝန်ကြီးဦးအောင်မင်းက ကျန်းမာရေးစောင့်ရှောက်မှု ပူးတွဲဆောင်ရွက်ရေးကိစ္စများကို ၂ လအတွင်းလုပ်ဆောင်နိုင်မည်ဟု ပြော ဆိုခဲ့ရာ မဲဆောက်မြို့တွင်နေထိုင်သူ တဦးကမူ“မြဝတီမှာ ဒီလိုအခြေအနေဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး၊ ဒီမှာ လာကုတဲ့ လူနာတွေက၊ ပြည်တွင်းမှာ အားကိုးမရလို့ ဒီဆရာမ ဆေးခန်းကိုလာကု ကြတာ”ဟု ပြောဆိုသည်။

ထိုင်း ဆေးရုံနှင့် မြဝတီ ဆေးရုံတို့တွင် ဆက်စပ်ဆောင်ရွက်နိုင်သည့် လူနာ လွှဲပြောင်းမှုစနစ်၊ ကျန်းမာရေးစနစ် ကောင်းမွန်လာရေး မယ်တော် ဆေးခန်းအနေဖြင့်လည်း လက်ရှိ ကျန်းမာရေးဆိုင်ရာကဏ္ဍတချို့ကို အားဖြည့် ကူညီပံ့ပိုးမှုများဖြင့် လက်တွဲ ဆောင်ရွက် သွားမည်ဟု သိရသည်။

ထိုသို့ ပူးပေါင်းလုပ်ဆောင်ရာတွင် ကဏ္ဍစုံအလိုက် ရွှေ့ပြောင်း လုပ်နိုင်ဦးမည် မဟုတ်သေးသော်လည်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးမှုအလိုက် မယ်တော်ဆေးခန်း၏ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတချို့ကို ရွေ့ပြောင်းလုပ်ဆောင်သွားနိုင်ပြီး ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ သားများ အတွက်လည်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်သွားမည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောဆိုသည်။

“ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကျန်းမာရေးစနစ်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ လက်မှတ်မရှိတဲ့ အလုပ်သမားတွေ၊ ကျန်းမာရေး အာမခံ မရှိတဲ့ သူတွေအတွက် ဆောင်ရွက်နိုင်တဲ့ အစီအစဉ်တွေ ပိုပြီးတော့ ကောင်းမွန်လာအောင်၊ ပြည်တွင်းထဲမှာဆိုရင်လည်း မြန်မာပြည်သားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ ပိုပြီးတော့ အားကောင်းလာအောင် လုပ်ဖို့ရှိပါတယ်”ဟု ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။

မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်သည်။ မယ်တော်ဆေးခန်းသို့ လာရောက်ဆေးကုသသူ နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

ဆေးခန်းတွင် မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာ အလုပ်သမားများနှင့် ထိုင်း-မြန်မာနယ်စပ် ဒေသခံများ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန် ပြည်နယ်သာမက ရန်ကုန်၊ မန္တလေးဘက်မှ အရေးပေါ်လူနာများ၊ နာတာရှည်ရောဂါသည်များ စသည့် လူနာများ လစဉ် လာရောက်၍ ဆေးကုသမှု ခံယူကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading