ရခိုင်ပြည်နယ်တွင်း အခြေအနေများ ပုံမှန်ဖြစ်နေပြီဟု အစိုးရက ပြောဆိုနေသော်လည်း ကျောက်တော်မြို့နယ်ရှိ ကျေးရွာ တချို့ ၌ မီးရှှို့ခံရခြင်း၊ ဆန်စက်ရှိ ဆန်၊ စပါးများ လုယက်ခံရခြင်း တို့ ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ကျောက်တော်မြို့နယ် တောင်ပေါက် ကျေးရွာရှိ ရခိုင်အမျိုးသား ဦးအောင်လှဇံ ၏ ဆန်စက်မှ ဆန်အိတ်များ၊ စပါးများ ကို အဓမ္မ ဝင်ရောက်လုယူခြင်း ခံရသည့်အပြင် ဆန်စက်လည်း မီးရှှို့ခံရကြောင်း ဒေသခံများက ပြော သည်။
“ဦးအောင်လှဇံရဲ့ ဆန်စက် က ဆန်အိတ် ၄၀၀ ဝန်းကျင် အပြင် စပါးတင်း ထောင်နဲ့ချီ ပြီး လုယူကြတယ်၊ ပြီးရင် ဆန်စက် ကို မီးရှှို့ကြတယ်၊ ဦးအောင်လှဇံတို့ ထွက်ပြေးလို့ လွတ်တယ်၊ ထိခိုက် ဒဏ်ရာရတဲ့သူတော့ မရှိဘူး”ဟု တောင်ပေါက် ရွာသားတဦး က ဧရာဝတီ ကို ပြောသည်။
ဦးအောင်လှဇံ၏ ဆန်စက်သို့ တောင်ပေါက်ရွာခံ ဘင်္ဂါလီ ၅၀ ကျော်က ညာသံပေး၍ အုပ်စုလိုက် ချီတက် လာကြပြီး ဆန်စက်ထဲသို့ ဝင်ရောက်၍ ပစ္စည်းများယူကြပြီး စက်ရုံဝင်းကို မီးရှှို့ကြောင်း၊ စက်ရုံနှင့် အနီးရှိ အဆောင်တချို့ မီးလောင်ပြာ ကျသွားကြောင်း လည်း ၎င်းက ဆက် ပြောသည်။ တောင်ပေါက်ကျေးရွာ၌ ဘင်္ဂါလီလူမျိုးများ အပြင် ရခိုင်လူမျိုးများနှင့် တခြား တိုင်းရင်းသား တချို့ လည်း နေထိုင်ကြောင်း သိရ သည်။
ကျောက်တော် မြို့နယ်အတွင်းရှိ အပေါက်၀ ကျေးရွာတွင်လည်း ယမန်နေ့က မီးရှှို့မှု ဖြစ်ပွားရာ ဒေသခံတိုင်းရင်းသား များ၏ နေအိမ်များ အပြင် ဘင်္ဂါလီလူမျိုးများ၏ နေအိမ် တချို့လည်း မီးလောင်ကျွမ်းပြီး စုစုပေါင်း အိမ်ခြေ ၃၀ ဆုံးရှှုံး သွား ကြောင်း လည်း သိရသည်။
ကျောက်တော်မြို့နယ်၌ ယမန်နေ့က စတင်၍ ပဋိပက္ခ ဖြစ်ပွားမှု တချို့ရှိခဲ့ကြောင်း၊ သို့သော် အခြေအနေ ကို ထိန်းသိမ်းနိုင်ကြောင်း၊ လူသေဆုံးမှု မရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ရခိုင်ဒေသ ပဋိုပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။
“လူသေဆုံးတာ၊ ထိခိုက်တာ မရှိပါဘူး၊ ထိန်းမရလောက်အောင် ဆိုးဝါးတဲ့ အခြေအနေ လည်း မရှိပါဘူး၊ လုံခြုံရေး တာဝန်ရှိ သူတွေက စနစ်တကျ ဆောင်ရွက်နေကြပါတယ်”ဟု ၎င်း က ဆိုသည်။
ကျောက်တော် မြို့နယ် တဝိုက်တွင် စစ်တပ်၊ ရဲတပ်ဖွဲ့များ ပိုမိုချထားသည်ကို တွေ့ရကြောင်း၊ မြို့ပေါ်ရှိ ဈေးများနှင့် ဈေးဆိုင်များကိုလည်း ယနေ့ နေ့လည် ၁၂ နာရီ ခန့်မှ စ၍ ပိတ်ထားသည်ကို တွေ့ရကြောင်း၊ ကျောက်တော်မြို့ သို့ ရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြောသည်။
“မြို့အဝင်မှာ ရှိတဲ့ ဘင်္ဂါလီ ကျေးရွာ တဝိုက် မှာတော့ လုံခြုံရေး အပြည့်ချထားတာ တွေ့ရတယ်၊ တမြို့လုံးလည်း လူသွား၊ လူလာ နည်းပါးတာ တွေ့ရပြီး တိတ်ဆိတ်နေတယ်၊ မနေ့က မီးလောင်တဲ့ အထဲမှာတော့ ရခိုင်အိမ်တွေရော ဘင်္ဂါလီလူမျိုး အိမ်တွေလည်း ပါတယ် လို့ သိရတယ်”ဟု ဦးခိုင်ပြည်စိုး က ဧရာဝတီ ကို ပြောသည်။
မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ ဒေသများနှင့် ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နောက်ပိုင်း တွင် လုံခြုံရေး အခြေအနေများကြောင့် ဈေးများနှင့်ဈေးဆိုင် အများစုကို ပိတ်ထား ခြင်း၊ အရောင်းအဝယ် ကန့်သတ်ထားမှုတို့ ရှိပြီး ယခုအခါ ခိုးမှု၊ လုယက်မှု တချို့ ဖြစ်ပေါ်နေ ကြောင်း ဒေသခံ များက ပြောသည်။
ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသည့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများ ၏ စားဝတ်နေရေး ကိစ္စကို မျှတစွာ ဆောင်ရွက်ပေး နေကြောင်း၊ ဘင်္ဂါလီလူမျိုးများ အတွက်လည်း နေထိုင်စရာ စခန်းများ၊ နေအိမ်များ ဆောက်လုပ်ပေး နေကြောင်း ပြည်နယ် အစိုးရ အာဏာပိုင်များက ပြောကြားသော်လည်း ပြည်ပအခြေစိုက် ရိုဟင်ဂျာအဖွဲ့များက မူဆလင်ဒုက္ခသည်များအနေဖြင့် စားရေရိက္ခာ မလောက်ငှဖြစ်နေကြောင်း ဆိုသည်။
ရခိုင်ဒေသတွင်း အခြေအနေသည် လုံး၀ တည်ငြိမ်အေးချမ်းမှု ရနေပြီဟု ပြည်နယ်အစိုးရ က ပြောဆိုနေပြီး အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တော၊ ဘူးသီးတောင် မြို့နယ်များမှအပ ကျန်ဒေသ များ၏ စာသင်ကျောင်းများ၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကာ စစ်တွေ တက္ကသိုလ်(ပင်မ)အား ယနေ့ စတင်ဖွင့်လှစ်ကြောင်း သိရသည်။