ကချင်ပြည်နယ် မြောက်ပိုင်း ဒေသ ပူတာအိုမြို့နယ်အနီးတဝိုက်ရှိ ကျေးရွာများတွင် စစ်ပွဲကြောင့် စပါး မစိုက်ပျိုး နိုင်သဖြင့် ဆန်ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များ စစ်ဖြစ်ပွားမှု တနှစ်ကျော် ကြာမြင့်ခဲ့သောကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူများသည် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ ရှိနေသည့်အပြင်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိ အခြေအနေအရ ဆန်ပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ကချင်ပြည်နယ် ပူတာအိုတွင် နေထိုင် သည့် ဒေသခံတဦးဖြစ်သူ မလဲ့က ဧရာဝတီသို့ ပြောသည်။
“အဓိက ကတော့ လမ်းတွေ ပိတ်လိုက်တာရယ်၊ စစ်ပွဲကြောင့် ဒေသခံတွေ စိုက်ပျိုးရေးလုပ်ဖို့ ခက်တာတွေ ရယ်ကြောင့် အခုလို ဖြစ်တာပါ။ တချို့ဆိုရင် ထမင်း နပ်မမှန်ကြဘူး။ ဆန်ပြုတ်တောင် သောက်နေရတဲ့ အဆင့်ဖြစ်နေတယ်” ဟု သူက ဆိုသည်။
အဆိုပါ ဒေသများတွင် ဆန်ပြတ်လပ်မှုကြောင့် ဆန်ဈေးများသည် ယခင်ကထက် တဆကျော် မြင့်တက်နေသည့် အပြင် ဒေသခံများ ဆန်ဝယ်ယူရေး အခက်အခဲ ဖြစ်နေကြောင်း၊ တခြားသော စားသောက်ကုန်များလည်း ဝယ်ယူ၍ မရကြောင်း သိရသည်။
ယခင်က ပေါ်ဆန်းမွှေး ဆန်တပြည် ကျပ် ၂ ထောင်ခန့်ရှိရမှ ယခု ကျပ် ၄ ထောင် ပေးဝယ်လျှင်ပင် ဝယ်ယူရေး ခက်ခဲနေကြောင်း ယင်းဒေသခံ အမျိုးသား တဦးက ပြောသည်။
“လမ်းပန်း ဆက်သွယ်ရေးတွေက ခက်တော့ ဘာကုန်ပစ္စည်းမှ မလာဘူး။ ဆန်က အဓိကဆိုတော့ ပိုဆိုးတယ်။ ဆန်ပြတ်တာ တလလောက်ရှိပြီ။ မိသားစု စာရင်းအရ သမ ဆိုင်တွေမှာ တိုကင်နဲ့ ယူပြီး သွားဝယ်နေရတယ်။ အပြင်မှာ ဝယ်ရင် ဈေး အရမ်းကြီးတယ်။ ဝယ်ချင်သလောက်လည်း ဝယ်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုအပြင် မချမ်းဘော မြို့နယ်တွင်လည်း ယခင်နှစ်က ဆန်းစပါး အထွက်နည်းခဲ့ သောကြောင့် ယခုအခါ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့ နေရကြောင်း၊ ယင်း နေရာများသည် နှစ်စဉ် ဆန်ပြတ်လပ်မှု ကြုံရသော်လည်း ယခုနှစ်တွင် ပိုမို ဆိုးရွားကြောင်း သိရသည်။
“စစ်ပွဲကြောင့် လယ်ယာတွေကလည်း ပျက်စီးတာ ရှိတယ်။ တချို့လယ်တွေ ဆိုရင် ပြန်စိုက်ပျိုးဖို့ အတွက် တော်တော်လေး လုပ်ယူရဦးမယ်။ တချို့ နေရာတွေဆိုရင် ပြန်စိုက်လို့တောင် မရနိုင်တော့ဘူး။ ကားလမ်းတွေလည်း ဖျက်ထားကြတော့
သွားလာဖို့က ခက်သွားတယ်” ဟု ပူတာအိုတွင် နေထိုင်သည့် ကချင် အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။
ပူတာအို အနီးတဝိုက် ဒေသတချို့ရှိ အိမ်ထောင်စုများတွင် မနက်ပိုင်းအချိန်၌ ထမင်း အနည်းငယ်စားကာ ညနေပိုင်း ဆန်ပြုတ်ရည်ကိုသာ သောက်နေရပြီး ရွာတချို့တွင် ဆန်လုံးဝနီးပါး မရှိတော့ကြောင်း၊ ယခု လက်ရှိ ဆန်ရောင်းချ နေသူများ သည်လည်း ယခင်နှစ် ဆန်ပေါ်ချိန်က ဝယ်ထားသည်များကို ပြန်လည် ထုတ်ရောင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ဇူလိုင်လ ကတည်းက စတင်၍ ဖြစ်ပွားနေသော အစိုးရတပ်နှင့် KIA စစ်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထွက်ပြေးခဲ့ရပြီး နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။ ဒုက္ခသည် များထဲတွင် လယ်ယာများကို စွန့်ခွာ ထွက်ပြေးခဲ့ရသော တောင်သူအများအပြား ပါဝင်ပြီး နယ်မြေ မတည်ငြိမ်မှုကြောင့် နေရပ်သို့ မပြန်နိုင်ကြသေးပေ။