မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နယ်စပ် လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲမှာ မြန်မာဘက်ကလာတဲ့ ပစ္စည်းတွေ ဈေးတက်တယ်လို့ သိရပါတယ်။
တရားဝင် လမ်းကြောင်းတွေကော၊ နယ်စပ် မှောင်ခိုလမ်းတွေပါ ပိတ်ထားတဲ့အတွက် ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲမှာ မြန်မာ ပစ္စည်းရှားပြီး ဈေးတက်တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဒေသခံ ကုန်သည်တဦးက ပြောပါတယ်။
“တရားဝင်လမ်းကြောင်း တွေကော၊ မှောင်ခိုလမ်းက လှေတွေလာတဲ့ လမ်းတွေပါ ပိတ်ထားတဲ့ အတွက် အခု မြန်မာပြည်က လာတဲ့ ပစ္စည်းတွေ မရောက်ဘူး။ ဈေးက ၁ ဆလောက်အထိ တက်တယ်” လို့ သူက ဆိုပါတယ်။
မြန်မာဘက်က လာတဲ့ ပစ္စည်းတွေ ဈေးကြီးပြီး ရှားပါးနေတယ် ဆိုတဲ့အကြောင်း ကော့စ်ဘာဇာမြို့က ကုန်သည် အမျိုးသမီး တဦးကလည်း ပြောပါတယ်။ မြန်မာဘက်က ပစ္စည်းတွေက ဝယ်လို့ရပေမယ့် အရင်လောက် ပေါပေါ များများ ဝယ်လို့ မရတော့တဲ့ အကြောင်းနဲ့ ဈေးလည်း မြင့်တက်နေတဲ့ အကြောင်း သူက ပြောတာပါ။
“မုန်တီခြောက် တထုပ်ကို အရင်က တာကာ ၇၀ နဲ့ရတယ်။ အခု ၁၂၀ အထိ ပေးဝယ်ရတယ်။ အဲဒါတောင် ဟိုဆိုင်က ၁၀ ထုပ်၊ ဒီဆိုင်က ၁၀ ထုပ် လိုက်ရှာပြီး ဝယ်နေရတယ်။ တိုင်းရင်းဆေး တွေလည်း ဝယ်လို့ရပေမယ့် ဈေးက အရင်ထက် တော်တော်ကို မြင့်တက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ကုန်တင်ပို့မှုဟာ မောင်တောဘက်က အခြေအနေ တည်ငြိမ်မှုပေါ်မှာ မူတည်နေပြီး ညမထွက်ရ အမိန့်ကို ပြန်လည်ရုပ်သိမ်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ကုန်ပို့ဖို့ အဆင်ပြေမှာ ဖြစ်တဲ့အကြောင်း တရားဝင် နေ့ချင်းပြန် နိုင်ငံကူးလက်မှတ်ကိုင်ပြီး ကုန်ပို့နေတဲ့ မောင်တောက ဒေါ်ဦးသိန်းနုက ဆိုပါတယ်။
“မောင်တောမှာ အခြေအနေ မတည်ငြိမ်သေးရင် တရားဝင်လမ်းက ဖွင့်မှာ မဟုတ်သေးဘူး။ အခုက မောင်တော ဈေးကြီးတောင် ပြန် မဖွင့်နိုင်သေးဘူး။ လမ်းဘေး ဈေးဆိုင်လောက်ပဲ ဖွင့်သေးတယ်။ ညမထွက်ရ အမိန့်ကလည်း ရှိနေသေးတော့ ဘင်္ဂလာဒေ့ရှ်ကို ကုန်ပို့ဖို့ဆိုတာ မလွယ်သေးဘူး” လို့ သူက ရှင်းပြတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ပိုင်း တလကျော်လောက်အထိ အခြေအနေ မတည်ငြိမ်သေးတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်မှု ခက်ခဲပြီး ကုန်သည်တွေ စီးပွားရေး ထိခိုက်နေတယ်လို့ သိရပါတယ်။
ဘင်္ဂလား – မြန်မာ နယ်စပ်ကို ရခိုင်ပြည်နယ် မောင်တောမြို့ ပဋိပက္ခ စဖြစ်တဲ့ ဇွန်လ ၈ ရက်နေ့ကစပြီး တရားမဝင်ကော၊ တရားဝင် လမ်းကြောင်းတွေပါ မြန်မာဘက်က ပိတ်ထားခဲ့တာပါ။
တရားမဝင်လမ်းကြောင်းကို ဇူလိုင် လလယ်လောက်က နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနဲ့ ကွပ်ကဲရေး (နစက) က ပြန်ဖွင့်ပေးခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို မြန်မာ ကုန်ပစ္စည်းတွေ ဝင်မလာဘဲ ဘင်္ဂါလီ ဒုက္ခသည်တွေသာ ထွက်ပြေး လာနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက ဆိုပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက္ကနာမြို့မှာရှိတဲ့ နှစ်နိုင်ငံ တရားဝင် ကုန်သွယ်ရေး ဆိပ်ကမ်းကို ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ တွေကြောင့် တလလောက် ရပ်နားခဲ့ရပြီး ဇူလိုင်လဆန်း ပိုင်းလောက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ပေမယ့် ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွေက ဆီးယိုထုပ်မျိုးစုံ၊ ငါးနဲ့ သစ်စက်လှေ တချို့သာ ဝင်ရောက် လာနေတယ်၊ အရင်လို ပုံမှန် ကုန်လှေတွေ ဝင်ရောက် မလာသေးဘူးလို့ ဆိပ်ကမ်း အလုပ်သမားတွေက ပြောပါတယ်။
မြန်မာဘက်က ပစ္စည်းတွေ ဝင်လာနေကျ လမ်းတွေကတော့ တက္ကနာ၊ ဆားဘိုဒီယာ၊ နေလ၊ ဝါးခတ်ချောင်း၊ ဖလောင်းခါလီ၊ ဦးကီယာ စတဲ့ လမ်းကြောင်းတွေ ဖြစ်ပြီး အဲဒီက တဆင့် ကော့စ်ဘာဇာမြို့ကို ရောက်ရှိလာမှ တခြားမြို့တွေကို
ဆက်လက် ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဘက်ကလာတဲ့ မြန်မာတိုင်းရင်းဆေးဝါး မျိုးစုံ၊ မြန်မာလုပ် မုန့်မျိုးစုံ၊ အဝတ်အထည်မျိုးစုံ၊ ဗုဒ္ဓဘာသာဝင် အသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ရာ ကော့စ်ဘာဇာ၊ ဘန်တရိုဘန်၊ ရန်ဂါမတီနဲ့ ခါခရာဆိုရီ ခရိုင်တွေက အဓိက ဝယ်ယူအသုံးပြုနေကြတယ်လို့ သိရတယ်။
“ကျနော်တို့က မြန်မာနိုင်ငံနဲ့ ဝတ်စားဆင်ယင်မှု တူနေကြတော့ အဓိကအားဖြင့် အမျိုးသမီးတွေက အဲဒီက အဝတ် အစားတွေကို အားကိုးတယ်။ ဘာသာရေး အပိုင်းမှာ ကျတော့လည်း ကိုးကွယ်မှုခြင်း တူနေကြတယ် ဆိုတော့ ဘုရားဆင်းတုတော်တို့၊ သင်္ကန်းပရိက္ခရာတို့ ဆိုတာက မြန်မာကလာမှ ဒီမှာ အဆင်ပြေတာပါ” လို့ ဘန်တရိုဘန် မြို့ခံ တဦးက ဆိုပါတယ်။