ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ကျောင်းသား ကျောင်းသူ ၃ ထောင်နီးပါးအတွက် ကျောင်းများ ပြန်လည်ဖွင့်ကာ စာသင်ကြားနိုင်ခွင့် ရနိုင်ရေးအတွက် ဒေသခံများ စုပေါင်းလက်မှတ် ထိုး၍ နိုင်ငံတော် သမ္မတ ထံသို့ စာတင်မည်ဖြစ်ကြောင်း သိရသည်။
မောင်တောတွင် ပဋိပက္ခ စတင်ဖြစ်ပွားသည့် ဇွန်လ ၈ ရက်နေ့မှ ယခုအထိ ကျောင်းများ ပိတ်ထားခြင်းကြောင့် ကျောင်းသား ကျောင်းသူများ ပညာဆက်လက် သင်ကြားနိုင်ရန် ခက်ခဲနေကြောင်း၊ ထို့ကြောင့် မောင်တော ဒေသတဝိုက်ရှိ မောရဝတီ၊ သီရိကုန်းပေါင်၊ ဘော့ကြီးကုန်းနှင့် ကိုင်းကြီးရွာ စသည့် ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံပြည်သူ ၅၀၀၀ ကျော်တို့က ကျောင်းသား ကျောင်းသူများ ပညာကောင်းမွန်စွာ ပြန်လည် သင်ကြားနိုင်ရန်၊ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေး အပြည့်အဝယူပေးရန်၊ ဒေသခံများထဲမှ အထက်တန်း အဆင့် အောင်မြင်ပြီးသူများကို ယာယီ ဆရာ၊ ဆရာမများ အဖြစ် ခန့်အပ် ထားနိုင်ရန် စသည်တို့အတွက် စုပေါင်း လက်မှတ်ရေးထိုးကာ သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမည် ဖြစ်ကြောင်း မောင်တောမြို့နယ် လူငယ်ဖွံ့ဖြိုးရေး အဖွဲ့ (YDA) တွင် ကူညီဆောင်ရွက်နေသူ ဦးလှမြင့်က ပြောသည်။
“ဆယ်တန်း၊ ကိုးတန်းအောင်တဲ့ ဒေသခံ ကလေးတွေကို ဆရာ၊ ဆရာမတွေအဖြစ် ပြန်ခန့်ပေးပြီး ကလေးတွေကို စာသင်ပေးနိုင်ဖို့ သမ္မတဆီကို စာတင် အကြောင်းကြားမှာပါ” ဟု သူက ဆိုသည်။
ယခင်က အဆိုပါ ခရိုင်အတွင်းရှိ ကျောင်းပေါင်း ၃၀ ကျော်တွင် စာသင်ကြား ပေးနေသော ဆရာ၊ ဆရာမဦးရေ ၆၀ ကျော်သည် ပဋိပက္ခကြောင့် နေရပ်သို့ ပြန်သွားကြပြီး နယ်မြေ တည်ငြိမ်စရှိသည့် တိုင်အောင် ပြန်လည် ရောက်ရှိ မလာသဖြင့်
အရည်အချင်း အသင့်အတင့်ရှိသူ ဒေသခံများကို ဆရာဆရာမ များအဖြစ် ယာယီခန့်အပ် ထားခွင့်ရရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
မောင်တော ဒေသတဝိုက်တွင် အခြေခံပညာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်းနှင့် မူလတန်းကျောင်း ၂၈ ကျောင်း ရှိသည်။
“စစ်တပ်က လုံခြုံရေး အပြည့်အ၀ မပေးနိုင်တဲ့အတွက် ဒေသခံတွေကပါ နယ်မြေတဝိုက် ဝိုင်းဝန်း စောင့်ကြည့် နေရတော့
သွားလာ လုပ်ကိုင်လို့ မရဘဲ စားဝတ်နေရေး၊ ပညာရေးကအစ အားလုံး ခက်နေတယ်” ဟု ထီးတန်းရွာ ဒေသခံ တဦးက ပြောပြသည်။
အဆိုပါဒေသတွင် ဘင်္ဂါလီဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး ရခိုင်နှင့် တခြားတိုင်းရင်းသားမှာ ၁၀ ရာခိုင်နှုန်းခန့်ပင် မရှိကြောင်း သိရသည်။
ဒေသခံ ရခိုင်တိုင်းရင်းသူ ဆရာမတဦးက ကျောင်းများ ပြန်ဖွင့်လိုသော်လည်း ဘင်္ဂါလီကျောင်းသား ဦးရေ များပြား သောကြောင့် လုံခြုံရေး စိုးရိမ်ကြောင်း၊ ထို့ကြောင့် မူလတန်း အဆင့် ကျောင်းသား ငယ်များကိုသာ စာပြန်လည် သင်ကြားမည် ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်း အရွယ် ကျောင်းသားကြီးများကို စာပြန်လည် သင်ပေးရန်ကိုမူ အာဏာပိုင်များဘက်က လုံခြုံရေး အပြည့်အဝ ယူပေးမှသာ ဆက်လက် လုပ်ဆောင်လိုကြောင်း ပြောသည်။
ရခိုင်ဒေသ အသီးသီးတွင် ဇူလိုင်လကုန်ပိုင်းမှစတင်၍ အခြေခံပညာကျောင်း အသီးသီး ပြန်ဖွင့်နိုင်ပြီ ဖြစ်ကာ ယမန်နေ့က စစ်တွေတက္ကသိုလ် ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။ သို့ရာတွင် ဘူးသီးတောင်၊ မောင်တော ဒေသတဝိုက်၌မူ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ခက်ခဲနေသေးသည်။
မောင်တောခရိုင် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသခံ ပြည်သူများမှာ လယ်ယာ လုပ်ကိုင်ခြင်း၊ တောင်ယာ ခုတ်ခြင်းနှင့် ရေလုပ်ငန်း လုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုကြသော်လည်း လက်ရှိတွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသေးသောကြောင့် သွားလာလှုပ်ရှားရန် ခက်ခဲနေပြီး လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။
အဆိုပါ ဒေသရှိ ရခိုင်နှင့် တခြားဒေသခံ တိုင်းရင်းသားများသည် NGO များ၏ အကူအညီ ပေးအပ်မှုကိုလည်း လုံး၀ လက်မခံကြပေ။
“အထူးသဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကူအညီကို လုံးဝမယူဘူး။ ၁၉၉၄ ခုနှစ် တုန်းက ဆူပူမှု ဖြစ်တော့ တိုင်းရင်းသား တွေကို မကူညီဘဲ ဘင်္ဂါလီတွေကိုပဲ ကူညီတာကို အခုထိ မှတ်ထားပြီး အကူအညီ မယူကြတာပါ” ဟု YDA အဖွဲ့ဝင် ဦးမောင်ထွန်းလှက ပြောသည်။