မစပ်စုတို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးများအတ္ထုပ္ပတ္တိတွေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ဒီနေ့ခေတ်မှာ ပြန်လည်ခံစားနိုင်ဖို့ မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးနေကြချိန်မှာ အခုရိုက်ကူးဖို့ ပြင်ဆင်နေတာကတော့ ဦးသန့်အကြောင်း ဖြစ်ပါတယ်။

အာရှသားတွေထဲက ပထမဆုံး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန် ယူခဲ့သူ ဦးသန့်ရဲ့ အကြောင်း မှတ်တမ်းရုပ်ရှင် (Documentary) ရိုက်ကူးမယ့်သူကတော့ ဒါရိုက်တာ ဝိုင်း ဖြစ်ပါတယ်။
“ကျနော်ကလည်း ငယ်ငယ်လေးတည်းက ဦးသန့်အကြောင်းတွေ ဖတ်ထားခဲ့တာဆိုတော့ ဦးသန့်ကို လေးစားတာလည်းပါတယ်၊ ပြီးတော့ ဒီလိုလူတယောက်ရဲ့သမိုင်းဟာ ငါတို့ နိုင်ငံမှာ ရှိသင့်တယ်လို့လည်း ထင်လို့ ရိုက်ဖို့ စီစဉ်ဖြစ်တာပါ” တဲ့၊ ဒါရိုက်တာ ဝိုင်းက ဧရာဝတီကို ပြောပြပါတယ်။
ဦးသန့်ရဲ့ စာပေလိုက်စားမှု၊ ဒီလို စာပေလိုက်စားတဲ့အတွက် လူတော် တယောက်ဖြစ်လာနိုင်တယ်ဆိုတာကို ဒီနေ့ခေတ် ကလေးတွေ သိစေချင်တယ်၊ ဦးသန့် ရဲ့ သီလ၊ သမာဓိတို့ကို လူငယ်တွေ စံပြအနေနဲ့ သိရှိနိုင်ဖို့ ကျောင်းတွေမှာ ဒီအခွေကို ပြသမယ်လို့လည်း ပြောပါတယ်။
အရင် စစ်အစိုးရအဆက်ဆက်လက်ထက် မြန်မာပြည်မှာ ခြေရာဖျောက်ခံထားရတဲ့ ဦးသန့်အကြောင်း မှတ်တမ်းတင်ရုပ်ရှင်ဟာ ခန့်မှန်းခြေ ၂၀၁၄ လောက်မှ ပြီးစီးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့်ရဲ့ တင်ပြချက် တစုံတရာ လွဲမှားသွားရင်၊ ပညာညံ့ဖျင်းသွားရင် ဒီ Documentary ဟာ လိုချင်သလောက် message မပေးနိုင်မှာလည်း ကြောက်တယ်။ အဲ့ဒီ တခုတော့ စိုးရိမ်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒါကို ရိုက်ခွင့်ရတဲ့အတွက်တော့ အရမ်းဂုဏ်ယူမိတာတော့ အမှန်ပါပဲ” လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
တချိန်တည်းမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင်ကိုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင် ရိုက်ကူးနေသလို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကားကြီးကိုလည်း ဝိုင်းဝန်းဖန်တီးကြဖို့ ပြင်ဆင်နေကြပါပြီ။
လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးလို့ လူသိများခဲ့တဲ့ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် ဦးနုရဲ့ အတ္ထုပ္ပတ္တိ ကိုရော ရိုက်ကူးကြဖို့ အစီအစဉ် ရှိမရှိ ဆိုတာ စိတ်ဝင်စားစရာပါ။ ရိုက်ကြမယ်ဆိုရင်တော့ ဦးနု ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် “တာတေ စနေသား” ရှိသလို သူနဲ့လက်တွဲခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ သက်ရှိထင်ရှား ရှိနေကြသေးတယ် မဟုတ်ပါလား လို့ မစပ်စုက လက်တို့လိုက်ချင်ပါတယ်။
တိုင်းသိ ပြည်သိ ကမ္ဘာသိ နာမည်ပျက်၊ နာမည်ကြီးအောင် ကြိုးစား အားထုတ်လာခဲ့ရတဲ့ စစ်အစိုးရ အာဏာရှင် ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိများကိုတော့ ရိုက်မယ့်သူပဲ မရှိတာလား၊ မရိုက်ရဲတာလား၊ အကယ်၍များ ရိုက်ခဲ့မယ်ဆိုရင်လည်း ပြည်သူ့မေတ္တာ ခံယူရမှာ စိုးလို့လား ဆိုတာတော့ မေးခွန်း ထုတ်စရာ ဖြစ်နေပါပြီ။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် စနစ်ကို မျိုးစေ့ချပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အတ္ထုပ္ပတ္တိဆိုလည်း ဒေါက်တာမောင်မောင် ရေးသားခဲ့တဲ့ “ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ မြန်မာ့နိုင်ငံရေးခရီးစဉ်” ဆိုတာလည်း ရှိထားပြီးလေတော့ ရိုက်မယ် ဆိုရင် မခက်လောက်ဘူး ထင်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကလည်း ကမ္ဘာသိပဲလေ။
စစ်အာဏာရှင်စနစ်ကို ထပ်မံ အမြစ်တွယ်အောင် ထပ်မံ ပေါင်းသင် စိုက်ပျိုးပေးခဲ့တဲ့ ကမ္ဘာ့အရက်စက်ဆုံး စာရင်းဝင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အတ္ထုပ္ပတ္တိဆိုလည်း သူကိုယ်တိုင် သက်ရှိ ထင်ရှား ရှိနေသေးတဲ့အတွက် အချက်အလက် စုဆောင်းမယ် ဆိုရင် ပိုမို လွယ်ကူလောက်ပါရဲ့။
သိုပေမယ့်လည်း မီဒီယာလွတ်လပ်ခွင့်ရအောင်တောင် မနည်းတောင်းဆိုနေရတဲ့ မစပ်စုတို့ ဒီမိုကရေစီနိုင်ငံကြီးမှာ ဒီလောက်ထိ လွတ်လွတ်လပ်လပ် တင်ပြဖို့ ဆိုတာကတော့ အိမ်မက်ကမှ သေချာဦးမယ်လို့ ဆိုရမလိုပါပဲ။
မစပ်စုတို့ ဒီမိုကရေစီနိုင်ငံတော်ကြီး အိမ်မက် ကမ္ဘာမှ အမြန်ဆုံး နိုးထနိုင်ပါစေလို့ ဆုတောင်းရင်း..။
ကြည်ဖြူသျှင် လွှတ်တော်ထဲ ရောက်သွားနိုင်သလား
ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည်မှာ အနုပညာရှင် အများအပြား နိုင်ငံရေးလောကထဲ ခုန်ဝင်နေကြပါပြီ။
ကနဦး ဝင်ရောက်သူများကတော့ ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်၊ ရသ၊ သရုပ်ဆောင် ရဲတိုက်တို့ ဖြစ်ကြပြီး အခုဆိုရင် သူတို့နောက် လိုက်သွားသူကတော့ ဒါရိုက်တာ ကြည်ဖြူသျှင်ဖြစ်ပါတယ်။ တခြား အနုပညာရှင်အများစုလိုပဲ သူဝင်လိုက်တဲ့ ပါတီကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါပဲ။

တကယ်ကြိုးစားတဲ့ မျိုးဆက်သစ်လူငယ်တွေ ပါတီမှာ အများကြီး လိုအပ်တယ်လို့ အမေက ပြောကြောင်း ကြည်ဖြူသျှင်က ရှင်းပြပါတယ်။ အမေ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုတာပါ။
“ကျမက အမေ့ကို … ဗိုလ်ချုပ်ရုပ်ရှင် ကိစ္စတွေလည်း လုပ်ရဦးမယ်၊ အလုပ်တွေများတယ် သမီးနဲ့ဖြစ်ပါ့မလားလို့ ပြောတော့ အမေက သမီး အလုပ် လုပ်တာလည်း လုပ်၊ တဖက်ကလည်း တိုင်းပြည်အတွက် လူထုအတွက် ကိုယ့်အတွက်ပေါ့နော် တတ်နိုင်သမျှတော့ ကြိုးစားရမှာပဲ၊ ပင်ပန်းခံရမှာပဲ လို့ အမေရဲ့ ပြောစကားတခွန်းတည်းနဲ့တင် ကျမ NLD ပါတီဝင်ခဲ့တယ်” လို့ ကြည်ဖြူသျှင်က ဧရာဝတီကိုပြောပါတယ်။
လူငယ်တွေ လူလတ်ပိုင်းတွေအတွက် နိုင်ငံရေးသိပ္ပံ၊ စီမံခန့်ခွဲမှု ဘာသာရပ်တို့ကို သင်ပေးမယ့် ပရဟိတကျောင်း တကျောင်း ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ်မှာ ဖွင့်ဖို့ ကြိုးစားနေတယ်လို့လည်း ရှင်းပြပါတယ်။
“ပိုက်ဆံနဲ့ပေးတက်မယ်ဆိုရင် ဈေးကြီးတယ်။ တချို့ငွေရေးကြေးရေး မတတ်နိုင်သူတွေ မသိဘူး ဆိုတာ မရှိရဘူး၊ မြန်မာပြည်မှာရှိတဲ့သူတိုင်း ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ကိုယ်ကိုယ်တိုင်ကော ကိုယ့်ပတ်ဝန်းကျင်က လူတွေကော အမြင် ကျယ်အောင် ကြိုးစားရမယ်” လို့ သူက ဆိုပါတယ်။
လူ့အခွင့်အရေး ဘာသာရပ် ပို့ချနိုင်ကြဖို့လည်း စိတ်ကူးထားပါတယ် တဲ့။
နိုင်ငံရေးဆိုတာ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်တဲ့ ပရဟိတအကြီးစားတခုဖြစ်တယ် လို့လည်း သူရဲ့ နိုင်ငံရေးအမြင်ကို ပြောပါတယ်။
“တကယ့်နိုင်ငံရေးသမားအစစ်တွေ လျှောက်တဲ့လမ်းကို တတ်နိုင်သမျှ ကိုယ်က ဘေးကနေ ကူညီတဲ့သဘောပါပဲ။ ဒါကလည်း နဂိုကတည်းက ကိုယ့်မှာ ပရဟိတ လုပ်ချင်တဲ့ စိတ်လေးရှိခဲ့လို့ တတ်နိုင်သမျှ လုပ်တာပါ” လို့ ဆိုပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာကော ဝင်ရောက် ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိသလား လို့ ကြည်ဖြူသျှင်ကို မေးကြည့်ပါသေးတယ်။
လတ်တလောမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်သွားတယ်၊ NLD ပါတီထဲ ဝင်ရောက်သွားတာပဲ ဖြစ်သေးကြောင်းနဲ့ ၂၀၁၅ အတွက်ကတော့ အဲ့ဒီအချိန်မှ လူကြီးတွေ ဆုံးဖြတ်ကြမှာဖြစ်ကြောင်း ကြည်ဖြူသျှင်က ပြောပါတယ်။
၂၀၁၁ ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲမှာတော့ NLD က ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်ကို နိုင်ငံရေးစင်ပေါ် တင်ပေးခဲ့ပါတယ်။
လာမယ့် ရွေးကောက်ပွဲများမှာလည်း NLD ဟာ မျိုးဆက်သစ်တွေကို နိုင်ငံရေးစင်ပေါ် ဆက်ပြီး တင်ပေးဦးမယ် ဆိုရင်တော့ ရုပ်ရှင်လောကထဲက ထူးချွန်ထင်ရှား အမျိုးသမီးငယ်တဦးဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်ဟာ လွှတ်တော်ကိုယ်စားလှယ် ကြည်ဖြူသျှင် ဖြစ်သွားနိုင်ချေရှိတယ် လို့ ဆိုပါရစေ။