၂၄ နှစ်အတွင်း၌ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က ပြောင်းလဲလာမှု များသည် ရှစ်လေးလုံး လူထု တော်လှန်ရေးကြီး၏ အကျိုးဆက်ဖြစ်ကြောင်း ထိုစဉ်က လှုပ်ရှားမှုများတွင် ကဏ္ဍအသီးသီး၌ ဦးဆောင် ပါဝင်ခဲ့သူများက ပြောဆိုကြသည်။
“ဒါကြောင့် အခုလို နှစ်ပတ်လည်နေ့ ရောက်တိုင်း ရှစ်လေးလုံး အရေးတော်ပုံရဲ့ ဂုဏ်ကျေးဇူးကို အမှတ်ရ နေတာပါ။ ဒီတိုက်ပွဲကြီးမှာ စွန့်လွှတ် အနစ်နာခံ သွားကြတဲ့ သူတွေအားလုံးကို ကျနော်တို့ အလေးအမြတ် ဂုဏ်ပြုတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ဖြစ်ရိုးဖြစ်စဉ် အရေးတော်ပုံ မျိုးမဟုတ်ဘဲ နိုင်ငံသားများ ကိုယ်တိုင် ဦးဆောင် သည့် ထူးခြားသော အရေးတော်ပုံ ဖြစ်ကြောင်း၊ ပြည်သူလူထု မျှော်မှန်း ထားခဲ့သလောက် မပြည့်မီသေးသော်လည်း ယခုအခါ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင် လုပ်ဆောင်နေသည်ကို တွေ့မြင်နေရကြောင်း သူက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် NLD ကဲ့သို့ နိုင်ငံရေး ပါတီကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်များ ပေါ်ထွက်ခဲ့ကြောင်း၊ ယခု အစိုးရကလည်း လွှတ်တော် နိုင်ငံရေး လမ်းကြောင်းနှင့် ပြောင်းလဲ လုပ်ဆောင်လာပြီး ပြုပြင် ပြောင်းလဲရေးများ လုပ်ပြလာရကြောင်း ပြောသည်။
“လူတွေကြားထဲမှာလည်း ပြည်သူတွေဟာ နိုင်ငံရေး နိုးကြားလာတယ်၊ တက်ကြွလာတယ်၊ အကြောက်တရားတွေ လျော့လာတယ်” ဟု သူက ဆိုသည်။
စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဆရာ မောင်ဝံသကလည်း ရှစ်လေးလုံး အရေးတော်ပုံသည် ၂၄ နှစ် ကြာလာခဲ့ပြီဖြစ်ပြီး ထိုစဉ်က တပါတီ အာဏာရှင်စနစ် ပြုတ်ကျကာ ဒီမိုကရေစီနိုင်ငံ ဖြစ်ရေး အပြောင်းအလဲကို လိုချင်ခဲ့သည့် ပြည်သူများ၏ တောင်းဆိုခဲ့မှုသည် လမ်းစပေါ် ရောက်ပြီဟု ယူဆ နိုင်ကြောင်း ပြောသည်။
“အခုထိတော့ ဒီမိုကရေစီ နိုင်ငံ မဖြစ်သေးဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ အများကြီး ပြုပြင်ပြောင်းလဲ စရာတွေ ရှိသေးတယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံ၏ အနှစ်သာရ ပန်းတိုင်ကို ယနေ့ အချိန်ထိ ရောက်မလာခြင်းသည် ထိုကာလက တောင်းဆိုချက် တခု ဖြစ်သည့် နိုင်ငံရေး ညီညွတ်မှုကို ယနေ့တိုင် မတည်ဆောက်နိုင်သေး သောကြောင့် ဖြစ်ကြောင်း ဦးဝင်းတင်က ထောက်ပြသည်။
“ဒီကနေ့ နိုင်ငံရေးအခြေအနေ တခုလုံးကို သုံးသပ်မယ်ဆိုရင် တစ် က ကျနော်တို့မှာ စည်းလုံးညီညွတ်ရေး မရှိဘူး။ စည်းလုံးညီညွတ်ရေး မရှိအောင်လဲ အစိုးရက နေပြီးတော့ ဦးတည်ချက်နဲ့ တမင်ကို ကြံရွယ်ပြီး အကွဲကွဲ ဖြစ်အောင် လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု သူက ဆိုသည်။
အဓိက တောင်းဆိုခဲ့သည့် အာဏာရှင် စနစ်ဆိုး ပြိုလဲရေးကို မလုပ်ဆောင်နိုင်သေးဘဲ အာဏာရှင် စနစ်ဆိုး၏ အရှိန်သည် ယနေ့အထိ အမြစ်တွယ် တည်ရှိ နေသေးကြောင်းလည်း ဦးဝင်းတင်က ပြောသည်။
“စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီဆိုတဲ့ အရေခြုံတယ်၊ အရပ်သား အစိုးရ ဆိုပြီး လုပ်လာတယ်။ ဘောင်းဘီ ချွတ်တွေ ကြီးစိုးနေဆဲပါပဲ။ ဘောင်းဘီချွတ်တွေ ကြီးစိုးနေတဲ့ ကာလမှာ နိုင်ငံရေး ပါတီတွေထဲမှာလည်း ဘောင်းဘီချွတ်ထားတဲ့ သူတွေ၊ စစ်သား တဖြစ်လဲတွေက ကြီးစိုးနေတယ်။ ပြည်ခိုင်ဖြိုးလို အဖွဲ့အစည်းက အစ တစည လို အဖွဲ့အစည်းက အလယ် နောက်တခါ NLD ထဲမှာလည်း တခါတုန်းကဆိုရင် ဘောင်းဘီချွတ်တွေ ကြီးစိုးချယ်လှယ်ဖို့ လုပ်ခဲ့တာပဲ” ဟု ဦးဝင်းတင်က ဆိုသည်။
ကိုကိုကြီးကလည်း ယခုအချိန်အထိ အကျဉ်းထောင် အသီးသီးတွင် ထိမ်းသိမ်းထားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန် လည် လွတ်မြောက်လာရေး၊ တိုင်းရင်းသား နယ်မြေများတွင် စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး ခိုင်မာစွာ ရရှိစေရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းသွားစေရေး စသည်ဖြင့် များစွာ လုပ်ဆောင်ရန် လိုအပ်လျှက် ရှိနေကြောင်း ပြောသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း အပြည့်အ၀ ရဖို့၊ ကမ္ဘာအနှံ့ မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အားလုံး ဂုဏ်သိက္ခာရှိရှိ ပြန်လာပြီး တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ လုံခြုံစိတ်ချစွာ လုပ်ဆောင်ခွင့် ရဖို့ကလည်း ဒီကနေ့ အကူးအပြောင်း ကာလမှာ အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်တယ်” ဟု သူက ဆိုသည်။
ဦးဝင်းတင်က အာဏာရှင် စနစ်သည် ယနေ့အထိ မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ဆက်လက် အရှိန်ရနေဆဲ ဖြစ်ကြောင်း၊ ယခု ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍လည်း ဝေဖန် ထောက်ပြစရာများ ရှိနေကြောင်း ပြောသည်။
“တိုင်းပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲ အတွက်လုပ်တာတွေမှာ သူတို့ စစ်အာဏာရှင်ကို လူထုရဲ့ ဆန့်ကျင်မှု တဖြည်းဖြည်းနဲ့ ပျောက်ကွယ်အောင် အာသာဖြေတဲ့ အနေနဲ့ လုပ်နေတာပေါ့ဗျာ။ ထမင်းကို အငတ်ထားပြီး ထမင်း မကျွေးသေးဘဲနဲ့ အစာပြေ မုန့်လေး နည်းနည်းကျွေးတဲ့ ပုံစံမျိုး လုပ်နေတာ” ဟု သူက ဆိုသည်။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့ရပြီး ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုများမှသည် သြဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွား ခဲ့သည်။ မြန်မာနိုင်ငံတွင် သမိုင်းမှတ်တိုင် တခုဖြစ်ခဲ့သည် အဆိုပါ လှုပ်ရှားမှုကြီးအတွင်း တပ်မတော်သားများ အပါအဝင် အစိုးရ ဝန်ထမ်းများနှင့် ပြည်သူတရပ်လုံးက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တပါတီ အာဏာရှင် အစိုးရကို ဆန့်ကျင်ခဲ့သည်။
လူထု လူတန်းစား အလွှာအသီးသီး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်မှုများကို ထိုစဉ်က ဦးနေဝင်း အစိုးရ၏ စစ်တပ်က ဖြိုခွင်းခဲ့မှုကြောင့် ရဟန်း၊ ရှင်လူ ကျောင်းသားများစွာ သေဆုံးခဲ့ရပြီး ဧရာဝတီ၏ စစ်တမ်း ကောက်ယူမှုအရ ၁၉၈၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးသူ ၂၁၀ ရှိခဲ့သည်။
တချို့သော အတည်မပြုနိုင်သည့် စာရင်းများအရ အရေးတော်ပုံ ကာလအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။ စက်တင်ဘာ ၁၈ ရက်နေ့တွင် မြန်မာ့ တပ်မတော်က အာဏာသိမ်းကာ နဝတ အစိုးရ တက်လာခဲ့ပြီး ၁၉၉၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့သော်လည်း နအဖ လက်ထက်အထိ စစ်အစိုးရ အဆက်ဆက်က အနိုင်ရ ပါတီ ဖြစ်သည့် NLD ပါတီကို အာဏာလွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့သည်။
စစ်အစိုးရများက နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်လာခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်မှ ရွေးကောက်ပွဲများ ပြန်လည် ကျင်းပကာ ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာ၍ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။