အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။
အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ပြီး သြဂုတ်လကုန်တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရ အဖွွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက
တာဝန်ယူ ဖွဲ့စည်းရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာဘ်ပေးလာဘ်ယူ ကော်မရှင်အတွက် ကိုယ်စားလှယ် ၅ ဦး အဆိုပြု ပေးရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပြုနိုင်ခြေ များပြီး ၎င်းအနေဖြင့် ယင်းကော်မရှင်တွင် ဦးဆောင်နေရာမှ ပါဝင်ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။
“လွှတ်တော် ဥက္ကဋ္ဌတွေက လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်အတွက် ကိုယ်စားလှယ် ၅ ဦးစီ အဆိုပြုရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီကော်မရှင်မှာ ပါဝင်ဖို့ အလားအလာ အများဆုံးနဲ့
ဦးဆောင်တဲ့ နေရာမှာ နေရမယ့် အခြေအနေ တွေ့နေရပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ အတည်ပြုပြီးလျှင် ဥပဒေအသက်ဝင်ရေး အလေးထား ဆောင်ရွက်ရမည်ဟု ပြောသည်။
“ဥပဒေ အသက်ဝင်ဖို့ ဆိုတာကလည်း တကယ် အသက်ဝင်အောင် လုပ်နိုင်တဲ့သူတွေ ပါမှဖြစ်တာ။ နောက်ပြီး လာဘ်ပေး လာဘ်ယူ တိုက်ဖျက်မယ့် ကော်မရှင်မှာ ပါမယ့်သူတွေ ကိုယ်တိုင်ကလည်း အရင်က နာမည်ပျက် မရှိမှ ဒီကော်မရှင်က အဓိပ္ပာယ်ရှိမှာ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ဒီကော်မရှင်မှာ ဦးဆောင်မယ်ဆိုရင် အင်မတန်မှ အလားအလာ ကောင်းတယ်။ တိုင်းပြည်အတွက် အဂတိ လိုက်စားမှုတွေ ပပျောက်သွားနိုင်ဖို့ လမ်းစ မြင်နိုင်တာပေါ့” ဟု နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာစောနိုင်က ဆိုသည်။
လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်က သြဂုတ် ၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားကြောင်း၊ ယင်း ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ မီဒီယာများအကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ် ထိန်းကျောင်းကာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က တရားဝင် သတင်းထုတ်ပြန် လိုက်ပြီဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေအရ နိုင်ငံတော်သမ္မတ၊ အစိုးရဝန်ကြီးများနှင့် သမ္မတက ခန့်အပ်ထားသော အစိုးရအဖွဲ့ဝင်များ အပါအဝင် နိုင်ငံရေးရာထူး ရရှိထားသူများသည် အကျင့်ပျက်ခြစားကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁၅ နှစ်အပြင် ငွေဒဏ် ချမှတ်နိုင်သည်ဟု လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်း အရာရှိများအပါအဝင် လုပ်ပိုင်ခွင့်ရှိ အာဏာရှိသူများ အကျင့်ပျက်ခြစားပါက ထောင်ဒဏ် ၁၀ နှစ်နှင့်ငွေဒဏ်၊ သာမန် အောက်ခြေ ဝန်ထမ်းများနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စဆက်နွှယ်နေသူများ အကျင့်ပျက်ခြစားလျှင် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ကို လည်းကောင်း ပုဒ်မ ၅၄၊ ပုဒ်မ ၅၅၊ ပုဒ်မ ၅၆ တို့တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။
သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ဝင်များ စီးပွားရေးနှင့် ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားကာ တရားဝင် တင်ပြကြရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ရာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ပထမအဆင့် ခြေလှမ်းဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုကြသည်။