Air Asia လေကြောင်းသည် ဘန်ကောက်-မန္တလေး ခရီးစဉ်ကို လာမည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စတင် ပြေးဆွဲရန် စီစဉ် နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ တပတ်လျှင် ၄ ကြိမ်ဖြင့် တနင်္လာ၊ အင်္ဂါ၊ ကြာသပ တေးနှင့် စနေနေ့ တို့ကို ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်သည်။
လက်မှတ်များကိုလည်း ကြိုတင်ဝယ်လိုသူများ အတွက် ယခုလ ၆ ရက်နေ့မှ စတင်၍ ၁၂ ရက်နေ့ အထိ တဦးလျှင် ဘတ်ငွေ ၁၅၀၀ ဖြင့် အရောင်းမြှင့်တင်ရေးအနေနှင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း Air Asia လေကြောင်းလိုင်းမှ ဝန်ထမ်းတဦးက ဧရာဝတီ သို့ ပြောသည်။ ယခုပြေးဆွဲမည့် Air Asia သည် ထိုင်းနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်နေသော ထိုင်း Air Asia လိုင်း ဖြစ်ကြောင်း သိရ သည်။
ထိုင်း Air Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် Tassapon Bijleveldက လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံအနေနှင့် ပွင့်လင်းလာသည့် နိုင်ငံဖြစ်လာသောကြောင့် လေကြောင်းလိုင်း ပျံသန်းမှုကို တိုးချဲ့စီစဉ်ခြင်းဖြစ်သည်ဟု ယခုလ ၆ ရက်နေ့က ကျင်း ပ ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် သတင်းထောက်များကို ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
“အခုလို မြန်မာနိုင်ငံနဲ့ ခရီးစဉ်တိုးချဲ့မှုဟာ ကျနော့် အတွက် အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။
ဘန်ကောက်- မန္တလေး ခရီးစဉ်သည် ဆွဲဆောင်မှုများစွာ ရှိသော မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်သည့် မန္တလေးမြို့ကို ရွေးချယ်ရခြင်း ဖြစ်ကြောင်းလည်း Tassapon က ဆက်ပြောသည်။
မန္တလေးမြို့အပြင် ပုဂံ နှင့် နေပြည်တော် တို့ကိုလည်း ခရီးစဉ် တိုးချဲ့ရန် စီစဉ်ထားပြီး ခရီးသည် ၁၈၉ ဦး လိုက်ပါစီးနင်းနိုင်သည့် Airbus A 320 အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းများအရ သိရသည်။ လက်ရှိတွင် ရန်ကုန်-ဘန် ကောက်ကို နေ့စဉ် ပြေးဆွဲနေသည်။
သြဂုတ်လ ၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးကိစ္စများနှင့် အလည်အပတ် အတွက်ပါ ခရီးသည်များ လာရောက်ကြရာ နိုင်ငံတကာ လေကြောင်းလိုင်း အများအပြား မြန်မာနိုင်ငံသို့ ဆင်း သက်လာကြကြောင်း ဖော်ပြထားသည်။
ထိုကြောင့် ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံသို့ နိုင်ငံ တကာမှ ဝင်ပေါက်အဖြစ် ကာလရှည်ကြာ ရပ်တည်နေမှုကို ခြိမ်းခြောက်ခံရမည့် အခြေအနေဖြစ်လာနိုင်ကြောင်း ၎င်းသတင်းက ဆိုသည်။
အနည်းဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ငါးလိုင်းခန့်သည် လာမည့်လ အနည်းအငယ်အတွင် ရန်ကုန်သို့ တိုက်ရိုက် ဆင်းသက် နိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်း ဘန်ကောက်ပို့စ် တွင် ရေးသားထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် အာရှ-ပစိဖိတ် လေကြောင်းလိုင်းများ အဖွဲ့ (AAPA)မှ ညွန်ကြားရေးမှူးချုပ် Andrew Herdman က မြန်မာ နိုင်ငံသို့ တိုက်ရိုက်ပျံသန်းမှုများသည် ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်သော ဂိတ်၀ နေရာမှ ပျောက်မသွား နိုင်သေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောဆိုသည်။
“တခြားနိုင်ငံတွေကနေ မြန်မာနိုင်ငံကို တိုက်ရိုက် ပျံသန်းမှုတွေ ပိုမိုလာတာနဲ့ အတူ မြန်မာနိုင်ငံနဲ့ ဘန်ကောက်အကြား ပိုမိုပျံသန်း မှုတွေလည်း ရှိလာမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
တချိန်တည်းမှာပင် Bangkok Airways လေကြောင်းလိုင်းကလည်း အဲပုဂံနှင့် ခရီးစဉ် ဖလှယ်ရေး သဘောတူညီချက်ကို ဆွေးနွေး လျက်ရှိပြီး ပုဂံနှင့် မန္တလေး ခရီးသည်များ လွှဲပြောင်းပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံသို့ ပျံသန်းလျက်ရှိသော နိုင်ငံခြား လေကြောင်းလိုင်း ၁၂ ခုမှာ Air China, China Southern Airlines, China Eastern Airlines, Thai Airways International, Indian Airlines, AirAsia (including Thai AirAsia), Taiwan’s China Airlines, Silk Air, Malaysian Airlines, Bangkok Airways, Jetstar Asia, and Vietnam Airlines တို့ဖြစ်ကြောင်း ဘန်ကောက် ပို့စ် တွင် ဖော်ပြထားသည်။