မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ကိုင်းတန်းဈေး မပြောင်းရွှေ့စေရေး အတွက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သော ကိုအေးသိန်းကို မန္တလေး အမှတ် ၃ ရဲစခန်းက ဖမ်းဆီးသွားပြီး ယခု ပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ၈၄ လမ်းနှင့် ၂၉ လမ်းပေါ်ရှိ ဟင်းသီးဟင်းရွက် ရောင်းချနေသော ကိုင်းတန်းဈေး မပြောင်းရွှေ့ စေရေးအတွက် ဈေးသူဈေးသား ၃၀၀ ကျော်တို့သည် ဆန္ဒထုတ်ဖော်သည့် အနေဖြင့် သြဂုတ် ၆ ရက်နေ့ည ၁၀ နာရီဝန်းကျင်က မြို့တွင်း စီတန်း လမ်းလျှောက်ခဲ့ ကြရာ လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်သူ ကမ္ဘာ့အလုပ်သမား အဖွဲ့မှ ကိုအေးသိန်းက ပါဝင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
စီတန်း လမ်းလျှောက်သူများသည် ၈၄ လမ်း ကိုင်းတန်းဈေးမှ ၂၆ လမ်းအတိုင်း၊ ထိုမှတဆင့် မန္တလေး မြို့တော် စည်ပင်ရုံးရှေ့သို့ လမ်းလျှောက် ခဲ့ကြသည်။
ကိုအေးသိန်းဘက်မှ လိုက်ပါ ဆောင်ရွက် လုပ်ကိုင်မည့် ရှေ့နေ ဦးမြင့်သွင်က ပုဒ်မ ၅၀၅ (ခ) သည် ဆူပူရန် လှုံ့ဆော်မှုဖြစ်ပြီး ထောင်ဒဏ် ၁ နှစ်မှ ၂ နှစ် အထိ ချမှတ်နိုင်သည်ဟု ပြောသည်။
ကိုင်းတန်း ဈေးသူဈေးသားများသည် ၄၁ လမ်းရှိ ဈေးအသစ်ကြီးကို မပြောင်းရွှေ့ လိုသည့် အတွက် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ပြီး ယင်းဈေးတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဈေးအတွင်း ဆန္ဒပြစဉ်ကလည်း သက်ဆိုင်ရာ အာဏာပိုင်များက သံဇကာများ ပိတ်ဆို့ကာရံကာ ဟန့်တားမှုများ ပြုလုပ်ခဲ့ သည်။
ဈေးသူဈေးသားများ အနေဖြင့် မြို့တွင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ခဲ့သည့် ဈေးသူဈေးသား များထဲမှ ဈေးအကျိုးဆောင် ၃ ဦးကို သြဂုတ် ၇ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်၌ မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူတွေ့ဆုံပြီး မီဒီယာသမား ၁၀ ဦးရှေ့တွင် ဆွေးနွေးခဲ့သည်။
မြို့တော်ဝန် ဦးအောင်မောင်းက လက်ရှိ ၄၁ လမ်း တွင် အသစ်ဖွင့်လှစ် ပေးထားသော ဈေးမှာ မီးအလင်းရောင် ကောင်းမွန်စွာ ရရှိကြောင်း၊ အိမ်သာနှင့် ရေကန်များလည်း ကောင်းမွန်စွာ လုပ်ပေးထားကြောင်း၊ ဝန်း လုံခြုံရေးကို ရဲများက တာဝန်ကျ စောင့်ရှောက်ပေးမည် ဖြစ်ကြောင်းနှင့် အကယ်၍ ဈေးသစ်တွင် ရောင်းဝယ်ရေး မကောင်းပါက မြို့တော်ဝန်မှ ငွေထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဈေးအကျိုးဆောင် ၃ ဦးနှင့် မြို့တော်ဝန်တို့ နံနက် ၄ နာရီအထိ ပြောဆို ဆွေးနွေးခဲ့သော်လည်း ဈေးသူဈေးသား များမှာ ကျေနပ်မှု အပြည့်အ၀ မရကြောင်း သိရသည်။
‘‘ကျမတို့က ၈၄ လမ်းမှာပဲ ဈေးရောင်းချင်တာပါ။ တသက်လုံး အဲဒီနေရာမှာ ဈေးရောင်းခဲ့ရပြီး အခုမှ မရောင်းရဘူး ဆိုတော့ ကျွန်မတို့ တမိသားစုလုံး စီးပွားရေး ဒုက္ခ ရောက်တော့မှာပါ” ဟု ဆန္ဒပြ ဈေးသည် တဦးက ပြောသည်။
မြို့တော်ဝန်နှင့် တွေ့ဆုံဆွေးနွေးသည့် အကျိုးဆောင် ၃ ဦးထဲတွင် ကိုအေးသိန်းလည်း ပါဝင်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပြီးနောက် နံနက် ၅ နာရီ ခွဲခန့်တွင် အမှတ် ၃ ရဲစခန်းက သူ့ကို ခေါ်ဆောင်သွားကြောင်း မျက်မြင်များက ပြောပြသည်။
ကိုင်းတန်း ဈေးသူဈေးသားများသည် ဆန္ဒပြ တောင်းဆိုခွင့်ကို သက်ဆိုင်ရာ အာဏာပိုင် များထံ တင်ထားရာ ၇ ရက်နေ့တွင် တရားဝင် အကြောင်းပြန်မည်ဟု သိရသော်လည်း အာဏာပိုင်များဘက်က အကြောင်းပြန်သည် အထိ မစောင့်ဘဲ ၆ ရက်နေ့ညက ဆန္ဒပြ လမ်းလျှောက်ကြခြင်း ဖြစ်သည်။
‘‘မသိနားမလည်တဲ့ ဈေးသူဈေးသားတွေ ဆိုတော့ ကျနော်တို့ဘက်က အရေးယူတာတွေ မရှိသေးပါဘူး။ အခုဟာ ကတော့ ဥပဒေမဲ့ လုပ်တာပါ။ အမှန်ဆိုရင် ကိုင်းတန်းဈေးကို ဖျက်သိမ်းပြီး တခြားဈေး အစားထိုး မပေးဘူးဆိုရင်လည်း ကျနော်တို့ နားလည်လို့ ရပါတယ်။ အခုဟာက ဟိုဘက်ဈေးကို ပေးထားတာဆိုတော့ အေးအေးဆေးဆေးပဲ သွားရောင်း စေချင်တယ်” ဟု အမှတ် ၃ ရဲစခန်းမှ ရဲမှူး တဦးက ပြောသည်။
ချီတက် လမ်းလျှောက်ခွင့်ကို ဈေးသူဈေးသားများက တင်ထားရာ အာဏာပိုင်များ ဘက်က လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ရန်အတွက် ယာယီချမှတ် ပေးထားသော လမ်းများမှာ မြို့ပြင်လမ်းများသာ ဖြစ်ကြောင်း၊ မြို့ပြင်တွင် ဆန္ဒ မထုတ်ဖော်လိုသောကြောင့် မြို့တွင်းလမ်းမှ လျှောက်ကာ စည်ပင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းဆွေမြင့်က ရှင်းပြသည်။
‘‘ကျနော်တို့ လမ်းလျှောက် ဆန္ဒပြဖို့အတွက် ချပေးတဲ့ နေရာတွေက ပုသိမ်ကြီး သွားတဲ့လမ်း၊ ဧရာဝတီ မြစ်ကမ်း ဘေး၊ ၇၉ လမ်း ၃၃ လမ်းနဲ့ ၃၂ လမ်းကြားတွေမှာ ပေတထောင်ပဲ ခွင့်ပြုမယ်ဆိုလို့ အဲဒါကို မစောင့်ဘဲ ကျနော်တို့ အခုလို အရဲစွန့်ပြီး လုပ်တာပါ” ဟု ၎င်းက ပြောသည်။
ကိုင်းတန်းဈေးသည် နှစ်ပေါင်း ၃၀ ကျော် ရောင်းချလျှက်ရှိသော ညဈေးတန်းဖြစ်သည်။ ည ၁၁ နာရီမှ နံနက် ၇ နာရီထိ ရောင်းချလျှက် ရှိပြီး မိုးကုတ်၊ မုံရွာ၊ ကန့်ဘလူ၊ ငါန်းဇွန်၊ ပျဉ်းမနားနှင့် မန္တလေး စသည့် မြို့နယ် ၅ ခုမှ ဈေးသူဈေးသားများ အဓိက ရောင်းဝယ်ကြသည့် ဈေးဖြစ်သည်။
အဆိုပါဈေးသည် ၈၄ လမ်း ၂၈ လမ်းတဝက်မှ လမ်း ၃၀ တဝက်အထိ လည်ကောင်း၊ ၂၉ လမ်း ၈၄ လမ်းမှ ၈၆ လမ်းကြားအထိ လည်ကောင်း၊ ၂၈ လမ်း ၈၄ လမ်းမှ ၈၆ လမ်းအထိ လည်ကောင်း၊ ၈၅ လမ်း ၂၈ လမ်းမှ ၂၉ လမ်းကြားအထိ လည်ကောင်း ညစဉ် ရောင်းဝယ် ဖောက်ကားလျှက် ရှိရာ ဟင်းသီးဟင်းရွက် ပျံကျ ကုန်စိမ်း ဈေးသည် ၇၀၀ ခန့် ရှိသည်။
ယင်းဈေးကို မဟာအောင်မြေ မြို့နယ် ၄၁ လမ်းနှင့် မြို့ပတ် ကမ်းနားလမ်းဆုံသို့ ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်း၊ ၄၁ လမ်းရှိ ဈေးတွင် မြေဧက ၂ ဧက ပေးထားပြီး ရေလောင်းအိမ်သာ ကျား ၄ လုံး၊ မ ၄ လုံး အပြင် ရွေ့လျားအိမ်သာ ၂ လုံး ပါဝင်ကြောင်း၊ ရေချိုးကန် ၂ ကန်ကို လည်း တည်ဆောက် ပေးထားကြောင်းနှင့် မီးတိုင်များ၊ ဆိုင်ကယ်နှင့် ကား ရပ်နား အပ်နံှနိုင်သည့် နေရာများ အပြင် လုံခြုံရေးများလည်း ညစဉ် ချထားပေးမည် ဖြစ်ကြောင်း သိရသည်။