ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ၂ လပြည့်နေ့ဖြစ်တဲ့ ဒီနေ့မှာ မောင်တောမြို့နယ် အတွင်း ဗုံးဖောက်ခွဲမယ်
ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဈေးဆိုင်တွေ ပိတ်ထားပြီး လူအသွားအလာ နည်းပါး နေတယ်လို့ မောင်တော ဒေသခံတွေက ပြောပါတယ်။
ဈေးဆိုင်တွေကို ပိတ်ခိုင်း တာကတော့ အာဏာပိုင် အဖွဲ့အစည်းတွေ ဖြစ်ပြီး ပြည်သူတွေ ကိုယ်တိုင်ကလည်း ကိုယ့်သတိနဲ့ကိုယ် အပြင်မထွက်ကြဘဲ သွားစရာ ရှိတယ်ဆိုရင်တောင် သတိနဲ့ သွားလာနေကြ တယ်လို့ မောင်တော မြို့ခံတဦးဖြစ်သူ ဒေါ်ခင်မြင့်က ဆိုပါတယ်။
“ဒီနေ့ အခြေအနေက ကောလာဟာလတွေ ပြန့်နေတယ်။ ဟိုလူက ဗုံးဖောက်ခွဲမယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့
အစိုးရ အာဏာပိုင်တွေက ဈေးဆိုင်တွေကို ပိတ်ခိုင်းတယ်။ မောင်တောမှာ ဒီနေ့ ဆိုင်တွေ အကုန်လုံး ပိတ်ထားတယ်။ ဟင်းစိမ်း၊ ငါးစိမ်းတွေကို ရွာသားတွေက ကိုယ့်ရပ်ကွက်ထဲမှာပဲ ရောင်းတယ်။ ဟိုသွားဒီသွား သိပ်မရှိကြဘူး။ ယောကျာ်တွေ ကတော့ ဆိုင်ကယ်နဲ့ သွားလာနေတာ တချို့ရှိတယ်” လို့ သူက ပြောပါတယ်။
မောင်တောမြို့ကို ပုံမှန် လာနေကျဖြစ်တဲ့ ၄ မိုင်၊ ၅ မိုင် စတဲ့ ကျေးရွာတွေက ဟင်းသီးဟင်းရွက်၊ သားစိမ်းငါးစိမ်း ဈေးသည်တွေကိုလည်း ဒီနေ့ လာရောင်းတာ မတွေ့ကြောင်းနဲ့ မောင်တော အထက ကျောင်းက ဒုက္ခသည်တွေကို မုန့်သွားရောင်းတဲ့ ဈေးသည် တဦးကိုလည်း လုံခြုံရေးတွေက မြန်မြန်ရောင်းပြီး မြန်မြန်ပြန်ဖို့ တိုက်တွန်းတယ် ဆိုတဲ့ အကြောင်း သိရပါတယ်။
ဈေးဆိုင်တွေ ပိတ်ထားတာ မှန်ကန်ကြောင်းနဲ့ မြို့ပေါ်ရော၊ ကျေးရွာတွေမှာပါ ပြည်သူတွေ သတိရှိရှိနဲ့ နေနေကြရတယ်လို့ မောင်တောမြို့ ၃ မိုင် ကျေးရွာမှာနေတဲ့ ကိုထွန်းခိုင်က ပြောပါတယ်။
“ဈေးတွေ ပိတ်ထားတယ်၊ လုံခြုံရေးတွေလည်း ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့က ၈ ရက်၊ ပဋိပက္ခ ၂ လပြည့်နေ့ ဖြစ်လို့လေ။ အားလုံး သတိနဲ့ သွားလာကြတယ်။ အခု သူတို့ဘင်္ဂါလီတွေက နေရာတကာမှာ ပြဿနာကို လိုက်ရှာနေတဲ့ အခြေအနေဖြစ်နေတာ ကြောင့်လည်း ပါတယ်လေ” လို့ သူက ရှင်းပြပါတယ်။
ပဋိပက္ခ ဖြစ်ပြီး နှစ်လပြည့်တဲ့ အချိန်အထိ မောင်တော ဈေးကြီး ပြန်မဖွင့် နိုင်သေးပေမယ့် လမ်းဘေးဈေးဆိုင် တွေကတော့ ပြီးခဲ့တဲ့ လလယ်လောက်က ပြန်လည် ဖွင့်လှစ် ရောင်းချနေပါပြီ။ ဒီနေ့မှာတော့ အဲဒီ ဈေးဆိုင်တွေကိုပါ ပြန်ပိတ်ထားတာ ဖြစ်ပါတယ်။
အစိုးရ ဌာနတွေအနေနဲ့ အမိန့်နဲ့ တားမြစ်တာမျိုး မဟုတ်ဘဲ သတိရှိရှိနဲ့ နေထိုင်သွားလားပြီး ဈေးဆိုင်တွေကို ပိတ်ထားကြဖို့ နီးစပ်ရာကို ပြောထားတဲ့ သဘောလောက်သာ ဖြစ်တယ်လို့ မောင်တော ဒေသအာဏာပိုင် အဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မောင်တောမြို့ပေါ်က စာသင်ကျောင်းတွေကို မနေ့ကမှ ပြန်ဖွင့်တာဖြစ်ပြီး ဒီနေ့မှာတော့ ကျောင်းတက်တဲ့ ကျောင်းသားတွေ မတွေ့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
“မနေ့က ကလေးတွေကတော့ ကိုယ့်ရပ်ကွက်ထဲက ကျောင်းကို သွားတက်ကြတယ်။ ဒီနေ့တော့ ကလေးတွေကို ကျောင်း မတက်ခိုင်းဘူး။ ကိုယ့်ရပ်ကွက်ထဲက ရှိနေတဲ့ ကျောင်းကိုတောင် မတက်ကြဘူး” လို့ ဒေါ်ခင်မြင့်က ဆိုပါတယ်။
ဒီနေ့ဟာ ပဋိပက္ခ စဖြစ်ခဲ့တဲ့ ၂ ပြည့်ဆိုပေမယ့် လုံခြုံရေးတွေ ရှိနေတာကြောင့် ဇွန်လ ၈ ရက်နေ့ကလို မြို့လုံးကျွတ်
ပဋိပက္ခတွေ ဖြစ်လာတဲ့ အထိ ဆိုးရွားလာနိုင်စရာ မရှိဘူးလို့ မောင်တော မြို့ခံတွေက ပြောပါတယ်။
“လုံခြုံရေး များနေတာက ၆ ရက်နေ့ကတည်းက များနေတာ။ လုံခြုံရေးတွေ ကတော့ သူတာဝန်နဲ့သူ ရှိနေကြတယ်။ ထင်ထင်ပေါ်ပေါ်တော့ သိပ်မနေဘူး” လို့ ဒေါ်ခင်မြင့်က ဆိုပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခစတင်ဖြစ်ပွားရာ မောင်တောမြို့နယ် အတွင်းမှာ ၂ လကြာတဲ့အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။