သတင်း

ကင်တာနာနှင့် မြန်မာ့အရေး လှုပ်ရှားသူများ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် ထိုင်း-မြန် မာ နယ်စပ် မဲဆောက် မြို့ ၌ မြန်မာအဖွဲ့ အစည်းများနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေး ဆိုင်ရာများ၊ ရခိုင်နှင့်ကချင် အရေးများ ကို ယမန်နေ့က ဆွေးနွေးကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၊ ဒေါက်တာ စင်သီယာမောင်၊ ကရင်အမျိုးသမီး အဖွဲ့၊ က ရင် လူ့အခွင့်အရေးအဖွဲ့၊ လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်(ND-Burma)၊ ပလောင်လူငယ်အဖွဲ့၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBBC) စသည့်အဖွဲ့ အစည်းများနှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာများ ကို မစ္စတာ ကင်တာနာနှင့် ဆွေးနွေးကြသည်ဟု တက်ရောက်သူများ က ပြောသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသား၊ မြေသိမ်းယာသိမ်း၊ နယ်စပ်ဒေသရှိ ဒုက္ခသည်များ နေရပ်ရင်း ပြန်နိုင်ရေး စသည့် အကြောင်း အရာများကိုလည်း ဆွေးနွေးကြကြောင်း AAPP ၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် က ဧရာဝတီ ကို ပြောသည်။

၎င်းက“ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း၊ ကချင်နဲ့ ရခိုင်ဘက်မှာဖြစ်နေတဲ့ အဖမ်းအဆီးတွေအကြောင်း၊ နောက် မြန်မာတနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ လယ်ယာမြေ အသိမ်းခံရတဲ့အကြောင်းတွေ ပြောဖြစ်တယ်”ဟု ဆို သည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသား ၄၄၂ ဦး ရှိသေးကြောင်း၊ ကချင်ပြည်နယ်တွင်လည်း ဖမ်းဆီးမှုများ ရှိနေပြီး ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များကို ဆွေးနွေးခဲ့ကြောင်း ဦးဘိုကြည် က ဆက်ပြောသည်။

မစ္စတာ ကင်တာနာသည် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသားများနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့် ကချင်
ပြည်နယ်၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ အပေါ် စိုးရိမ်သည့် အခြေအနေများကို အကျယ်တဝင့်ရှင်းပြသည့်အပြင် ပြည်တွင်း ငြိမ်း ချမ်းရေးဆွေးနွေးမှု၊ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု ရှိမရှိတို့ကို မေးမြန်း ဆွေးနွေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် နိုင်ငံရေး အပြောင်းအလဲ တချို့ရှိသည် မှန်သော်လည်း နောက်ကြောင်း ပြန်လှည့်မသွား
နိုင်ဟု ယုံကြည်၍ မရသေးကြောင်း၊ လယ်ယာမြေ သိမ်းယူမှုကြောင့် ဆန္ဒပြသည့်လယ်သမားများ အဖမ်းခံနေရခြင်း၊ အလုပ် သမား အခွင့်အရေး တောင်းဆိုသူ အလုပ်သမားတချို့ အလုပ်ထုတ်ခံရခြင်း စသည်များ ရှိနေသေးသည်ဟု ရှင်းပြ ဆွေးနွေး ခဲ့ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု(FDB) မှ ဒေါက်တာ နိုင်အောင် က ပြောပြသည်။

“အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဟာလည်းပဲ တကယ်ဖြစ်မဖြစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိ ဆိုတာကို အရပ် သား အဖွဲ့အစည်းတွေက စောင့်ကြည့်ဖို့ လိုသလို သမာသမတ်ကျတဲ့ နိုင်ငံတကာ အဖွဲ့တွေ ကလည်းပဲ စောင့်ကြည့်သင့်တယ် ဆိုတာကို ဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

နယ်စပ်ဒေသများရှိ ဒုက္ခသည်များ နေရပ်ရင်း ပြန်မည်ဆိုပါက နိုင်ငံရေးအရ သဘောတူညီမှု ရယူကာ ၎င်းတို့၏ ဆန္ဒ သဘော ထားကို မေးမြန်းပြီးမှ ပြန်ပို့ပေးရန် အရေးကြီးကြောင်းလည်း ဒေါက်တာ နိုင်အောင် က ပြောဆိုသည်။

ကရင် လူ့အခွင့်အရေး အဖွဲ့ တာဝန်ခံ စောအဲလ်ဘတ် ကလည်း  အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို တဘက်တွင် လုပ်ဆောင် နေသော်လည်း အခြားတဘက်၌ တိုက်ပွဲများ ဆက်လက် ဆင်နွှဲနေကြောင်းနှင့် မြေမြှုပ်မိုင်းအရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

“လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပုံစံက ၂၀၁၀ နောက်ပိုင်းမှာ ပုံစံ ပြောင်းသွားတယ်၊ အရင်ကဆိုရင် ရွာသားတွေကို ဖမ်းဆီး တာ၊ ရိက္ခာပို့ဖို့ တရွာက ၂၀၊ ၃၀ ပေါ်တာဆွဲတာတွေ လုပ်ခဲ့ပေမယ့် အခု အပစ်ရပ်ပြီး နောက်ပိုင်းကာလတွေမှာ ရွာသားတွေ ပိုင်ဆိုင်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီ တွေကို ရိက္ခာ ပို့တဲ့ နေရာမှာ သုံးနေတယ်”ဟု ၎င်းက ဆိုသည်။

စစ်ပြေး ဒုက္ခသည်များ၏ လယ်ယာမြေများကို အစိုးရက စီးပွားရေး ကုမ္ပဏီများထံ ရောင်းချထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုက္ခသည်များ အတွက် အာမခံချက်နှင့် လုံခြုံမှုလည်း မရှိသေးကြောင်း စောအဲလ်ဘတ် က ပြောဆိုသည်။

မစ္စတာ ကင်တာနာသည် ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့်မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ လေ့ လာ စုံစမ်းရန် မြန်မာနိုင်ငံသို့ တပတ်ခန့် ခရီးသွားရောက်ခဲ့ပြီးနောက် မဲဆောက်၌ မြန်မာ အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ် သည်။

၎င်း၏ ဇူလိုင် ၃၁ နှင့် သြဂုတ် ၁ ရက် ရခိုင်ဒေသ ခရီးစဉ်နှင့်ပတ်သက်၍ တဘက်သတ် ဆန်သည်ဟု ရခိုင်ဒေသခံများ၊ လူမှုအဖွဲ့များ၊ ရခိုင်နိုင်ငံရေး ပါတီများ နှင့် ၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး တို့ကလည်း ဝေဖန်ထားကြ သည့် အပြင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကလည်း ဝေဖန် ထောက်ပြထားသည်။

ရခိုင်ဒေသတွင်း ခရီးစဉ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက စီစဉ်ပေးပြီး ၎င်းတွေ့လိုသူများ အားလုံးနှင့်တွေ့
ဆုံပေးခဲ့ကြောင်း၊ သို့သော် ပြည်နယ် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှု၊ မေးမြန်းမှု လုံး၀ မရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။

“ကျနော် ကိုယ်တိုင်လည်း လိုက်ပါပြီး တွေ့ချင်သူတွေနဲ့တွေ့ ပေးတယ်၊ ဒါပေမယ့် အစိုးရအဖွဲ့ကို မေးမြန်းတာ ဘာမှ မရှိဘူး၊
ကျနော်တို့က ဘာမှ ရှင်းပြဖို့ အခွင့်အရေးပေးတာမျိုး မရှိဘူး၊ လူ့အခွင့်အရေး ကိုယ်စားလှယ် တယောက်အနေနဲ့ ဒီလို မလုပ် သင့်ဘူးလို့ ယူဆတယ်”ဟု ၎င်း က ဆိုသည်။

မစ္စတာ ကင်တာနာ သည် ရခိုင်ဒေသမှ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ ခရီးစဉ် အတွင်း အစ္စလမ်ဘာသာရေး ခေါင်း ဆောင် များ၊ ဘင်္ဂါလီ လူမျိုး ဒုက္ခသည်များ နှင့်သာ သီးသန့်တွေဆုံ မေးမြန်းမှုများ ပြုလုပ်သွားကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာ အစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ကင်တာနာက ပြော ဆိုခဲ့သေးသည်။ ၎င်းသည် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

Loading