ယနေ့ ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားများမှ တဆင့် နှစ်စဉ် သြဂုတ်လ ၈ ရက်နေ့ တိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ရန် တိုက်တွန်းကြကြောင်း သတင်းရရှိသည်။
မန္တလေး၊ ရန်ကုန်နှင့် နယ်မြို့အသီးသီးတွင် ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်လာကြသူများက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့သည် မြန်မာနိုင်ငံ နိုင်ငံသူ နိုင်ငံသားအသီးသီး အားလုံး ဦးဆောင်ပါဝင်သည့် ထူးခြားသော သမိုင်းဝင်နေ့ ဖြစ်သည့်အတွက် ထိုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားများကို မန္တလေး၊ ရန်ကုန်၊ ထားဝယ် အစ ရှိသည့် မြို့နယ်အသီးသီးတို့တွင် လည်းကောင်း၊ နိုင်ငံတကာရောက် မြန်မာများက လည်းကောင်း ကျင်းပကြ သည်။
ထူးခြားသည်မှာ ယခုနှစ် ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနားသည် အစိုးရက အသိအမှတ်ပြုသည့် လက္ခဏာဖြင့် ကျင်းပသည့် ပထမဆုံးသော အခမ်းအနားလည်း ဖြစ်သည်။
မန္တလေးမြို့ရှိ ဒက္ခိဏ ရာမ ကျောင်းတိုက်တွင် ယနေ့ နံနက်မှ စတင်ကာ အပိုင်း ၂ ပိုင်းခွဲ ကျင်းပသော ရှစ်လေးလုံး ငွေရတု အကြိုအခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့အပါအဝင် တက်ရောက်လာသူ စုစုပေါင်း ၃ ထောင်ကျော်ခန့် ရှိသည်။
အဆိုပါ အခမ်းအနားတွင် ရှစ်လေးလုံး အရေးတော်ပုံ၏ ထူးခြားမှုများကို ပြောဆို ဆွေးနွေးခဲ့ကြသည့် အပြင် ယနေ့ ကျရောက်သည့် ရှစ်လေးလုံး ၂၄ နှစ်မြောက် နေ့တွင် သြဂုတ်လ ၈ ရက်နေ့တိုင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရေစီ နေ့အဖြစ် သတ်မှတ် ကျင်းပသွားကြရန် တက်ရောက်လာသူများနှင့် ဆွေးနွေးသူများက သဘောတူ ဆော်သြကြပြီး ဆက်လက်ကြိုးပမ်းသွားရေး သန္တိဌာန် ချမှတ်ကြောင်း သိရသည်။
“ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ လူတိုင်းက ခေါင်းဆောင်ဖြစ်တယ်၊ နိုင်ငံသားတိုင်းက ဦးဆောင်တဲ့ အရေး တော်ပုံကြီး ဖြစ်တဲ့အတွက် ထူးခြားတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
နိုင်ငံပြုပြင် ပြောင်းလဲရေး၊ နိုင်ငံတော် တည်ဆောက်ရေးကို ဖော်ဆောင်ရာတွင် အားလုံး ပူးပေါင်းပါဝင်သည့် နိုင်ငံရေး စနစ် ဖြစ်ရေး၊ ရှစ်လေးလုံး “ဒို့ အရေး” စိတ်ဓာတ် ပြန်လည်နိုးကြား တက်ကြွလာစေရေး အတွက် အားလုံးက ဝိုင်းဝန်း ကြိုးစားကြရန် တိုက်တွန်းကြောင်းလည်း သူက ဆက်ပြောသည်။
ရှစ်လေးလုံးကာလတွင် ပါဝင်ခဲ့ကြသူများ စုဖွဲ့ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးလိုလားသူများ ဦးဆောင်ကာ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌လည်း ရှစ်လေးလုံး အရေးတော်ပုံ ၂၄ ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ရဟန်း သံဃာ ၂၀ ကျော် တက်ရောက်ပြီး နာယကများအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်တို့က တာဝန်ယူကာ တက်ရောက်သူ စုစုပေါင်း ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် တက်ရောက် ဆွေးနွေး ပြောကြားသူများ အားလုံး စည်းလုံး ညီညွတ်စွာဖြင့် ရှစ်လေးလုံး စိတ်ဓာတ်နှင့်အညီ ရှစ်လေးလုံးမှ စတင်သည့် နိုင်ငံရေး ရည်မှန်းချက်များကို ဆက်လက် အကောင် အထည် ဖော်ရန် လိုအပ်ကြောင်းနှင့် သမိုင်းဝင်နေ့ ဖြစ်သည့်အတွက် နောင်တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ နေ့အဖြစ် သတ်မှတ်ရေး တောင်းဆိုမည်ဆိုသည့် အချက်ကို ဆွေးနွေးသွားကြသည်။
ထို့အပြင် မြန်မာ့သမိုင်းတွင် အကြီးကျယ်ဆုံး အရေးတော်ပုံကြီး ဖြစ်သောကြောင့် ကွယ်လွန်သွားသူများ အတွက် စုံစမ်း ဖော်ထုတ်ပြီး အသိအမှတ်ပြုရေး ဆက်လုပ်သွားရန် လိုကြောင်း ဦးဆောင်ဆွေးနွေးသူများက ပြောဆိုခဲ့ပြီး တက်ရောက်လာသူ များက အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစားပေး ပြောဆိုဆွွေးနွေး သွားကြကြောင်း သိရသည်။
“ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျဆုံးသွားသူ ၃ ထောင်ကျော် ရှိတယ်လို့ ပြောကြပါတယ်။ ဒီကနေ့အထိ စာရင်း အတိအကျ ကောက်လို့ မရသေးပါဘူး။ ဒါပေမယ့် သေဆုံးသွားကြသူတွေ အားလုံးဟာ ကျနော်တို့အားလုံးရဲ့ ကျေးဇူး ရှင် တွေဖြစ်တယ်။ အာဇာနည်တွေဖြစ်တယ်” ဟု အခမ်းအနား တက်ရောက်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်မင်း က ဆိုသည်။

အလားတူ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်အဖွ့ဲ) က ဦးစီးကျင်းပသည့် ထားဝယ်မြို့ ဇေယျဝတီ စာသင်တိုက်၌ သံဃာ များအား ဝါဆိုသင်္ကန်းကပ်ပြီး ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို ကျင်းပခဲ့သည်။
ထားဝယ်တွင် ကျင်းပသည့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို တက်ရောက်သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သော ကိုမင်းဇေယျာက သံဃာတော်များကို ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပြီးနောက် ရှစ်လေးလုံး အရေးတော်ပုံ၏ သမိုင်းအကျဉ်း၊ ကျင်းပရသည့် ရည်ရွယ်ချက်တို့ကို တက်ရောက်လာသူ ပရိတ်သတ် ၁၅၀ ကျော်တို့ အား ရှင်းပြခဲ့သည်ဟု သိရသည်။
“လက်ရှိအနေအထားရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သူ့အလိုလို စေတနာ ရှိလွန်းလို့ ဖြစ်လာတဲ့ အရာ မဟုတ်ဘဲနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကာလကနေ အခုအချိန်ထိ ဒီမိုကရေစီလိုလားတဲ့ သူရဲကောင်းတွေရဲ့ သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ ရင်းပြီးတော့ ရခဲ့တဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ ဒီ အခွင့်အရေးတွေကို နောက်ပြန် မဆုတ်သွားဖို့ အတွက်၊ ဒီအခွင့် အရေးတွေကို အပြည့်အ၀ ရရှိဖို့အတွက် ဆက်လက်ပြီးတော့ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု ကိုမင်းဇေယျာက ပြောသည်။
သမိုင်းတွင် အရေးကြီးသည့် ရှစ်လေးလုံး အရေးတော်ပုံကို အစိုးရက ပထမဆုံး အသိအမှတ်ပြုမှု လက္ခဏာသည် ယမန်နေ့က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု အစိုးရ ဝန်ကြီးများတွေ့ဆုံစဉ်က သိလိုက်ရသည်ဟု ကိုကိုကြီးက ဆိုသည်။
ဝန်ကြီး ၂ ဦးဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်းတို့က သမ္မတထံ အသိပေးပြီး သမ္မတ ခွင့်ပြုချက်ဖြင့် လာရောက်သည့် အတွက် ပထမဆုံး ရှစ်လေးလုံး အရေးတော်ပုံကို အသိအမှတ်ပြုသည့် လက္ခဏာကောင်း ဖြစ်ကြောင်း၊ ထို့နောက် ၎င်းတို့က အလှူငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း သူက ဧရာဝတီကို ပြောသည်။
“သမ္မတ ခွင့်ပြုချက်နဲ့ လာတာလို့ ပြောပါတယ်။ ဒါဟာ ရှစ်လေးလုံးကို အသိအမှတ်ပြုတဲ့ သဘောပဲ။ ရှစ်လေးလုံး ဆိုတာ အဖျက်အမှောင့် တခုလို့ တလျှောက်လုံး စွပ်စွဲ ပုတ်ခတ် လာခဲ့ရာကနေ နိုင်ငံတော် အဆင့် အသိအမှတ် ပြုလာတယ် ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကောင်းတဲ့ အရိပ်လက္ခဏာပဲလို့ နားလည် ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် နှစ်ပေါင်း ၂၄ နှစ်ကြာခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရအဆင့် အသိအမှတ်ပြု ခံရသည့် ပထမဆုံး ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို မန္တလေး၊ ရန်ကုန်၊ ထားဝယ် စသည့် မြို့နယ်အသီးသီးတွင် ကျင်းပကြခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များက ဆိုသည်။
ထို့အပြင် ရှစ်လေးလုံးကာလ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည့် အာဇာနည်များ၏ ဂုဏ်ကျေးဇူးကို လေးစား တန်ဖိုးထားသည့် အနေဖြင့် သမိုင်းမှတ်တမ်း ရှိရန် လိုအပ်ကြောင်းလည်း ယနေ့ အခမ်းအနားများတွင် ဆွေးနွေး ပြောဆို သွားကြကြောင်းလည်း သိရသည်။
မြန်မာ့ လူ့အဖွဲ့အစည်းသည် ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် လူ့အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒဏ်ရာများ ကုစားသည့် နေရာတွင် သမိုင်းမှတ်တမ်းအမှန် ကျန်ရှိဖို့ လိုအပ်ကြောင်း၊ အာဃာတ ထားခြင်းမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ဖြစ်ကြောင်း ကိုကိုကြီးက ပြောသည်။
“အဲဒီလူ့အဖွဲ့အစည်းကို ပြန်ပြီးတော့ ကုစားတဲ့နေရာမှာ ဒီ ဒဏ်ရာ ဒဏ်ချက်တွေ ဖြစ်ခဲ့တယ်၊ ဒီလို မတော် မတရား မှုတွေ ဖြစ်ခဲ့တယ် ဆိုတာကိုလည်း မှန်မှန်ကန်ကန် မှတ်တမ်းတင်နိုင်ဖို့၊ မှတ်တမ်းတင်ပြီး ထိခိုက် ဒဏ်ရာ ရခဲ့တဲ့၊ အနာတရ ဖြစ်ခဲ့တဲ့သူတွေကို အသိအမှတ်ပြုဖို့၊ ဂုဏ်ပြုဖို့ လုပ်တာဟာ ဒဏ်ရာကို အကောင်းဆုံး ကုစားတဲ့ နည်းပဲ” ဟု ၎င်းက ဆိုသည်။
ရှစ်လေးလုံး သမိုင်းမှတ်တမ်းမှန် ရရှိရေး ကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က တွေ့ဆုံခဲ့သည့် အစိုးရ ဝန်ကြီးများကလည်း လက်ခံ နားလည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“အဲဒီတုန်းက ဘယ်သူတွေ သေခဲ့ကျေခဲ့တာတွေက အစ စာရင်းလေး အင်းလေးနဲ့၊ အဲဒီတုန်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန် ပြုစုနိုင်ရင် ကောင်းတယ်လို့ ဦးစိုးသိန်းကတော့ ပြောပါတယ်” ဟု ကိုကိုကြီးက ဆို သည်။
၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ အနှံ့ လူထု လူတန်းစား အလွှာအသီးသီးက တပါတီအာဏာရှင် စနစ်ကို ဆန့်ကျင်တော် လှန်ခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်ရေး အပြည့်အ၀ ရှိသည့် မြန်မာနိုင်ငံဖြစ်ပေါ်ရေး တောင်းဆို ဆန္ဒပြမှုသည် မြန်မာ့ သမိုင်းတွင် အလွန်ကြီးကျယ်ပြီး မြန်မာနိုင်ငံသစ်ကို မွေးဖွားလိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က စစ်တပ်က ရက်စက်စွာဖြိုခွင်း ပစ်ခတ်မှု၊ ဖမ်းဆီးမှုတို့ကြောင့် သေကြေ၊ ဒဏ်ရာရသူ များစွာရှိခဲ့ပြီး သတင်းများ၏ အဆိုအရ နိုင်ငံအဝန်း ၃၀၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း ယနေ့ထိ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု မှတ်တမ်းများ မလုပ်နိုင်သေးပေ။
မန်းသားလေး ပူးပေါင်း ရေးသားသည်။