ပဲခူးတိုင်း ပြည်မြို့၌ ကလေးငယ် ၁၅ ဦးခန့်ပါဝင်သည့် အိုးအိမ်မဲ့ မိသားစုများကို ရဲတပ်ဖွဲ့ နှင့် စည်ပင်သာယာရေး ဝန်ထမ်းများ က အဓမ္မ ဖမ်းဆီးပြီး ၃၅ မိုင်ခန့် အကွာရှိ ရခိုင်ရိုးမ အခြေသို့ သွားရောက်စွန့်ပစ်ကြောင်း သတင်းရသည်။
ပြီးခဲ့သည့် စနေနေ့ညတွင် ဖမ်းဆီး၍ အမှိုက်ကားဖြင့်သယ်ဆောင် စွန့်ပစ်ခံရသည့် ကလေးငယ်များမှာ အသက် ၃ နှစ်မှ ၁၂ နှစ် အကြားဖြစ်ပြီး မိဘမဲ့များ ပါဝင်ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် လူကြီးများလည်း ပါဝင်ကြောင်း၊ ပြည်မြို့ ကမ်းနားလမ်းနှင့် ညဈေးတန်းတဝိုက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ကလေးများမှာ မြို့ခံ လူငယ်များ ဖွင့်လှစ်ထားသော “ကရုဏာ လက်များ ကွန်ရက်” စာသင်ကျောင်းတွင် ပညာသင်ကြားနေသူများဖြစ်ကြောင်း စာသင်ကျောင်း တာဝန်ခံ တဦးဖြစ်သည့် ကိုဗသျှီး က ဧရာဝတီသို့ ပြော သည်။
“ကျောင်း အမြဲတက်တဲ့ကလေးတွေ နှစ်ရက်လောက် ပျောက်သွားတော့ စုံစမ်းတဲ့အခါ ညကြီးဖမ်းသွားပြီး ဥသျှစ်ပင် ဟိုဘက်မှာ သွားစွန်ခဲ့တယ်၊ လမ်းမှာနှစ်ညလောက် အိပ်ပြီး လမ်းလျှောက်ပြန်လာကြတာ”ဟု ၎င်းက ဆိုသည်။
ကရုဏာလက်များ စာသင်ကျောင်းမှ ဖမ်းဆီးခံရသည့် ကလေးငယ်များမှာ ဇင်မာလှိုင်၊ ဘောလေး၊ မြတ်မြတ်ထွေး၊ စုဝေ၊ ရဲဇော် စသည့် ကလေးငယ်များ ဖြစ်သည်ဟု သိရသည်။
ကလေးငယ်အများစုသည် မိဘမဲ့များ ဖြစ်ကြပြီး စားဝတ်နေရေးအတွက် စွန့်ပစ်ပစ္စည်းများ ကောက်ယူရောင်းချခြင်း၊ တောင်းရမ်း စားသောက်ခြင်းဖြင့် ရပ်တည်ရသည့်အနေအထားမှ လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ရောက်ရှိ လာစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန် လာစေရန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေရန်အတွက် ရည်ရွယ်ပြီး ဤကျောင်းကို ဖွင့်လှစ်ခြင်းးဖြစ်သည်ဟု ကိုဗသျှီး က ဆက်ရှင်းပြသည်။
“ကရုဏာလက်များ” စာသင်ကျောင်းကို ပြည်မြို့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားများက လွန်ခဲ့သည့် ၃ လခန့်က ဆံတော်ရပ်ကွက် မြကွမ်းတောင် ဘုန်းကြီးကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကလေးငယ်များအား နံနက် ၈ နာရီမှ ၁၁ နာရီအထိ မြန်မာစာ အရေး အဖတ် နှင့် ဘာသာရေး အဆုံးအမစာများကို သင်ကြားပေးကြောင်း၊ နေ့လယ်စာကိုလည်း ကျောင်းမှကျွေးမွေးကြောင်း သိရသည်။
ပြည်မြို့အမှတ် (၂) ရဲစခန်းနှင့် မြို့နယ်စည်ပင်သာယာရေး ရုံးသို့ ဧရာဝတီမှ မေးမြန်းရာ ကလေးငယ်များနှင့် အိုးအိမ်မဲ့မိသားစုများအား ဖမ်းဆီးစွန့်ပစ်ခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုသွားသည်။
ပြည်မြို့ လူမှုဝန်ထမ်းဦးစီးဌာနမှလည်း အဆိုပါ သတင်းကို ကြားသည့်အတွက် ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်စုံစမ်း မေးမြန်းထားကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အိုးမဲ့အိမ်မဲ့များအပါအဝင် လေလွင့်လူငယ်များ ပြုပြင်ရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနက ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင်သာ လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားနိုင်သည်ကို တွေ့ရ သည်။
ပြည်မြို့မှ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းက ဘဝပေးအခြေအနေကြာင့် တောင်းရမ်းရှာဖွေစားသောက်ရသည့် က လေးငယ်များကို ဖမ်းဆီး စွန့်ပစ်ခြင်း၊ လူငယ်အကျဉ်းထောင်များသို့ပို့ကာ ထိန်းသိမ်းခြင်းသည် မှန်ကန်သောနည်းလမ်းများ မဟုတ် ကြောင်း၊ အစိုးရသစ်အနေဖြင့်လည်း လေလွင့်ကလေးငယ်များ ရှေ့ရေးအတွက် သီးသန့်အစီအစဉ်များ ထားရှိကာ လုပ်ဆောင်ပေး သင့်ကြောင်း၊ ဒေသတွင်းရှိ လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ကာလကြာရှည်စွာ ကလေးပြုစု စောင့်ရှောက်ရေး တာဝန်ယူနိုင် မည်ဟု မထင်ကြောင်း ထောက်ပြပြောဆိုသည်။
လွန်ခဲ့သည့်နှစ်က ပြည်မြို့တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)နှင့် ပုဂ္ဂလိကအဖွဲတဖွဲ့တို့ ပူးပေါင်းပြီး ကလေး သူငယ် ဖွံဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းလုပ်ဆောင်ခဲ့သော်လည်း ယခုအခါ ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိ
တော့ပေ။
လက်ရှိအခြေအနေတွင် ပြည်မြို့ရှိ ရတနာမဉ္ဇူရီ၊ စင်္ကြန်တောင်၊ခမ်းရတနာ၊ ကျောက်တောင်၊ ဝေပုလ္လစာရီ စသည့် ဘုန်းတော်ကြီး ကျောင်းများတွင်သာ ကလေးသူငယ်များကို စောင့်ရှောက်ပြီး စာပေသင်ကြားပေးနေသည်။