သတင်း

နိုင်ငံသား ပြန်လည်စိစစ်ရေး အဆို လွှတ်တော်ပယ်ချ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံသား စိစစ်ရေး ကတ်များကို မသမာသော နည်းလမ်းသုံးကာ ကိုင်ဆောင်ထားသည့် အိမ်နီးချင်းနိုင်ငံများမှ စိမ့်ဝင် လာသူများအား ဖော်ထုတ် အရေးယူသွားရန် တိုက်တွန်းသည့် အဆိုကို ယမန်နေ့က အမျိုးသား လွှတ်တော်က ဆက်လက် မဆွေးနွေးသင့်ကြောင်း ကြေညာလိုက်သည်။

သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၄ မှ ဒေါက်တာ မြတ်ဉာဏစိုးက “အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင် ရောက်ရှိနေခြင်း၊ မသမာ သော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေး အတွက် အမျိုးသားရေး တာဝန်အဖြစ် အထူး စီမံချက်တရပ် ချမှတ် ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း” သည့် အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ခံခဲ့သည်။

သို့သော် ၎င်းအဆိုကို သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ် ရှိသည့်အတွက် သဘောတူသူများက မတ်တတ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏ ဆန္ဒကို ရယူရာ မတ်တတ်ရပ်သည့် လွှတ်တော် ကိုယ်စားလှယ် ၄ဝ ဦး မပြည့်သည့်အတွက် ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ကြေညာခဲ့သည်ကို နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဖော်ပြသည်။

သဘောမတူသည့် မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်းအဆိုကို လတ်တလော မဆွေးနွေးသင့်ကြောင်း၊ ပုဒ်မ ၁၄၄ ရုပ်သိမ်း ပြီးမှသာ ဆွေးနွေးသင့်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကို ထောက်ပြ၍ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်၍ ဖြစ်ကြောင်း၊ ယခုကိစ္စသည် အမြဲတမ်း ပုံမှန် လုပ်ဆောင်သင့်သည့် ကိစ္စ ဖြစ်ကြောင်း၊ ဆွေးနွေးရန် အချိန်စောနေသေးကြောင်း ပြောဆိုကာ ကန့်ကွက်ခဲ့သည်။

ဒေါက်တာ မြတ်ဉာဏစိုး၏ အဆိုကို မတ်တတ်ရပ်ကာ ထောက်ခံသူ ဦးရေသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုယ်စားလှယ်များနှင့် ရခိုင် ပါတီ များက ကိုယ်စားလှယ် ၂၈ ဦးသာ ရှိပြီး ၄၀ ဦးမပြည့်၍ ယခုကဲ့သို့ အဆိုတင်သွင်းမှု ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အဆိုတင်သွင်းမှု ဆက်လက်ဆွေးနွေးခွင့် မရခြင်းသည် ကြီးမားသည့် အန္တရာယ်တခုကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုကြသည်။

“အဲဒီအဆို လွှတ်တော်မှာ ဆွေးနွေးဖို့ ရှုံးနိမ့်တယ်ဆိုတာ အင်မတန် ကြီးမားတဲ့ အန္တရာယ်တခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်တယ်လို့ ကျနော်မြင်တယ်” ဟု မန္တလေးမြို့က စာရေးဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

မြန်မာ့ တပ်မတော်သားများသည် ရှေ့တန်းတွင် အသက်စွန့် တိုက်ပွဲဝင်နေသည့် အချိန်တွင် နောက်တန်းမလုံသည့် အတွက် မြန်မာ့မြေယာ များစွာ ဆုံးရှုံးခဲ့ရပြီး လူမျိုးခြားများ၏ လက်ထဲကို ကျရောက်သွားခဲ့ ရသည့်အကြောင်းကို ၎င်းအနေဖြင့် ရေးပြခဲ့ဖူးကြောင်း၊ လူမျိုခြင်းသည် အန္တရာယ်ကြီး တရပ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“လဝက ရုံးတွေမှာ အမြဲတမ်း ကပ်ထားတဲ့ ဆောင်ပုဒ် တခုရှိပါတယ်။ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်တယ် ဆိုတာပါ။ အဲဒီခြိမ်းခြောက်မှုကြီးကတော့ အကြီးကြီးပဲလေ။ ကျနော်တို့ရဲ့ အရှေ့မြောက်ဘက်က အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုတာ လူဦးရေ အလွန်များတယ်၊ ကျနော်တို့ မန္တလေးဘက်မှာလည်း အဲဒီဘက်က စိမ့်ဝင်လာတဲ့ လူတွေ အများကြီး တွေ့နေရတာပဲ” ဟု သူကဆိုသည်။

မကြာသေးမီက သတင်းများ၏ အဆိုအရ ကချင်ပြည်နယ်ဘက်တွင် တရုတ်နိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူ ၁ ထောင်ခန့် ရှိကြောင်း ဒေသခံများက ပြောကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော ပဋိပက္ခများဖြစ်ရခြင်း အကြောင်းများစွာ ရှိသည့်အနက် အိမ်နီးချင်း နိုင်ငံက တရားမဝင် ဝင်ရောက်လာမှုသည်လည်း တခု ပါဝင်သည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟို ကော်မတီဝင် ဦးအောင်မြတ်ကျော်က တဘက်နိုင်ငံမှ ဝင်ရောက် လာသူများသည် လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်၍ မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရထားသည့် အတွက် ယခုပဋိပက္ခ ဖြစ်ရခြင်းဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများထက် အဆများစွာ တိုးပွားလာမှု၏ နောက်ဆက်တွဲ ပြဿနာကို အဓိက အဆိုးဆုံး ခံစားရသောပြည်နယ်သည် ရခိုင်ပြည်နယ်ဟုပင် သုံးသပ်မိကြောင်း ပြောသည်။

“ကျနော်တို့ နိုင်ငံတော် လုံခြုံရေးအပိုင်းမှာ အရမ်းကို အန္တရာယ်များတဲ့ အပိုင်းပါ။ အခု လွှတ်တော်ထဲမှာကို တရားမဝင် မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်က ကျနော်တို့ ရခိုင်ပြည်နယ်က တက်သွားတဲ့သူ ၄ ယောက်ရှိပါတယ်။ သူဟာ ဘယ်ကလာတယ်။ မှတ်ပုံတင်ကို ဘယ်လိုနည်းနဲ့ ယူထားတယ် ဆိုတာကို ကျနော်တို့ အခိုင်အမာ အကုန်လုံး သမ္မတဆီကို တင်ထားတာ ၁ နှစ်နီးပါးလောက် ရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ အထောက်အထားဖြင့် အခိုင်အမာ တင်ပြထားသော်လည်း လွှတ်တော်တွင်းအထိပါ နိုင်ငံခြားမှ တရားမဝင် နည်းဖြင့် ဝင်ရောက်လာမှုသည် မြန်မာနိုင်ငံ လုံခြုံရေးအတွက် အလွန် အန္တရာယ်များကြောင်း သူကဆက်ပြောသည်။

မြန်မာအစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ ဦးဆောင်ကျင်းပသော မကြာသေးမီက သတင်းစာရှင်းလင်းပွဲ တခုတွင် အဆိုပါ ဝန်ကြီးဌာနသည် လာဘ်ပေးလာဘ်ယူ လုပ်၍ ရသည့် ဝန်ကြီးဌာနမဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading