သတင်း

ရခိုင်ဒေသ တည်ငြိမ်ရေး ဦးသိန်းစိန်နှင့် ရခိုင်ပါတီများ ဆွေးနွေး

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်နှင့် ရခိုင်နိုင်ငံရေးပါတီ နှစ်ခုမှ ခေါင်းဆောင်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေး နှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

“ညနေ ၄ နာရီကျော်လောက်က သမ္မတနဲ့ ကျနော်တို့ တွေ့ရတယ်။ သမ္မတကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို လတ်တလော အမြန်ဆုံး ရပ်တန့်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးဖို့ အတွက် မေတ္တာရပ်ခံတယ် ဆိုတဲ့ စကားကို သုံးပါတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ဧရာဝတီကို ပြော သည်။

ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)တို့မှ ခေါင်းဆောင် ၁၀ ဦးနှင့် ဦးသိန်းစိန်က သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြား၍ သွားရောက်ခဲ့ရာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ထိန်းသိမ်းနိုင်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးများအတွက် နိုင်ငံရေးပါတီများက ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်ဟုလည်း ဦးအေးသာအောင်က ဆက်ပြောသည်။

“အဓိကကတော့ ကျနော်တို့က ပြောတာက သမ္မတ ပြောသွားတဲ့ တရားမဝင် ခိုးဝင်လာတဲ့ ဘင်ဂါလီတွေကို စစ်ဆေးမယ်၊ အရေးယူမယ်။ နောက် Camp (စခန်း) တခုထဲမှာ ထည့်ထားမယ်။ ပြီးရင် တတိယ နိုင်ငံကို ပို့မယ်ဆိုတဲ့ဟာကို အကောင် အထည်ဖော်ဖို့ ကျနော်တို့က တင်ပြတယ်”ဟုလည်း ဦးအေးသာအောင်က ဆိုသည်။

ဦးသိန်းစိန်နှင့် ရခိုင်ပါတီများ မတွေ့ခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ ကာကွယ်ရေး ဝန်ကြီး၊ နယ်စပ်ရေး ရာ ဝန်ကြီးတို့ နှင့်လည်း ပဏာမ တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဒီတခါပဲ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် ဝိုင်း ဝန်း ပူးပေါင်း ဆောင်ရွက်ဖို့ ပြောတာတော့ ကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမယ့် နိုင်ငံရေးပါတီတွေအရရော၊ ပြည်နယ်တွင်းမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိတာတွေကြောင့် လုပ်ပိုင်ခွင့်တွေပေးဖို့ တင်ပြခဲ့တာတွေ ရှိပါတယ်”ဟု ဦးအေးသာအောင် က ဆက်ပြော သည်။

ယခုကဲ့သို့ တွေ့ဆုံကြရာတွင် သမ္မတကလည်း ကျေနပ်အားရသည့် လက္ခဏာတွေ့ရကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြောင်းလည်း သူက ပြောပြသည်။

သြဂုတ်လ ၄ ရက်နေ့က တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံရာတွင် လည်း ဦးအေးသာအောင် ပါဝင်တွေ့ဆုံ ခဲ့သေးသည်။ တွေ့ဆုံရာတွင် မြန်မာပြည်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲများ၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေး နှင့် မီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။

Loading