ရန်ကုန်တက္ကသိုလ် ပြန်လည်စည်ကားနေ
This article has been converted from Zawgyi One to Unicode
ရန်ကုန်တက္ကသိုလ်သို့ လာရောက် လေ့လာကြသူများနှင့် တက္ကသိုလ်ဝင်းအတွင်း ပြန်လည်စည်ကားလျက်ရှိကြောင်း သိရသည်။
သြဂုတ် ၁ ရက်မှ စတင်၍ တက္ကသိုလ်ဝင်းအတွင်း မော်တော်ယာဉ်များ အတားအဆီးမရှိ ပြန်လည်ဝင် ထွက်ခွင့်ပြုလိုက်ခြင်းနှင့် တက္ကသိုလ်ဝင်းအတွင်းသို့လည်း ဒီပလိုမာ၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသားများ၊ ဆရာ၊ ဆရာမများမှလွဲ၍ ဝင်ထွက်ခွင့် ကန့်သတ်ထားသည်ကို ဖယ်ရှားလိုက်သည့် နောက်ပိုင်း သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ လာရောက် လေ့ လာသူများ၊ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိကြောင်း မြဝတီ သတင်းဌာန အင်တာနက် စာမျက်နှာတွင် ရေးထားသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှစတင်၍ စစ်အစိုးရက တက္ကသိုလ်တွင်း အဝင်အထွက်များကို တားဆီးကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ ကာလကတ္တား တက္ကသိုလ်နှင့် တွဲဖက်၍ တည်ထောင်ခဲ့ပြီး ၁၉၂၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်အဖြစ် စတင် တည်ထောင် သတ်မှတ်ခဲ့ကြောင်း သိရသည်။