ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဖျက်သိမ်းတော့မည် ဖြစ်သည်။
အဖွဲ့ဝင် ၂၀ ဦးပါဝင်သော မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီက ယနေ့ ဖွဲ့စည်းလိုက်ကြောင်း အစိုးရ သတင်းစာများမှ ထုတ်ပြန်ကြေညာ လိုက်ပြီးနောက် စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
သို့သော် ယာယီ ဖွဲ့စည်းလိုက်သော စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ အပေါ် သံသယ ရှိနေကြသည်။
မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းအဖွွွွဲ့တွင် အဖွဲ့ဝင်တဦးအဖြစ် ပါဝင်သော Open News သတင်းစာစောင်နှင့် မြန်မာ့ ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက အစိုးရ ဖွဲ့စည်းပေးလိုက်သော အမြုတေ စာနယ်ဇင်းကောင်စီတွင် မမျှော်လင့်သော
အချက်အလက်နှင့် တာဝန်များ ပါဝင်လာကြောင်း၊ စာပေစိစစ်ရေးကို အစားထိုးသော အဖွဲ့အစည်း ပုံစံမျိုးဖြစ်ပါက ချက်ချင်း နုတ်ထွက်မည် ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ တောင်းဆိုထားတာက စာနယ်ဇင်းကောင်စီဟာ သတင်းလွတ်လပ်ခွင့်ကို အာမခံဖို့၊ သတင်းသမားတွေကို ကာကွယ်ဖို့၊ ကျင့်ဝတ်တွေရေးဆွဲဖို့၊ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့၊ မီဒီယာတွေနဲ့ အစိုးရအကြား ပြဿနာတွေ ဖြစ်လာရင် ဖြေရှင်းပေးဖို့ ဆိုတဲ့ ငါးချက်ကို အဓိကထားတာ။ ဒါပေမယ့် အစိုးရ ထုတ်ပြန်ချက်တွေမှာ သူတို့ ဖြစ်ချင်တာ တွေလည်း ထည့်ထားတယ်။ တကယ်လို့သာ စာနယ်ဇင်းကောင်စီက စာပေစိစစ်ရေးကို အစားထိုးတဲ့ အဖွဲ့အစည်း ပုံစံမျိုးဆိုရင် ကျနော့် အနေနဲ့ လက်မခံဘူး။ နုတ်ထွက်မယ်” ဟု သူက ရှင်းပြသည်။
ဧရာဝတီ၏ စုံစမ်းမှုအရ အစိုးရ ဖွဲ့စည်းပေးလိုက်သော စာနယ်ဇင်း ကောင်စီသည် အပြောင်းအလဲ ကာလအတွက် ယာယီဖွဲ့စည်းမှုသာဖြစ်ပြီး စာပေစိစစ်ရေး၏ လုပ်ငန်းများ လုပ်ဆောင်မည့် အဖွဲ့အစည်း မဟုတ်ဟု ဆိုသည်။ အကယ်၍ စာနယ်ဇင်းများ၏ သတင်းပေးပို့ချက် များသည် ဥပဒေနှင့် မညီညွတ်ပါက တရားရုံးတွင် တိုက်ရိုက် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့ရာတွင် ယနေ့ သတင်းစာများထဲ၌ ဖော်ပြချက်အရ စာနယ်ဇင်း ကောင်စီဝင်များသည် ပြည်သူ့ဝန်ထမ်းများ၏ အခွင့် အာဏာများ ခံစားစေရမည် ဖြစ်ကြောင်း၊ စာနယ်ဇင်း ကောင်စီအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသည့် သတင်း သမားများအား ခေါ်ယူညှိနှိုင်း ဆွေးနွေးခြင်း၊ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လိုအပ်သလို အရေးယူနိုင်မည်ဖြစ်ကြောင်း ပါရှိရာ စာနယ်ဇင်းသမားများ အကြား နားလည်မှု လွဲမှားနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်း သမားက ဝေဖန်နေကြသည်။
ထို့အပြင် ယခုခန့်အပ်လိုက်သော စာနယ်ဇင်းကောင်စီဝင် ၂၀ တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ လက်အောက်မှ ဝန်ထမ်းများ မပါဝင်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသော လူစာရင်းထဲမှ အများစု ပါဝင်နေသည်ဟုလည်း ဝေဖန် ထောက်ပြ သူများရှိသည်။
“စာနယ်ဇင်းကောင်စီမှာ ပါတဲ့သူတွေထဲမှာ တချို့ အငြင်းပွားစရာ ကောင်းတဲ့သူတွေ ပါနေတယ်။ ဒီအဖွဲ့ကို သံသယရှိတယ်။ သတင်းလွတ်လပ်ခွင့် ကော်မတီအနေနဲ့ သဘောထား ဆိုရင်တော့ အားလုံးဆန္ဒကို မေးကြည့်မှ ဖြစ်မယ်။ ကျနော့် တဦးတည်း အနေနဲ့တော့ ဒီကောင်စီကို လက်ခံလို့မရဘူး” ဟု သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက ဆိုသည်။
Messenger သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းကမူ အစိုးရ ဖွဲ့စည်းပေးလိုက်သော မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီသည် ပြည်တွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆောင်ရွက်ပေး နိုင်မည့် အဖွဲ့အစည်း တခုဟု မယုံကြည်ကြောင်း ပြောသည်။
“အစိုးရ ဖွဲ့ပေးလိုက်တဲ့ အဖွဲ့ကို အားမရဘူး။ တကယ်တမ်း ဖြစ်သင့်တဲ့ စာနယ်ဇင်းကောင်စီက သတင်းသမားတွေ အားလုံး ပွင့်ပွင့်လင်းလင်း လွတ်လပ်စွာ ရွေးချယ်တဲ့သူတွေ ဖြစ်သင့်တယ်။ အဲဒီလို အဖွဲ့အစည်းမျိုးကမှ ကျင့်ဝတ်နဲ့အညီ ကာကွယ် ပေးနိုင်မယ်။ ကောင်စီမှာ သတင်းစာဆရာတွေ ပါတယ်ဆိုပေမယ့် နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး။ လူမြင်ကောင်းရုံနဲ့ ဘာမှ အဆင်မပြေ နိုင်ဘူး” ဟု သူက ဆိုသည်။
အမြုတေစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များသည် ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများ အတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီ အဖွဲ့ဝင်များ သို့မဟုတ် ကောင်စီက တာဝန် ပေးအပ်ခြင်း ခံရသူများအား ပြစ်မှုကြောင်း အရသော်လည်းကောင်း၊ တရားမ ကြောင်း အရသော်လည်းကောင်း တရားစွဲဆိုခွင့်ခြင်းမှ ကင်းလွတ်ခွင့် ရရှိရမည်ဖြစ်ကြောင်း၊ စာနယ်ဇင်း ကောင်စီ၏ နေရာနှင့် အဆောက်အအုံအတွက် လိုအပ်၍ တင်ပြတောင်းခံ လာလျှင်
နိုင်ငံတော် အစိုးရက ယာယီ သတ်မှတ် ချထားပေးမည်ဖြစ်ပြီး ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများကို လိုအပ်၍ တင်ပြ တောင်းခံလျှင် အစိုးရက ကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
အစိုးရ၏ စာနယ်ဇင်းကောင်စီတွင် ပါဝင်ရန် ငြင်းပယ်လိုက်သော မြန်မာ ဂျာနယ်လစ် ကွန်ရက်အနေဖြင့် အမြုတေ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းမှုအပေါ် ယနေ့ညနေ ၅ နာရီတွင် အထူးအစည်းအဝေး ကျင်းပပြီး သဘောထား ကြေညာချက် ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။
Eleven Media Groupကလည်း မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီအား အစိုးရမှ ဖွဲ့စည်းခြင်းကို လက်မခံ နိုင်ကြောင်း၊ ကျင့်ဝတ်ပိုင်းအား ထိန်းကျောင်းနိုင်မည့် အဖွဲ့အစည်းဟု မယုံကြည်ကြောင်းနှင့် အစိုးရ၏ ဒီမိုကရေစီ အပြောင်းအလဲအား နောက်ပြန် သွားစေသော လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ပြီး အသေးစိတ် ကြေညာချက်ကို မကြာမီ ထုတ်ပြန်သွားမည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးစပ်သော သတင်းရင်းတခု၏ အဆိုအရ စာပေစိစစ်ရေး ဖျက်သိမ်းမည် ဖြစ်သောကြောင့် နေ့စဉ် သတင်းစာ ထုတ်ဝေနိုင်ရေး လမ်းပွင့်သွားမည် ဖြစ်ပြေီး အနည်းဆုံး ၆ စောင်ခန့် ထုတ်ဝေခွင့် ရနိုင်ကြောင်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ဇွန်လဆန်းတွင် စာပေစိစစ်ရေးဌာန ဖျက်သိမ်းပေးမည်ဟု တရားဝင် ပြောဆိုခဲ့သော်လည်း ဇူလိုင်လကုန် အထိ ဖျက်သိမ်းမပေးသည့် အပြင် သတင်းဂျာနယ်များ အပေါ် ပိုမိုတင်းကျပ်သည့် အရေးယူမှုများ ပြုလုပ်ခဲ့ သဖြင့် ပြည်တွင်းမီဒီယာများ စုပေါင်း၍ သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) ဖွဲ့စည်းခြင်းနှင့် သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှုများကို ယခင်တပတ်က ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက်တွင် အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်ထားသော ဂျာနယ် ၂ စောင်ကို ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ပြီး ယနေ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့ပေးကြောင်း အစိုးရက ကြေညာလိုက်သည်။
မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီတွင် အငြိမ်းစားတရားရုံးချုပ် တရားသူကြီး ဦးခင်မောင်အေးက ဥက္ကဋ္ဌ၊ ေ ဒါက်တာ အောင်ထွန်းသက်က ဒုတိယဥက္ကဋ္ဌ ၁၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ဒုတိယ ဥက္ကဋ္ဌ – ၂၊ အဖွဲ့ဝင်များ အဖြစ် သတင်းစာဆရာများ ဖြစ်ကြသည့် ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဦးသီဟစော၊ ဦးအောင်လှထွန်း (ရိုက်တာ သတင်းဌာန)၊ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးခင်မောင်ထွန်း၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာသာထွန်းဦး (တူဒေး မီဒီယာ)၊ ဦးမြင့်မောင်၊ ဦးမောင်မောင်မြင့်အေး၊ အတွင်းရေးမှူး အဖြစ် ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်)၊ တွဲဘက် အတွင်းရေးမှူး ၁ အဖြစ် ဦးခင်မောင်ဦး (ဟိန်းလတ်)၊ တွဲဘက် အတွင်းရေးမှူး ၂ အဖြစ် ဒေါက်တာကျော်ဇောနိုင် (မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်) တို့ ပါဝင်သည်။