ပြည်နယ်၊ တိုင်းဒေသကြီးများမှ ထွက်ရှိသည့် စီးပွားရေး အကျိုးအမြတ် ရလဒ်များကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအားလုံး တပြေးညီ ခွဲဝေပေးသင့်သည်ဟူသော ပြည်ထောင်စု အစိုးရကို တိုက်တွန်းသည့်အဆို ဆွေးနွေးရန် လွှတ်တော်က သဘောတူ ကြောင်း သိရသည်။

“ပြည်ထောင်စု သမ္မတနိုင်ငံတော် အခြေခံ ဥပဒေပုဒ်မ (၉၆) ကို ရည်ညွန်းထားသည့် ပြည်ထောင်စု ဥပဒေပြုစာရင်း ဇယား(၁) တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ထုတ်လုပ်ထွက်ရှိသော စီးပွားရေး အကျိုးအမြတ် ရလဒ်များအား သင့်လျော် မှျှတသောနှှုန်း သို့မဟုတ် ၂၅ ရာခိုင်နှှုန်းအား တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတို့ကိုခွဲဝေပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို အမျိုးသားလွှတ်တော်၌ ယမန်နေ့ကတင်သွင်းပြီး ဆွေးနွေးရန် သဘောတူကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ က ရေးသားထားသည်။
ထိုအဆိုအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်စောဖြူ က တင်သွင်းခြင်း ဖြစ်ကြောင်း၊ ကန့်ကွက်သူ တချို့ရှိ၍ မဲခွဲဆုံးဖြတ်ရာ အနိုင်ရသွားသည့်အတွက် ဆက်လက် ဆွေးနွေးရန် လွှတ် တော်က သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်များ က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာ၀ သယံဇာတ အားလုံးကို နိုင်ငံတော်က ပိုင် ဆိုင်ကြောင်း ရေးသားထားသည်။ ဖွဲ့စည်းပုံ ၌ ထိုသို့ရေးဆွဲထားသော်လည်း ပြည်ထောင်စု အစိုးရတွင် ဆန္ဒရှိပါက ပေးပိုင်ခွင့် ရှိ ကြောင်း၊ ထိုသို့ ခွဲဝေပေးခြင်းဖြင့် ၎င်းတို့ ဒေသများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ယင်း အဆိုတွင် ပါရှိသည်ဟု သိရသည်။
“ကျနော်က ဖွဲ့စည်းပုံ ပြင်ပေးဖို့ တောင်းဆိုတာ မဟုတ်ပါဘူး၊ ဗဟိုအစိုးရ အနေနဲ့ ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေကို ခွဲဝေ ပေး ချင်တဲ့ ဆန္ဒရှိရင် ဖြစ်ပါတယ်၊ မိဘလို၊ ညီရင်း အစ်ကိုလို သဘောမျိုးထားပြီးတော့ တိုင်းရင်းသား ပြည်သူ အားလုံးကို ပေး သင့်တယ်လို့ တင်ပြတာပါ”ဟု ဦးမောင်စောဖြူ က ဧရာဝတီ ကို ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေသည် တပြည်ထောင်စနစ် ကိုယ်စားပြု ရေးဆွဲထားကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီးအား စစ်မှန် သော ဖက်ဒရယ် ပြည်ထောင်စုပုံစံ ဖြစ်စေလိုကြောင်းလည်း ၎င်းက ရှင်းပြသည်။
ပြည်နယ်၊ တိုင်းဒေသ အစိုးရအား ၎င်းတို့ဒေသများ၏ စီးပွားရေး အကျိုးအမြတ် ခွဲဝေပေးရေး အဆိုသည် မဲခွဲဆုံးဖြတ် အနိုင်ရ ပြီး လွှတ်တော် ဥက္ကဋ္ဌ က သဘောတူညီမှု ရရှိထားသော်လည်း ဥပဒေကြမ်း ကော်မတီထံ တင်ပြထားကြောင်း၊ ထိုကော်မတီ၏
ခွင့်ပြုချက် ရရှိမှသာ ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာ ဝတီ ကို ပြောသည်။
“မဲအနိုင်ရမယ်၊ ဥက္ကဋ္ဌ က သဘောတူရင် ဘယ်ကိုမှ တင်စရာ မလိုဘဲ ဆွေးနွေးလို့ ရတယ်၊ ကော်မတီကို တင်ပြပြီးမှ ဆွေးနွေး ရမယ် ဆိုတာ ကျနော်တို့ လွှတ်တော်သက်တမ်း တလျှောက်မှာ ဒါ ပထမဆုံးပဲ၊ ဒီအဆိုရဲ့ ထူးခြားချက်ပါ”ဟု ၎င်း က ဆိုသည်။
ဦးဖုန်းမြင့်အောင်က“ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ထက်က ကိစ္စတွေတောင် ဒီအတိုင်းပဲ အလွတ်ဆွေးနွေး နေကြတာပဲ၊ ဒီ အဆိုကို ကျနော်လည်း ဝင်ဆွေးနွေးဖို့ရှိတယ်၊ ဒါပေမယ့် ဥပဒေ နားလည်သူနဲ့ တိုင်ပင်ရဦးမှာပါ”ဟု ဆိုသည်။
ပြည်နယ်၊ တိုင်း အစိုးရများကို အကျိုးစီးပွား ခွဲဝေပေးရေးကိစ္စသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် ပြည်နယ်၊ တိုင်း ဒေ သ ကြီးများအတွက် ကောင်းမွန်သော်လည်း သယံဇာတ မထွက်ရှိသည့် တချို့ ဒေသများ အတွက် အကျိုးမရှိဟု ၎င်းက ပြော သည်။
“ဥပမာ ကချင်ဆို ကျောက်စိမ်းတွင်း ရှိတယ်၊ ရခိုင်ဆိုရင် ဂက်စ်တွေ ထွက်တယ်၊ ရှမ်းဆိုလည်း အဲဒီလိုပဲ၊ ကျနော်တို့ ရန်ကုန် တိုင်း ကျတော့ ဘာသယံဇာတ မှ မထွက်တော့ မျက်နှာငယ်ရတာပေါ့ဗျာ”ဟု ဦးဖုန်းမြင့်အောင် က ဆိုသည်။
မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသတို့တွင် သတ္တု ပစ္စည်းများ ထွက်ကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း သတ္တုတွင်းများ ရှိကြောင်း၊ ကချင်ပြည်နယ်၌ ကျောက်သံပတ္တမြား စသည့် တွင်းထွက်များ၊ မကွေး၊ ဧရာဝတီ စသည့် တိုင်းဒေသ များတွင်လည်း နေရာဒေသ အလိုက် ထွက်ကုန် ပစ္စည်းများ ရှိကြောင်း၊ ပြည်ထောင်စုကြီး တည်ငြိမ် အေးချမ်းရေး ကိစ္စသည် နေရာ ဒေသ အားလုံး တန်းတူညီမျှ ဖွံ့ဖြိုး ရေး၊ အကျိုးစီးပွားများ ခွဲဝေသုံးစွဲရေးတို့သည် အရေးပါကြောင်း ဦးမောင်စောဖြူ က ပြောသည်။
“ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေကို အကျိုးစီးပွား ခွဲဝေပေးလိုက်ရင် သူ့ဒေသရဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်မယ်၊
ဒေသ အာလုံး တိုးတက် ဖွံ့ဖြိုးနေရင် ပြည်တွင်းစစ်တွေလည်း ငြိမ်းမယ်၊ ပြည်ထောင်စုကြီး တခုလုံး ဖွံ့ဖြိုးသွားမယ်”ဟု ၎င်းက ဆိုသည်။
သဘာ၀ သယံဇာတ ထွက်ရှိမှု နည်းပါးသည့် ပြည်နယ်၊ တိုင်းဒေသ တချို့တွင် တခြားသော ထုတ်ကုန် စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စက်မှု ကုန်ထုတ် လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းများ၏ အကျိုးစီးပွားများ ရှိကြောင်း သိရသည်။
“ကျနော်တို့ မွန်ပြည်နယ်က ရာဘာ အဓိက ထွက်ပါတယ်၊ ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေကို အကျိူးစီးပွား အကျိုးအမြတ်
ခွဲဝေပေးရေး ကိစ္စကို ထောက်ခံတယ်၊ ဒီကိစ္စဟာ တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက် ကောင်းတဲ့ အရာပါ”ဟု မွန်ဒေသ လုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညာအောင်မိုး က ပြောသည်။
အကျိုးစီးပွား ခွဲဝေပေးရေးသည် တိုင်းရင်းသား အရေးအတွက် အရေးပါကြောင်း၊ ထိုအဆိုအား ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံးကလည်း ထောက်ခံကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်ပနိုင်ငံတချို့တွင် ဒေသဆိုင်ရာ ထွက်ရှိသည့် သဘာ၀ သယံဇာတများကို သူပိုင် ကိုယ်ပိုင်ရလိုမှုများကြောင့် စစ်ပွဲများ ဖြစ် ပေါ်ကြခဲ့ကြောင်း၊ ခွဲဝေ သဘောတူညီမှုများရရှိပြီးမှ ပြည်တွင်းစစ်များ ငြိမ်းချမ်း၍ နယ်မြေ တည်ငြိမ် ဖွံ့ဖြိုးလာသည်ကို တွေ့ရ ကြောင်း ဥပမာ အားဖြင့် ဆူဒန်(တောင်၊ မြောက် ) နှင့် အင်ဒိုနီးရှားနိုင်ငံ အာချေး ဒေသမှ ဖြစ်ပွားခဲ့သည့် အခြေအနေများကို ရှင်းပြ ဆွေးနွေးခဲ့ကြောင်း ဦးမောင်စောဖြူ က ပြောပြသည်။
ထိုအဆိုအား ပါဝင်ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များ၏ စာရင်းကို လွှတ်တော် ဥက္ကဋ္ဌ ထံ စာရင်းပေးကြ ကြောင်း သိရပြီး
လာမည့် သီတင်းပတ်တွင် ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။