အထက်ပေါင်းလောင်းဆည် တည်ဆောက် ပြီးသွားသည့်အတွက် ရေဝပ်ဧရိယာတွင် ပါဝင်နေသော ကျေးရွာ ၂၃ ရွာကို သက်ဆိုင်ရာ အာဏာပိုင်များက ယခုလကုန် နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်း၏ ရေဝပ်ဧရိယာတွင် ပါဝင်နေသော ကျေးရွာ ၂၃ ရွာကို ရွှေ့ပြောင်းခိုင်းထားသော်လည်း နေရာအစား ပြန်လည် ပေးအပ်ခြင်း မရှိသည့်အတွက် ယင်းကျေးရွာတွင်နေထိုင်သည့် အိမ်ထောင်စုများ ဒုက္ခရောက်လျှက် ရှိကြောင်း ကယန်း လူငယ်အဖွဲ့စည်းက သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေးမြို့ လမ်း ၃၀ ရှိ ယူနီစန် လက်ဖက်ရည်ဆိုင်၌ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အထက် ပေါင်းလောင်းဆည်ကြောင့် ရွာပေါင်း ၂၃ ရွာမှ ဒေသခံ ၈ ထောင်ကျော်တို့သည် ပြောင်းရွှေ့နေထိုင်ရန် အခက် အခဲများ ကြုံတွေ့နေရကြောင်း၊ တာဝန်ရှိသူများကို နေရာထိုင်ခင်းအတွက် တောင်းဆိုရာတွင် လုံလောက်ပြည့်စုံအောင် ချထားပေးခြင်း မရှိသည့်အတွက် ယင်းကိစ္စကို သမ္မတထံ စာတင် တိုင်ကြားသွားမည် ဖြစ်ကြောင်း ကယန်း လူငယ်အဖွဲ့စည်းမှ တာဝန်ရှိသူ တဦးက ရှင်းလင်းပြောကြားခဲ့သည်။
ကျေးရွာ ၂၃ ရွာရှိ အိမ်ခြေပေါင်း ၂၀၁၇ နှင့် လယ်ယာမြေဧက ၂၁၄၇ တို့သည် ရေဝပ် ဧရိယာအောက်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး ဘုန်းကြီးကျောင်း ၂၀၊ စာသင်ကျောင်း ၁၈ ကျောင်းနှင့် ဆေးပေးခန်း ၂ ခန်းလည်း ပါဝင်ကြောင်း သိရသည်။
ဆုံးရှုံးသွားမည့် ကျေးရွာများနှင့် လယ်မြေ ဧကများကို နိုင်ငံတော်က မည်ကဲ့သို့ ပံ့ပိုးကူညီနိုင်မည်ကို လွှတ်တော်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပင်လောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက ဧရာဝတီကို ပြောသည်။
‘‘အဓိက ဆုံးရှုံးသွားတဲ့လယ်မြေတွေနဲ့ လူနေအိမ်တွေကို ပြန်အစားထိုးပေးဖို့နဲ့ သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့၊ သတ္ထုနဲ့ သယံဇာတ ပစ္စည်းတွေကို အသေးစား တပိုင်တနိုင် လုပ်ကွက်တွေနဲ့ လုပ်ပိုင်ခွင့် ရဖို့အတွက် တောင်းဆိုသွားမှာပါ” ဟု ၎င်းက ပြောသည်။
အထက်ပေါင်းလောင်း စီမံကိန်းသည် ပေါင်းလောင်းမြစ်၏ အထက်ဘက်တွင် တည်ရှိပြီး လျှပ်စစ်တပ်ဆင်သည့် စွမ်းအား ၁၄၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ တည်ဆောက်မည့် ဆည်အမြင့်မှာ ၁၀၃ မီတာ ဖြစ်သည်။
ယင်းစီမံကိန်းအောက်တွင် အောက် ပေါင်းလောင်းစီမံကိန်းကို တည်ဆောက်လျှက် ရှိသည်။ ယင်းဆည်မှ ၂၈၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးမည် ဖြစ်ပြီး ဆည်အမြင့် ၁၃၁ မီတာဖြစ်သည်။ မြန်မာနိုင်ငံတွင် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် အကြီးမားဆုံး ဖြစ်ပြီး ယင်းမှ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်ပေးလျှက် ရှိသည်။
လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းသည် ၂၀၁၂ ခုနှစ် ဧပြီလ သတင်းစာ ရှင်းလင်းပွဲတခုတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ထုတ်လုပ်မှုသည် မြန်မာနိုင်ငံအတွက် ပိုလျှံနေကြောင်း၊ ယင်းအတွက် ပိုလျှံနေသည့် လျှပ်စစ်များကို ဈေးကွက် သဘောအရ ပြည်ပသို့ ရောင်းချသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွက် မဂ္ဂါဝပ် ၁၅၀၀ ကို ထုတ်လုပ်ပေးသော်လည်း ကုန်အောင် မသုံးနိုင်သေးကြောင်း ရှင်းလင်းခဲ့ဖူးသည်။
မေလအလယ်ပိုင်းက ဝန်ကြီး၏ ရှင်းလင်းမှုကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံတဝန်းလုံး လျှပ်စစ်မီး ဖူလုံစွာ ရရှိရန် အတွက် ဖယောင်းတိုင်မီးများ ထွန်းညှိပြီး လမ်းလျှောက် ဆန္ဒပြခဲ့သေးသည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ် စာရင်းများအရ ယင်းနှစ်မှာပင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း ၆ ခု၊ တည်ဆောက် ပြီးစီးခဲ့သည့် ရေအားလျှပ်စစ် စီမံကိန်း ၄၁ ခုရှိသည်။
တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများမှာ ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၈၀ မဂ္ဂါဝပ်၊ မုန်းချောင်း ရေအား လျှပ်စစ်စီမံကိန်း ၇၅ မဂ္ဂါဝပ်၊ ကျိုင်းတောင်း ရေအား လျှပ်စစ်စီမံကိန်း ၅၄ မဂ္ဂါဝပ်၊ ရဲရွာရေအားလျှပ်စစ်စီမံကိန်း ၇၉၀ မဂ္ဂါဝပ်၊ ရွှေလီ ရေအားလျှပ်စစ်စီမံကိန်း ၄၀၀ မဂ္ဂါဝပ်၊ နမ့်ဟူးမွန် (ကောင်းခါး) ဝ. ၃မဂ္ဂါဝပ်တို့ ဖြစ်ကြသည်။
ယင်းစီမံကိန်းများအနက် မုန်းချောင်း၊ ကျိုင်းတောင်း၊ ရဲရွာနှင့် ရွှေလီရေအားလျှပ်စစ် စီမံကိန်းများ ပြီးစီးသွားပြီ ဖြစ်ပြီး ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသာ ကျန်ရှိနေသေးကြောင်း သိရသည်။