မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီတွင်ပါဝင်သော သတင်းစာဆရာငါးဦးက စာပေစိစစ်ရေးသဖွယ် လုပ်ကိုင်ရမည့် စာနယ်ဇင်းကောင်စီ၏မူဝါဒများကို မကြိုက်နှစ်သက်ကြောင်း တရားဝင် ကန့်ကွက်လိုက်သောကြောင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက စာပေစိစစ်ရေးဖျက်သိမ်းမည့် အစီအစဉ်ကို ရုတ်တရက် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။
အစိုးရက သြဂုတ်လ ၉ ရက်နေ့တွင် အဖွဲ့ဝင် ၂၀ ဦးပါဝင်သော မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းပြီး သြဂုတ်လ ၁၂ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အမြုတေ ကောင်စီတို့ ရန်ကုန်တွင် တွေ့ဆုံကာ ကောင်စီက လုပ်ကိုင်ရမည့် တာဝန်များကို ညှိုနှိုင်းရန် စီစဉ်ထားကြောင်း၊ ယင်းနောက် သြဂုတ်လ ၁၃ ရက်နေ့တွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန တရားဝင် ဖျက်သိမ်းကြောင်း ကြေညာရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင် ကောင်စီတွင် ပါဝင်နေသော သတင်းစာဆရာငါးဦး၏ ကန့်ကွက်မှုကြောင့် အစီအစဉ်များ အားလုံး ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။
“အမြုတေ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း သြဂုတ်လ ၁၂ ရက်နေ့မှာ တွေ့ဖို့ သြဂုတ်လ ၁၀ ရက်နေ့ကတည်းက ဖိတ်စာတွေဝေထားပြီးသား။ သို့သော်လည်း စာနယ်ဇင်းကောင်စီက စာပေစိစစ်ရေး အစားထိုး လုပ်ဆောင်ရမယ့်ပုံ စံဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မလုပ်နိုင်ပါဘူး။ အချက် ၈ ချက်ပြင်ဆင်ပေးဖို့ တောင်းထားပါတယ်” ဟု မကြာခင်က ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒု ဥက္ကဋ္ဌ ၁ လည်းဖြစ်၊ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်လည်းဖြစ်သူ ဦးသီဟစောက ပြောသည်။
ပြန်ကြားရေးဝန်ကြီး ကလည်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ သတင်းစာဆရာငါးဦး အမြုတေ စာနယ်ဇင်းကောင်စီတွင် မပါဝင်နိုင်တော့သဖြင့် စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်း ထားပြီး ဆွေးနွေးညှိုနှိုင်းမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အမြုတေ စာနယ်ဇင်းကောင်စီ လုပ်ငန်း မစတင်နိုင်ချိန်တွင် စာပေစိစစ်ရေး ဆက်လက်ထားရှိပြီး ယခင်အတိုင်း ဆက်လက်လုပ်ဆောင်မည် ဟု ပြောဆိုကြောင်း သိရှိရသည်။
အမြုတေ စာနယ်ဇင်းကောင်စီတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ သတင်းစာဆရာ ငါးဦးပါဝင်နေပြီး ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)၊ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဦးသီဟစော တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက လက်မခံနိုင်သည့် အချက် ၈ ချက်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေများအရ ကာကွယ်စောင့်ရှောက်သွားရန်၊ စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသား ဟောပြော ဆောင်ရွက်မှုများသည် တိုင်းရင်းသား အကျိုးစီးပွား မထိပါးအောင် ကာကွယ် စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်၊ နိုင်ငံရပ်ခြားမှ တင်သွင်းလာသော စာနယ်ဇင်းများနှင့် စပ် လျဉ်းပြီး နိုင်ငံတော်၏ အကျိုးစီးပွားအတွက် သင့်လျော်မှုရှိ၊ မရှိ စိစစ် ဆောင်ရွက်ထိန်းသိမ်းရန်၊ စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား ခေါ်ယူေ ဆွးနွေး ညှိုနှိုင်းရန်၊ အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေနှင့် တရားမ နစ်နာမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးဆောင်ရွက်ခြင်း၊ ပေးအပ်သော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ ၊ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်း အရသော်လည်း ကောင်း၊ တရားမကြောင်း အရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း၊ စာနယ်ဇင်း ကျင့်ဝတ်ချိုးဖောက်မှုများနှင့်စပ်လျဉ်းပြီး အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီသည် ပြန်ကြားရေးဝန်ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းမည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရန် ဆိုသော အချက်များဖြစ်ကြောင်း သိရှိရသည်။
ယင်းအချက်များသည် သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အနှောင့်အယှက်ဖြစ်နေစေ၍ ပြုပြင်ဖြုတ်ပယ်ခြင်းမပြုပါက သတင်းစာဆရာငါးဦးတို့သည် အမြုတေစာနယ်ဇင်း ကောင်စီတွင် လုံးဝပါဝင်မည်မဟုတ်ကြောင်း သိရှိရသည်။
“မပြင်ပေးဆိုရင်လည်း နဂိုအတိုင်းပဲ စိစစ်ရေးနဲ့ဆက်သွားမှာပဲ။ ကျနော်တို့ကတော့ စာပေစိစစ်ရေး အလုပ် မလုပ်နိုင်ဘူး။ နိုင်ငံတကာမှာလည်း စာနယ်ဇင်းကောင်စီဆိုတာ သတင်းသမားတွေကို ကာကွယ်တာ၊ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်တာ။ စာပေစိစစ်ရေးလုပ်ငန်းတွေလုပ်ဖို့မဟုတ်ဘူး” ဟု ဦးသီဟစောက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနက သြဂုတ်လ ၁၂ ရက်နေ့ညနေပိုင်းတွင် သတင်းဂျာနယ်များ အားလုံးသို့ မူကြမ်းများ စာပေစိစစ်ရေးသို့ ပုံမှန်အတိုင်းတင်ပြပြီးမှ ခွင့်ပြုချက်ဖြင့် ထုတ်ဝေကြရန် တရားဝင်အသိပေး အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းလိုက်ခြင်းအပေါ် သတင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်သော လုပ်ရပ်အဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာသတင်းသမဂ္ဂတို့က ရှုတ်ချပြောဆို ထုတ်ပြန်ထားသည်။