[irrawaddy_gallery]
မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၇၀ ရှိသည့်အနက် အုပ်စု ၆၆ စုမှာ ရေမြုပ်နေပြီဖြစ်ရာ မြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော် ရေကြီးမှု ကြုံတွေ့နေရခြင်း ဖြစ်သည်။
“သာပေါင်းမြို့ဘေးမှာရှိတဲ့ ငဝန်မြစ်ရေက မြင့်လာတော့ မြို့ပေါ်ရပ်ကွက်တွေလည်း ရေတွေဝင်၊ မြို့နယ်ထဲက ရွာတွေလည်း တော်တော်များများ မြုပ်နေပြီ။ အခုက သာပေါင်းမြစ်ကမ်းကနေ ကြည့်လိုက်ရင် အကုန်လုံး ရေပြင်ချည်းပဲ။ ရေပြင်က ပင်လယ်ကြီးလိုကို ဖြစ်နေတာ” ဟု သာပေါင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဧရာဝတီကို ပြောသည်။
သာပေါင်းမြို့အနီးရှိ စစ်ပြင်ကြီး၊ ဂုံမင်း၊ ကညင်ကုန်း၊ ဘုရားနီ၊ ကျားရဲ၊ ကွင်းစု၊ ထန်းပင်ကွင်း စသည့် ကျေးရွာ များတွင် နေအိမ်များ ခေါင်မိုးအထိ ရေမြုပ်နေပြီး ရွာသားများမှာ ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် လူနေအိမ်တချို့တွင် စုပေါင်း ခိုလှုံနေကြရသည်။
“ဒီရွာမှာ အိမ်အလုံး ၇၀ ရှိတယ်။ အခု လူနေလို့ရတဲ့ အိမ်ဆိုလို့ ၃ လုံးပဲ ကျန်တော့တယ်။ ဒါတောင် အိမ်ကြမ်းပြင် ရေမြုပ်နေလို့ အိမ်ပေါ်မှာပဲ နောက်ထပ် ဆင့်တခုထိုးပြီး မြင့်အောင်လုပ် နေနေရတယ်” ဟု ကညင်ကုန်း ကျေးရွာမှ ရွာသားတဦးက ပြောသည်။
ကညင်ကုန်းရွာမှ ရွာသားတချို့မှာ သာပေါင်းမြို့နယ်တွင် သွားရောက် ခိုလှုံနေကြရပြီး မသွားနိုင်သည့် သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များမှာ ကျေးရွာဘုန်းကြီးကျောင်းနှင့် ကုန်းမြင့်ရာ အိမ်တလုံးတွင် စုစည်း နေထိုင်နေ ကြသည်။
“အခု ဒီကျောင်းမှာ ရောက်လာတဲ့ ရေဘေးဒုက္ခသည်တွေကို ဘုန်းဘုန်းတို့ အလှူခံလို့ရတဲ့ ဆန်လေးတွေနဲ့ ချက်ပြုတ် ကျွေးနေတယ်။ မနက်ဖြန်ဆို ဆန်က ကုန်တော့မယ်ဆိုတော့ ဆန်ပြုတ်ပဲ ပြုတ်တိုက်ရတော့မယ်” ဟု ကညင်ကုန်း ကျေးရွာ၏ ဓမ္မသုခကျောင်း ဆရာတော်က ပြောသည်။
ရေကြီးနေသည့်အတွက် သာပေါင်းမြို့ပေါ်အပါအဝင် ကျေးရွာများရှိ မူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း ၁၀၀ ထက်မနည်း ပိတ်ထားကြောင်းလည်း သိရသည်။
“ကျနော်တို့ သွားခဲ့သမျှ ရွာတွေက ကျောင်းတွေ အကုန်ပိတ်ထားတယ်။ ရွာတွေ အားလုံးလိုလိုက ရေတွေ ကြီးနေတော့ ကျောင်းတွေလည်း မြုပ်ကုန်တယ်လေ။ အဲဒီတော့ မပိတ်လို့ကို မဖြစ်တဲ့ အခြေအနေပဲ” ဟု ကျေးရွာများ ရေနစ်မြုပ်မှု အခြေအနေအား လိုက်လံ စာရင်းကောက်ယူနေသူ သာပေါင်း NLD အဖွဲ့ဝင် ကိုမျိုးကျော်က ပြောသည်။
သာပေါင်းမြို့ပေါ်တွင်လည်း ရပ်ကွက်ကြီး ၃ ခုစလုံး ရေနစ်မြုပ်နေပြီး ရေဘေး ဒုက္ခသည် ၅၀၀ ကျော်မှာ မင်းကျောင်း၊ ပရိယတ္တိ၊ မှန်စီ၊ ကညင်၊ ပတ္တမြားစသည့် ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် မြို့နယ် အားကစား ခန်းမတို့တွင် ခိုလှုံနေကြရသည်။
ထို့အပြင် မြို့နယ်အတွင်း စိုက်ပျိုးထားသည့် မိုးဦးစပါး ဧက ၇၀၀၀ ကျော်စလုံး ရေနစ်မြုပ်သွားပြီဟု လယ်သမား များက ဆက်သွယ်ပြောဆို လာကြောင်း သာပေါင်း NLD ဥက္ကဋ္ဌက ပြောသည်။
သာပေါင်းမြို့ပေါ်တွင် ရေကြီးနေသည့်အတွက် မြို့ထဲလမ်းများပေါ်၌ လှေများဖြင့် လှော်ခတ် သွားလာနေကြပြီး ငဝန်မြစ် တဘက်ကမ်းရှိ ကျေးရွာများတွင် နွားတင်းကုပ်များ ရေမြုပ်နေသည့်အတွက် နွားများကို ရေထဲမှာပင် နေရာချထားရကြောင်း သိရသည်။
ရေဘေးဒုက္ခသည်များအား သာပေါင်း NLD နှင့် ပြည်ခိုင်ဖြိုး ပါတီတို့က စားနပ်ရိက္ခာများ တနိုင်တပိုင် လှူဒါန်း နေသော်လည်း အစိုးရ ဌာနဆိုင်ရာများက စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်းခြင်း မရှိသေးပေ။
အလားတူ ပုသိမ်မြို့တွင်လည်း ရပ်ကွက် ၇ ခု ရေမြုပ်နေပြီး ရေဘေးဒုက္ခသည် ၂၀၀၀ ကျော်မှာ တာဝတိ ံသာ၊ ပုဂံဘုန်းကြီးကျောင်း စသည့် ဒုက္ခသည်စခန်း ၁၂ ခုတွင် ခိုလှုံနေကြရသည်။
“ဒီစခန်းမှာ ဒုက္ခသည် ၄၀၀ ကျော်ရှိတယ်။ အိမ်သာက ၂ လုံးပဲ ရှိတယ်။ အဲဒီတော့ ကျန်းမာရေးအတွက် လုံး၀ အဆင်မပြေဘူး။ စားတာကလည်း အလှူရှင်လာရင် စားရတယ်။ ထမင်း ၂ ထုပ်ကို မိသားစု ၈ ယောက် မျှ စားရတာပေါ့” ဟု ပုသိမ်မြို့ ၁၄ ရပ်ကွက် အနီးတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းမှ ရေဘေး ဒုက္ခသည် တဦးက ပြောသည်။
ထို့အပြင် ဒါးကတွင် တည်ဆောက်ထားသည့် ရေထိမ်းတာ ကျိုးပေါက် ခဲ့သည့်အတွက် ဒါးကနှင့် ကျောင်းကုန်းမြို့ တို့တွင်လည်း ရေကြီးမှုများ ဆိုးဝါးစွာ ကြုံတွေ့နေရသည်။
လက်ရှိတွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းနေသည့် အတွက် ရန်ကုန် – ပုသိမ် ကားလမ်းတွင် ဒါးကနှင့် ကျောင်းကုန်း မြို့နယ်အပိုင်းတို့တွင် ရေကျော်နေပြီး ကားများ ခက်ခဲစွာ မောင်းနှင် သွားလာနေရသည်။