မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသဝက် ရပ်ကွက်တွင် တရားမဝင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တခု ပေါက်ကွဲမှု၌ မြန်မာ အလုပ်သမား ၃ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ယခုလ ၄ ရက်နေ့ မနက်ပိုင်းက ဓာတ်ငွေ့ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဂိုဒေါင်တွင် လုပ်ကိုင်နေသူ မြန်မာ အလုပ်သမား ၅ ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကာ မလေးရှားနိုင်ငံရှိ ကူးလင်း၊ ပီနန်းနှင့် အလော့စတား ဆေးရုံကြီးများတွင် ဆေးကုသခံယူခဲ့ရာ ၁၂ ရက် နေ့အထိ ၃ ဦး သေဆုံးသွားပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာများပြင်းထန်သဖြင့် စိုးရိမ်ရကြောင်း ပီနန်းမြို့ရှိ မြန်မာ နာရေးကူညီမှုအသင်း တာဝန်ခံ ကိုဝင်းသန်းထွန်းက ပြောသည်။
“သုံးယောက်ကတော့ ဆုံးသွားလို့ ကျနော်တို့ အစီအစဉ်နဲ့ သင်္ဂြိုဟ်ပေးဖို့ လုပ်နေပါတယ်။ မီးလောင်ဒဏ်ရာတွေက ပြင်းတယ်၊ ကျန်တဲ့ နှစ်ယောက်ထဲက တယောက်ကတော့ မနေ့က သေပြီဆိုပြီး ရေခဲတိုက်ပို့မှ အသက်ပြန်ရှုလာလို့ အခု ဆေးရုံမှာ ပြန်တင်ထားတယ်၊ တယောက်ကတော့ သတိမရသေးဘူး၊ စိုးရိမ်ရတယ်” ဟု ကိုဝင်းသန်းထွန်းက ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများအနက် မကွေးတိုင်း ရေစကြိုမြို့နယ်မှ ကိုဇော်မျိုးခိုင်နှင့် မန္တလေးတိုင်း မြင်းခြံ ခရိုင် ကျောက်ပန်းတောင်းမြို့နယ်မှ ကိုဇော်လင်းတို့ နှစ်ဦးသာ မိသားစုနှင့် အဆက်အသွယ်ရရှိပြီး သေဆုံးသူ နောက်တဦး ဖြစ်သည့် ကိုမိုးလွင်နှင့် ဒဏ်ရာပြင်းထန်နေသည့် ကိုကရင်နှင့် ကိုထွန်းဆိုသူတို့၏ နေရပ်ရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
အဆိုပါ ဓာတ်ငွေ့ဂိုဒေါင်တွင် လုပ်ကိုင်နေသူ မြန်မာ နိုင်ငံသား ၅ ဦးမှာ မူလက တရားဝင် နိုင်ငံကူး လက်မှတ်များနှင့် လာခဲ့ကြသော်လည်း မလေးရှားလုပ်ငန်းရှင်များက စာအုပ်များ သိမ်းဆည်းထားပြီး လုပ်ခ ခေါင်းပုံဖြတ်မှုများကြောင့် ၎င်းတို့ စာအုပ်များကို အသေခံကာ တရားမဝင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသူများဟု စုံစမ်းသိရှိရကြောင်း ကိုဝင်းသန်းထွန်းက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော တရားမဝင် ဓာတ်ငွေ့ ဂိုဒေါင်ပိုင်ရှင်အား အရေးယူနိုင်ရေး အတွက် မလေးရှား ကူးလင်းမြို့နယ် အာဏာပိုင်များက စုံစမ်းနေကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်ဟု ဆိုသည်။
ကူးလင်းမြို့နယ် အာဏာပိုင် ရဲများက ယခုဖြစ်ရပ်တွင် သေဆုံးဒဏ်ရာရသူ အလုပ်သမားများကို အရေးယူ မခံရစေရန် ကူညီမှုပေးသွားမည်ဟု ပီနန်းမြို့ရှိ မြန်မာ နာရေးကူညီမှုအသင်းမှ တာဝန်ခံက ပြောသည်။
အဆိုပါ ဖြစ်ရပ်၌ သေဆုံး၊ ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသား ၅ ဦး အနေဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများ မရှိသဖြင့် နစ်နာကြေးများရရှိရန် မလွယ်ကူနိုင်ဟု သူကဆက်ပြောသည်။
“သူဌေးကလည်း ဒီနိုင်ငံက တရားဝင်လိုင်စင်နဲ့ လုပ်တာမဟုတ်တော့ ဖြစ်ဖြစ်ချင်း ထွက်ပြေးတာပေါ့၊ ဘယ်သူဌေး ဘယ်သူ ဘယ်ဝါဆိုတာ လိုက်လို့ကို မရသေးဘူးဖြစ်နေတယ်” ဟု ကိုဝင်းသန်းထွန်း က ဆိုသည်။
မလေးရှားအစိုးရက ၎င်းတို့နိုင်ငံအတွင်းတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၂ သန်းကျော်ရှိကြောင်း ခန့်မှန်း ပြောဆိုထားသည်။
ယခုနှစ် ဇူလိုင်လပိုင်းက မလေးရှားအစိုးရအနေဖြင့် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင်ဖြစ်ရေး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးရန်အတွက် မှတ်တမ်းယူရာတွင် လာရောက်၍ လက်ဗွေနှိပ်ယူသူ မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၅ သိန်းကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စားဝတ်နေရေးနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် မလေးရှားနိုင်ငံသို့ စက်ရုံ၊ အလုပ်ရုံ၊ ခြံလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် သွားရောက် အလုပ်လုပ်ကိုင် နေကြရသည်။