ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ မရ ရအောင်ယူမည်ဟု ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောဆိုချက်ကို မူဝါဒများအရ အကောင်အထည် ဖော်မည်ဆိုပါက ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဆွေးနွေးမှု ဖြစ်မလာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအား မည်သည့်နည်းဖြင့် မဆိုရအောင် ယူမည်ဖြစ်ကြောင်း၊ ပကတိ အခြေအနေအရ နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေး ရခြင်း၊ မရခြင်း အပေါ် မူတည်နေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နေပြည်တော်တွင် ပထမအကြိမ် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးပွဲအစည်းအဝေး၌ ပြောဆိုခဲ့သည်။
သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သော ထိုကော်မတီ၏ ပထအကြိမ်အစည်းအဝေး၌ ဒေါက်တာ စိုင်းမောက်ခမ်းက “ငြိမ်းချမ်းရေးကို မည်သို့ပင် ဖြစ်စေ ရအောင်ယူမှ ဖြစ်မည်၊ ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာ လမ်းမရှိ” ဟု ပြောဆိုကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားဖော်ပြထားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ အပစ်အခတ်ရပ်၍ လက်နက်စွန့်လွှတ်ရေး၊ နိုင်ငံရေးပါတီ ထောင်၍ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ၌ နိုင်ငံရေးအရ ဆွေးနွေးရေး စသည့်အချက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လက်မခံနိုင်ဟု ပြောသည်။
“ဒီအချက်တွေကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး၊ အစိုးရက တဘက်သတ် အသာစီးယူထားပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်နေတယ်။ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကိုပါ လက်ခံပြီးသားဖြစ်အောင် အစိုးရက လုပ်ဆောင်နေတယ်” ဟု မွန်ပြည်သစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီကို ပြောသည်။
ဒု သမ္မတ၏ ပြောဆိုမှုသည် စစ်ပွဲများ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း ပြောဆိုသည့်အဓိပ္ပာယ် သက်ရောက်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကလည်း ဧရာဝတီသို့ ပြောသည်။
“ဖြစ်တဲ့နည်းနဲ့ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတော့ နည်းမျိုးစုံနဲ့ KIA ကို ဖိအားပေးမယ့် သဘောရှိတယ်။ ဗန်းမော်နဲ့ လိုင်ဇာဒေသတွေမှာ အစိုးရစစ်တပ်တွေ အများအပြား ချနေတယ်။ လုံခြုံရေးအရ လုပ်ဆောင်ပြီးရင် KIA ကို ထိုးစစ် ဆင်မယ့်သဘော တွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။
KIA နှင့်အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကိစ္စကို နှစ်ဖက်စလုံးက ကြိုးပမ်းနေကြသည့်တိုင် အောင်မြင်မှု မရရှိသေးပေ။
အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသော်လည်း ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နေသည်မှာ အနှစ်သာရ ပြည့်ဝသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုမျိုး မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာမလာဘောက ကရင်အာဇာနည်နေ့ အခမ်းအနားတွင် ပြောခဲ့သည်။
စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်လိုပါက ပွင့်လင်းမြင်သာမှု ရှိသော နိုင်ငံရေးအရ အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုကြောင်း၊ သို့မဟုတ်ပါက ပြည်တွင်းစစ် ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့တွင် KNU ဥက္ကဋ္ဌ ပြောဆိုသည်။
အစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူစာချုပ် လက်မှတ်ရေး ထိုးထားသည့် ရှမ်းတပ်ဖွဲ့များနှင့် အစိုးရ စစ်တပ်တို့သည်လည်း တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပေါ်နေကြောင်း၊ အစိုးရအနေဖြင့် ထိုသို့ မလုပ်ဆောင်သင့်ကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။
ရှမ်းတပ်မတော်အနေဖြင့် ပြည်ထောင်စုအဆင့် ဆွေးနွေးမည့်ကိစ္စကို အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူလူထု၏ ဆန္ဒ သဘောထားအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“လူထုရဲ့ သဘောထား စစ်တမ်းကို ကောက်ယူနေတုန်းပါ။ ငြိမ်းချမ်းရေးကိစ္စကို လူထုရဲ့ တောင်းဆိုချက်အတိုင်း လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
အစိုးရ၏ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုထက် စီးပွားရေး ကိစ္စကိုသာ ဇောင်းပေး ဆွေးနွေးနေကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် မြန်မာ့တပ်မတော်၏ ပူးပေါင်းပါဝင်မှု အားနည်းကြောင်း KNU ဥက္ကဋ္ဌ စောတာမလာဘောက ပြောဆိုထားသည်။
တိုင်းရင်းသား ပြည်နယ်များ၌ စီးပွားရေးအခြေအနေ နိမ့်ကျနေကြောင်း၊ ထို့ကြောင့် မကျေနပ်မှုများ တိုးပွားလာ၍ မငြိမ်သက်မှုများ ဖြစ်ပေါ်ပြီး စစ်ပွဲများ ဖြစ်ပွားနေကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက ပြောဆိုနေခြင်းသည် အချက်တခုသာဖြစ်ပြီး အဓိက မကျကြောင်း၊ သို့သော် နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလည်း ကဏ္ဍတရပ်မှ ပါဝင်ကြောင်း နိုင်ဟံသာက ပြောသည်။
“စားဝတ်နေရေး ပြေလည်နေရင် ဘယ်သူမှ လက်နက်ကိုင် တိုက်ပွဲဝင်မှာ မဟုတ်ဘူးလို့ အစိုးရက ထင်နေတယ်။ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲဝင်နေတာက လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ တန်းတူရေးအတွက် အဓိကပါ” ဟု ဆိုသည်။
ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်ပေါ်ရေး၊ တိုင်းရင်းသား အားလုံး၏ သဘောထား ဆန္ဒဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ ဆွေးနွေးမှု ဖြစ်ပေါ်လာရန် နည်းလမ်းကောင်းရရှိရေးအတွက် အားလုံးပါဝင်သော ညီလာခံတခုကို ပြည်ပ၌ ခေါ်ယူ ကျင်းပသွားရန် ရှိကြောင်းလည်း နိုင်ဟံသာက ပြောသည်။
ထိုမှတဆင့် အစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ၊ လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ တည်ထောင်ထားသည့် ပြည်တွင်းရှိ တိုင်းရင်းသားပါတီများ စသည့် အလွှာစုံပါဝင်သော ညီလာခံကြီးတခုကို ပြည်တွင်းရှိ လွှတ်တော်ပြင်၌ ခေါ်ယူကျင်းပ၍ ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသား အဖွဲ့များက ကြိုးပမ်းနေကြောင်း သိရသည်။