သတင်း

ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။

နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ရမှတ် ၄၅၀ အထက်ရရှိသူ ၂၅၀ ဦးကို ရွေးချယ်ကာ ဘွဲ့ကြိုအတန်းများအတွက် သင်ကြားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စနေနေ့ထုတ် သတင်းစာများတွင် ရေးသားထာသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒု ဝန်ကြီး တာဝန်ယူခဲ့သူ ဆရာကြီး ဦးညီလှငယ် ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ကျောင်းအတွင်း အကြီးစား မွမ်းမံပြင်ဆင်မှုများနှင့် သင်ရိုးညွန်းတမ်းများ ရေးဆွဲခြင်းကို လုပ်ဆောင်နေကြောင်း၊ ယခင်အတိုင်း ပြန်လည် အသက်ဝင်လာမည်ဟု ယူဆကြောင်း ဦးညီလှငယ်က ဧရာဝတီသို့ပြောသည်။

“အရင်ဂုဏ်ဆောင်ခဲ့တဲ့ RIT ကျောင်းကြီး ညှိုးညှိုးနွမ်းနွမ်းဖြစ်သွားတာကို အရမ်းစိတ်မကောင်း ဖြစ်ခဲ့ရတယ်၊ စည်ကားမယ်ဆိုရင် အရမ်းဝမ်းသာတယ်၊ ဒါကြောင့် ကိုယ်ပိုင်အချိန်တွေထဲက ပေးပြီး လုပ်ပေးနေတာ၊ ယိမ်းယိုင်နေတဲ့ အခြေအနေပဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိ ပြဿနာမှာ ဆရာရှားပါမှုဖြစ်ပြီး လာရောက်သင်ကြားမည့် ကျောင်းသားများမှာ မြန်မာနိုင်ငံ၌ အတော်ဆုံးကျောင်းသား များဖြစ်ရာ သင်ကြားမည့်ဆရာများမှာလည်း အမှန်တကယ် တတ်သိနားလည်သည့် ဆရာများဖြစ်ရန်လိုကြောင်း၊ ထို့အတွက် အငြိမ်းစား ဆရာဟောင်းကြီးများနှင့် ပြင်ပ ပုဂ္ဂလိကဆရာများကို ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း၊ နိုင်ငံရပ်ခြားတက္ကသိုလ် များမှ ဆရာများကို ငှားရမ်းမည်ဆိုလျှင်လည်း ငွေကြေးကုန်ကျမှုများ၍ မတတ်နိုင်ကြောင်း ဆရာဦးညီလှငယ်က ပြောသည်။

မြန်မာနိုင်ငံ၌ အင်ဂျင်နီယာ အတတ်ပညာ သင်ကြားမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာနှင့် အဆက်ပြတ်သွားရာ ယခုအခါ အမေရိကန်နိုင်ငံမှ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၊ သြစတြေးလျနိုင်ငံမှ နယူးဆောက်သ်ဝေး တက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ဆိုက်တာမား၊ ကျိူတို စသည့် တက္ကသိုလ်များနှင့် ဥရောပမှ နယ်သာလန်၊ ဘယ်လ်ဂျီယံ စသည်နိုင်ငံများမှ တက္ကသိုလ် များကိုလည်း အကူအညီ တောင်းထားကြောင်း သိရသည်။

နိုင်ငံတကာတွင် ရောက်ရှိနေသည့် ကျောင်းသားဟောင်းများနှင့် ပြည်တွင်းရှိ ကျောင်းသားဟောင်းများ ပူးပေါင်းပြီး ကျောင်း အတွက်လိုအပ်သည့် အဲယားကွန်း၊ ပုံဆွဲခုံများ၊ အလုပ်ရုံအတွက် လိုအပ်သည့် ကိရိယာများနှင့် ကျောင်းတွင်း ပြင်ဆင်မှုများကို လှူဒါန်းပေးကြောင်း ဦးညီလှငယ်က ရှင်းပြသည်။

ယခုအသစ်ဖွင့်လှစ်မည့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ရှေးယခင်ကအတိုင်း ဘာသာရပ်များကို ဆက်လက်သင်ကြားမည် ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် လေကြောင်းအင်ဂျင်နီယာ သင်တန်းမှာ ပါဝင်တော့မည်မဟုတ်ပေ။

အင်ဂျင်နီယာ ဘွဲ့ကြိုအတန်းများ ဖွင့်လှစ်သော်လည်း အဆောင်နေ ကျောင်းသားများ လက်ခံရေးမှာမူ ဖြစ်နိုင် ဦးမည် မထင်ကြောင်း၊ သို့သော် လက်ရှိ ကျောင်းဝန်းအတွင်းရှိ ABC စသည့် အက္ခရာစဉ် အဆောင်များကို ရှေးယခင်က အတိုင်း ပြုပြင်ထိန်းသိမ်းထားကြောင်း ဆရာဦးညီလှငယ်က ဆက်ပြောသည်။

တက္ကသိုလ်လောကတွင် စွယ်တော်ရိပ်ဟု နာမည်ကြီးခဲ့သည့် ရန်ကုန်စက်မှု တက္ကသိုလ်ကို ၁၉၅၈ ခုနှစ် ဖဆပလ အစိုးရ လက်ထက် ဆိုဗီယက် ပြည်ထောင်စု အကူအညီဖြင့် တည်ဆောက်ခဲ့ရာ ၁၉၆၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လတွင် RIT ကျောင်းသားများနှင့် အရပ်သားများ ရန်ဖြစ်ရာမှ နိုင်ငံရေး လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပေါ်လာကာ ဦးနေဝင်း ဦးဆောင်သည့် မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီ ပြုတ်ကျခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင် စစ်အစိုးရက ကျောင်းသားများအား လူစုခွဲသည့်အနေဖြင့် မန္တလေး စက်မှုတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။

သို့သော် ၁၉၉၆ ခုနှစ် လှည်းတန်း အရေးအခင်း ဖြစ်ပွားခဲ့သည့်အတွက် ၁၉၉၈ ခုနှစ်မှ စတင်ကာ RIT နှင့် MITကို စစ်အစိုးရက ပိတ်ပစ်ခဲ့သည်၊ ထို့နောက် ရန်ကုန်တိုင်း လှိုင်သာယာနှင့် ပဲခူးတိုင်း ပြည်မြို့တွင် နည်းပညာ တက္ကသိုလ်များ ဖွင့်လှစ်ကာ လူစု ခွဲခဲ့သည်။

မကြာသေးမီကလည်း စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က အရှေ့တောင်အာရှတွင် နာမည်ကြီးခဲ့သည့် ရန်ကုန်တက္ကသိုလ်ကို ပြန်လည် ဖွင့်လှစ်ရန် ပြောဆိုသည့် စာတမ်း တစောင်ထုတ်ပြန်ခဲ့သည်။

အစိုးရ စစ်တပ်ပိုင် မြဝတီ သတင်းဌာန ဝက်ဘ်ဆိုက်က ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်တက္ကသိုလ်အတွင်း ကားဝင်ရောက်ခွင့် အတားအဆီးမရှိ ဖွင့်လှစ်ပေးလိုက်ကြောင်း၊ ကျောင်းဝန်းအတွင်း လေ့လာသူများဖြင့် စည်ကားနေကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

သို့ရာတွင် ရန်ကုန်တက္ကသိုလ်တွင်း နေထိုင်သူများ၏ ပြောဆိုမှုများအရ ဝင်ပေါက်များ ဖြစ်သည့် ရာမည၊ ဂျပ်ဆင်နှင့် မာလာ ဂိတ်ပေါက်များ မဖွင့်သေးကြောင်း၊ ထို့အပြင် ဂျပ်ဆင်နှင့် တောာင်ငူဆောင်ကို ဆက်သွယ်ထားသော လမ်းကိုလည်း ပိတ်ထားသည့် အတွက် ဆရာ၊ ဆရာမများ သွားလာရေး ခက်ခဲနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading