သမ္မတ ဦးသိန်းစိန်နှင့် VOA (Voice of America) မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းတို့ သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ရခိုင်ပြည်နယ်အရေး ပြောဆိုမှုများကို ပြည်တွင် နိုင်ငံရေး လောကတွင် တုံ့ပြန် ပြောဆိုမှုများ ရှိသည်။
“ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေး ကြည့်လိုက်တဲ့အခါမှာနောက်ထပ် ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ်။ အိမ်ထောင်စုတစုဆိုရင် ခုနှစ်ဆယ်၊ရှစ်ဆယ်လောက်ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဘင်္ဂါလီများနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်သို့ ၃ ခေါက်သွားရောက်၍ အချက်အလက် စုဆောင်းမှုများ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက အဆိုပါ အချက်သည် ၎င်းတို့အဖွဲ့ တွေ့ရှိချက်များဖြင့် ထပ်တူဖြစ်၍ ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။
“သဘောထားခြင်းက မကွာဘူး။ ဆိုတာက ကျနော်တို့ သိထားတာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဝင်လာတာက များတယ်။ ဒီဘက်ပိုင်းမှာ ဟိုဘက်ကမ်းက စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးက ကိုယ့်ထက်တောင် သာတယ်” ဟု သူက ဆိုသည်။
ယခင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများနှင့် နောက်ဝင်လာသူ အနည်းစုတို့၏ လူဦးရေ ပေါက်ဖွားမှု များပြားသည့် ပြဿနာသည် အဓိကအကြောင်းအရင်းတွင် ပါဝင်ကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ပါတီ၏ သဘောထားသည် ရခိုင် ဒေသခံတချို့၊ ဘင်္ဂါလီ ဒေသခံတချို့နှင့် တရားမဝင် ဝင်ရောက်လာသည့် လူအုပ်စု ၃ စု ပြဿနာဟု လက်ခံထားခဲ့ကြောင်း၊ ပြည်တွင်း အုပ်စု ၂ စု ကြား ပြဿနာကို ဥပဒေဖြင့်သာ ဖြေရှင်းရန် လိုအပ်ပြီး ပြည်ပမှ ဝင်ရောက်လာသူများ ပြဿနာကို နိုင်ငံတကာနှင့် လက်တွဲ ဖြေရှင်းသင့်ကြောင်း ပြောသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၏ အားနည်းချက်များ ပြင်ဆင်ရန် လိုအပ်သည်များကိုလည်း လုပ်ဆောင်သင့်ကြောင်း၊ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရေး တဖက်ကလည်း အလေးထားသင့်ကြောင်း၊ ယခုကိစ္စသည် စနစ်တကျ ဖြေရှင်းပါက ပြေလည်သွားမည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အစဉ်အဆက်အားဖြင့် တိုင်းရင်းသား မဟုတ်သည့် နိုင်ငံသားများ ရှိထားနှင့်ပြီးဖြစ်ကြောင်း၊ ၎င်းကိစ္စကို အငြင်းပွားနေခြင်း မဟုတ်ကြောင်း၊ တရားမဝင် ဝင်ရောက်လာသူများ အနေဖြင့် မည်သည့်နိုင်ငံ၌မဆို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ နိုင်ငံသား ဥပဒေများဖြင့် စိစစ်ခံရမည်ဖြစ်ပြီး တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်လိုက ဒေသခံ နိုင်ငံသားများနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ရေး ကြိုးစားခွင့် ရှိသည်ဟု ဦးကိုကိုကြီးက ဆိုသည်။
“သူတို့ကလည်း ကိုယ့်ကိုယ်ကိုယ် ဘင်္ဂါလီ လူမျိုးဆိုတာ မှန်မှန်ကန်ကန် ဖော်ပြဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တခြား ရှိပြီးသား တိုင်းရင်းသား တမျိုးမျိုးအမည်ကို ခံပြီးတော့ မရိုးမဖြောင့်တဲ့နည်းလမ်းနဲ့ နိုင်ငံသားဖြစ်မှုကို ကြိုးစားတာမျိုး၊ နောက်တခါ သီးခြား နာမည်တခု ဖန်တီးပြီးတော့ ဌာနေတိုင်းရင်းသားအဖြစ်နဲ့ နိုင်ငံသားဖြစ်ဖို့ ကြိုးစားတာမျိုးကိုသာ ကျနော်တို့က ထောက်ပြပြောဆိုနေတာ” ဟု သူက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်က VOA နှင့် အင်တာဗျူးတွင် “၁၉၈၂ ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ ပတ်သတ်ပြီးတော့အကာအကွယ်ပေးထားတာ တွေရှိပါတယ်။ အကြမ်းဖျဉ်း ကျနော်သိရသလောက် ဆိုရင်၄၈ ခုနှစ် မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ဘဲ ဒီမှာသောင်တင်ပြီးတော့နေနေကြတာပေါ့။ ၄၈ ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့မိဘတွေက မွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့ အခါမှာနိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ် ပြုပေးဖို့ဆိုတဲ့ ဥပဒေထဲမှာပါပြီးသား ဖြစ်ပါတယ်” ဟု ဆိုသည်။
မကြာသေးမီက သမ္မတနှင့် တွေ့ဆုံပြီး ရခိုင်အရေး ဆွေးနွေးခဲ့သည့် ရခိုင် ဒီမိုကမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကမူ အဆိုပါ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသူများကိစ္စ သမ္မတနှင့် ကွဲလွဲနေကြောင်း ပြောသည်။
“ကျနော်တို့ သိရသလောက်က ခိုးဝင်နေတဲ့သူတွေကတော့ အမြဲတမ်း ရှိနေတယ်။ လွတ်လပ်ရေး မရခင်တုန်းက ရှိခဲ့တာက နည်းနည်းပဲ ရှိတယ်။ နည်းမျိုးစုံနဲ့ တချို့လည်း အထောက်အထားတွေ ရထားတာတွေ ရှိတဲ့အတွက် ဒါတွေကို တကယ်တော့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်” ဟု သူက ဆိုသည်။
ဖြေရှင်းရန် ကိစ္စများအနက် နိုင်ငံသား ဥပဒေကိုလည်း ပြန်လည် သုံးသပ်သင့်ကြောင်း၊ မကြာခင်က သမ္မတနှင့် တွေ့ဆုံစဉ်က နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်လာသူတချို့က မည်သို့မည်ပုံ မှတ်ပုံတင် ရထားသည်ကိုလည်း ဖြေရှင်းရန်လိုအပ်ပြီး သမ္မတ ပြောထားသည့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တင်ပြထားခဲ့ကြောင်း သူက ဆက်ပြောသည်။
ထို့အတူ ဦးဝင်းတင်ကလည်း “သမ္မတ အရင်က ပြောတာက အပြင်က ဝင်လာတဲ့သူက အများကြီး ပြောခဲ့တယ်။ အခုတော့ ဝင်လာတဲ့သူက လူနည်းစုလို့ ပြောတယ်။ ကျနော်တို့ နားလည်တာက အများစု ဖြစ်နေတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အရေးတွင် စုံစမ်းစစ်ဆေးရန် အဖွဲ့အစည်းတချို့၏ တောင်းဆိုမှုနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က “ဒါကို အင်တာနေရှင်နယ် Issue တခုလို ဒီမှာလာပြီး စစ်မယ်ပြုမယ် ဆိုရင်တော့ အမှန်တော့ မလိုအပ်ပါဘူး။ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ့်ပြည်တွင်းရေး ကိစ္စလည်းဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ကျနော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလို စစ်မယ်ပြုမယ် ဆိုရင် ဒါတော့မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်ထင်ပါတယ်” ဟု ဆိုသည်။
ALD ပါတီခေါင်းဆောင် ဦးအေးသာအောင်ကလည်း ယခုကိစ္စသည် ပြည်ပမှ ဖိအားပေးသည့် သဘောဖြင့် ရခိုင်ပြည်နယ် ဒေသတချို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ပြည်ပမှ သီးခြား စုံစမ်းစစ်ဆေးရေး လာရောက်ရန် မလိုအပ်ကြောင်း ပြောသည်။
“ကျနော်တို့ ပြည်တွင်းမှာ အစိုးရရယ်၊ ဌာနဆိုင်ရာတွေရယ် ပြီးတော့ ကျနော်တို့လို နိုင်ငံရေးပါတီတွေနဲ့ မြို့တွေမှာရှိတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ခိုးဝင်လာတဲ့သူတွေနဲ့၊ အရင့်အရင်က ရှိနေတဲ့ သူတွေကို စိစစ်ဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။
ဦးကိုကိုကြီးက အငြင်းပွားဖွယ် လူမျိုးတမျိုး၏ ဇစ်မြစ် သမိုင်းရေးဆိုင်ရာတို့နှင့် ပတ်သက်၍မှု လွတ်လပ်သည့် ပညာရှင်များအနေဖြင့် လေ့လာစုံစမ်း စိစစ်သင့်ကြောင်း ပြောသည်။
လေ့လာအကဲခတ်သူများက သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကိုယ်စားလှယ် အပါအဝင်၊ တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စလမ် ခေါင်းဆောင်များနှင့် နိုင်ငံခြား ဧည့်သည်များကို ပဋိပက္ခ ဖြစ်ပွားခဲ့ရာဒေသများသို့ သွားရောက် ၍ လွတ်လပ်စွာ လေ့လာခွင့်ပေးလိုက်ခြင်းသည် သင့်တော်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ မှားယွင်းစွာ ပုံဖော်ပြောဆို နေကြသည့် တချို့သတင်းများကို အကောင်းဆုံး တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း မှတ်ချက်များ ပေးကြသည်။
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် သေဆုံးသူ ၇၈ ဦးရှိကြောင်း အစိုးရ၏ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားပြီး အိုးအိမ် ၅ ထောင်နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ ယခုအခါ ဒုက္ခသည် စခန်း ၅၃ ခုနှင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
အထူးသဖြင့် ဘင်္ဂါလီများအတွက် ပညာရေးသည် အရေးကြီးသဖြင့် စာသင်ကျောင်းများ အမှန်ပင် လိုအပ်နေကြောင်း သမ္မတ ဦးသိန်းစိန်က VOA နှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောဆိုထားသည်။