မန္တလေးတိုင်း မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့နယ် ထဲမှ ကျေးရွာ ၂ ရွာတွင် အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ် ခံခဲ့ရပြီးနောက် ကျောက်ပန်းတောင်း မြို့ပေါ်နှင့် ဒေသတွင်း ကျေးရွာနြေ ပည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။
ကျောက်ပန်းတောင်မြို့၏ တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ရှိသော ကြောင်ဒူး ကျေးရွာသူ အသက် ၆၉ နှစ်အရွယ် ဒေါ်သောင်း ဆိုသူနှင့် ယင်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ရေထွက် ကျေးရွာတွင် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တဦးတို့သည် စိတ်မူမမှန်သူ တဦး၏ သတ်ဖြတ်ခံမှုမျိုးဖြင့် ပုံစံတူ သတ်ဖြတ် ခံခဲ့ရကြောင်း ယင်းအမှုများကို ကိုင်တွယ် ဆောင်ရွက်နေသော ရဲအရာရှိ များက ပြောသည်။
ယင်းသတင်းများ ဒေသတွင်း ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့ပေါ်သို့ ပျံ့နှံ့ခဲ့ပြီးနောက် ဒေသခံများက လုံခြုံရေးအရ စိုးရိမ်နေကြကြောင်း သိရသည်။
“နှစ်ယောက်စလုံး အသတ်ခံရတာကတော့ ပုံစံတူတာပေါ့၊ အသက်ကြီး အမျိုးသမီးတွေ ချည်းပဲ။ အဓမ္မ ပြုကျင့်တာမျိုးလည်း မရှိဘူး၊ ရွှေငွေ လုတာမျိုးလည်း မဟုတ်ဘူး။ ပါးစပ်ထဲကို သစ်ရွက်တွေ ထိုးထည့်၊ မျက်နှာကို အဝတ်နဲ့ စည်းပြီးတော့ လည်မျိုကိုညှစ်ထားတာ” ဟု ကြောင်ဒူး ကျေးရွာအမှုကို အဓိက ကိုင်တွယ် ဆောင်ရွက်နေသော ဒေသဆိုင်ရာ ပွေးကျစ်
ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
သေဆုံးသူ နှစ်ဦးအနက် ကြောင်ဒူး ရွာသူ ဒေါ်သောင်း၏ ရုပ်အလောင်းအား ဆေးစစ်ပြီး ဆေးစာပြန်ကြားချက်အရ ဓမ္မတာ အတိုင်း မဟုတ်သဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း၊ တရားခံအား စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ထိုလူသတ်မှု ၂ ခု တွင် တရားခံ တဦးတည်း ဖြစ်နိုင်ကြောင်း၊ သတ်ဖြတ်ထားမှု များသည် စိတ်မူမမှန်သူဟု ယူဆရကြောင်း သူက ဆက် ပြောသည်။
ဒေါ်သောင်းမှာ ဇူလိုင် လလယ်ပိုင်းက အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ရေထွက်ရွာသူ အသတ်ခံရမှုမှာ ဇွန်လ တကည်းက ဖြစ်ကြောင်း၊ ယင်းအမှု ဖြစ်စဉ်များမှ လူသတ်တရားခံအား ဖမ်းဆီးရမိရေးအတွက် ကျောက်ပန်းတောင်း မြို့နယ် ရဲစခန်းမှ အဓိက ညွှန်ကြားထားကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တဦးက ရှင်းပြသည်။
“အမှုနှစ်ခုစလုံးက ဆင်တူနေတယ်။ တရားခံကတော့ ကျနော်တို့ စုံစမ်းနေဆဲပါပဲ၊ အမှုဖြစ်စဉ် အသေးစိပ်ကိုတော့ ဒီအမှုတွေကို ကိုင်တွယ်တဲ့ စုံစမ်း ဖော်ထုတ်ရေး အရာရှိတွေပဲ သေချာသိပါလိမ့်မယ်” ဟု ကျောက်ပန်းတောင်း မြို့နယ် ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
ကြောင်ဒူးကျေးရွာသူ ဒေါ်သောင်းသည် ဇူလိုင်လ ၁၅ ရက်နေ့က တောထဲတွင် မန်ကျည်းသီးစိမ်း သွားခူးရာမှ ပျောက်ဆုံး နေခဲ့ပြီး ၅ ရက်အကြာတွင် ရွာသို့ အပြန်လမ်းအနီး နဘူးခြုံထဲ၌ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကြောင်ဒူး ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်ကိုက ပြောသည်။
“မနက်ပိုင်း မန်ကျည်းသီးခူး ထွက်သွားတယ်၊ ပြန်မလာဘူး။ မိုးချုပ်တော့ ရွာသူရွာသားတွေ လိုက်ရှာတာ မတွေ့ဘူး။ အလောင်းက အပုပ်နံ့ထွက်မှ ခြုံထဲမှာ သွားတွေ့တာ၊ ပုဆိုးနဲ့ မျက်နှာ စည်းထားတယ်။ ပါးစပ်ထဲကို သစ်ရွက်တွေ ထည့်ထားတယ်၊ လက်ပြန် ကြိုးတုပ်ထားတယ်” ဟု ဦးမြင့်ကိုက ဧရာဝတီသို့ ပြောသည်။
ဒေါ်သောင်းသည် ကျေးရွာတွင်း ရန်ငြိုးရန်စများ မရှိကြောင်း၊ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပွေးကျစ် ရဲစခန်း၏ ညွှန်ကြား ချက်ဖြင့် ကြောင်ဒူး ကျေးရွာအပါအဝင် ဒေသတွင်း ကျေးရွာများကို မသင်္ကာဖွယ်ရာ လူစိမ်းတွေ့ပါက သက်ဆိုင်ရာသို့
အကြောင်းကြားရန်နှင့် ရွာသူ၊ ရွာသားများအနေဖြင့် တောင်ယာ သွားခြင်း၊ ခရီးထွက်ခြင်းများကို အဖော်ဖြင့် သွားရန် လှုံ့ဆော်ထားကြောင်း ရဲနှင့် ကျေးရွာ ဥက္ကဋ္ဌတို့က ဆိုသည်။
“ဖြစ်သွားတဲ့ ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဖြစ်တာများတာကိုး။ အမျိုးသမီးတွေဆိုရင် တယောက်တည်း အပြင်မသွားဖို့၊ အဖော် ခေါ်သွားဖို့၊ သတိဆိုတာ ပိုတယ်လို့မရှိဘူး၊ လုံခြုံရေးအတွက်တော့ ကျနော်တို့က ကျေးရွာတွေကို အမြဲတန်းတော့ ချမထား ပေးနိုင်ဘူးပေါ့၊ လှည့်ကင်းသဘောမျိုးနဲ့ တရွာမှာ တညအိပ်ပုံစံမျိုးနဲ့ပဲ ထားပေးတယ်” ဟု ပွေးကျစ် ရဲအရာရှိက ပြောသည်။
ထိုဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ကြောင်ဒူးကျေးရွာနှင့် ရေထွက်ကျေးရွာ အပါအဝင် ဒေသတွင်းရှိ ကျေးရွာများတွင် ယာထဲဆင်း အလုပ်လုပ်ကိုင်ခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် ရွာအပြင်ထွက်ခြင်း စသည်တို့ကို တဦးတည်း သွားလာခြင်း မရှိကြောင်း ကြောင်ဒူး ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်ကိုက ဆိုသည်။
“သွားရေးလာရေးတော့ စိုးရိမ်နေကြတာပေါ့။ ခါတိုင်းလို တယောက်တည်း သွားလို့တော့ မရဘူးပေါ့။ တယောက်တည်း သွားရမယ့် အလုပ်ကို နှစ်ယောက်လောက် သွားနေရတာမျိုးတော့ ရှိတာပေါ့။ မြန်မြန်မိရင်တော့ ကျနော်တို့လည်း ဝမ်းသာတယ်” ဟု သူက ပြောသည်။
ကြောင်ဒူးကျေးရွာခံများ အနေဖြင့် ကြောက်စိတ် လွှမ်းမိုးနေကြောင်း၊ ရွာပြင်တွင် လူစိမ်းတွေ့သည် ဆိုသည့် ကောလာဟလ သတင်းများကြောင့် မကြာခဏ ရွာသားများ စုဖွဲ့၍ တောနင်း ရှာဖွေခြင်းများ ပြုလုပ်နေကြကြောင်း ၎င်းက ဆိုသည်။
ကြောင်ဒူးရွာသူ တဦးကလည်း “ဒီရွာက တောင်ရိုး လုပ်ကိုင်စားကြတာ။ ခုတောင်ရိုးလည်း မျှစ်ချိုး မသွားရဲဘူး၊ ဆူးပုပ်ရွက်ခူး၊
ထင်းခွေလည်း မသွားရဲ၊ ယာထွန်သွားတာတောင် ရွာနဲ့ဝေးရင် အဖော်တွေနဲ့ သွားကြတာ။ အခုနှမ်းပေါ်ချိန် နှမ်းထောင် စောင့်တောင် ဘယ်သူမှလည်း မသွားဘူး၊ ဘယ်သူမှလည်း လာမခိုးရဲဘူး အဲဒီလိုဖြစ်နေတာ” ဟု ပြောသည်။
ယင်းဖြစ်ရပ် သတင်းသည် ထိုကျေးရွာများမှ တဆင့် ကျောက်ပန်းတောင်း မြို့ပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိပြီး မြို့စွန်ရပ်ကွက် များတွင် နေထိုင်သူများက စိုးရိမ်နေကြကြောင်း မြို့ပေါ်ရဲစခန်းနှင့် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။