မြန်မာပြည်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum (WEF) ကို ၂၀၁၃ခုနှစ် ဇွန်လ၌ ကျင်းပရန် စီစဉ်ထားပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ ထိပ်တန်းခေါင်းဆောင်များ အပါအဝင် ထိပ်တန်း စီးပွားရေးကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့် စီးပွားရေးပညာရှင်များပါဝင်ကာ လူဦးရေ တထောင်ကျော်တက်ရောက်မည် မျှော်လင့်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းသို့ WEF ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့်နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ ရရှိစေနိုင်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ အတွက်လည်း နိုင်ငံတကာစီးပွားရေးတွင် ကျွမ်းဝင်လာစေရေး များစွာ အထောက်အပံ့ ဖြစ်စေမည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်များက မျှော်လင့်နေကြသည်။
“ဒီဖိုရမ်မှာ ကိုယ့်နိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို သူတို့အနေနဲ့ ထိတွေ့သိရှိခွင့်ရရှိမှာဖြစ်လို့ ဒါက တကယ့်လွက်တွေ့ ကျကျ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီမှာကလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ဥပဒေ အပါအဝင် စီးပွားရေးအထူးဇုန် ဥပဒေကလည်း ထွက်ရှိလာမှာ ဖြစ်တာကြောင့် သူတို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့အတွက်လည်း တကယ့် အချိန်ကောင်းလည်း ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၏ အကြံပေး ဒေါက်တာမောင်အောင်က ပြောသည်။
“ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုမိုရရှိလာမှာ ဖြစ်တာကြောင့် တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်လာတာနဲ့အမျှ စီးပွားရေးကလဲ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော်တို့အသုံးချတက်ဖို့ လိုပါတယ်”ဟု သူက ဆက်လက်ပြောသည်။
WEF ကို ဂျီနီဗာတက္ကသိုလ် စီးပွားရေးပညာရှင် ကလော့စ်ရွှပ်က ၁၉၇၁ ခုတွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ပြုလုပ်လာခဲ့ရာ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့ ဆွေးနွေးဝိုင်းမှာ အထူးထင်ရှားသည်။ လက်တင်အမေရိက၊ အရှေ့အာရှကဲ့သို့ ဒေသတွင်း ဖိုရမ်များကိုလည်း နှစ်စဉ်ကျင်းပနေပြီး တရုတ်နှင့် ယူအေအီးနိုင်ငံများတွင်လည်း နှစ်စဉ်ဆွေးနွေးဝိုင်းများကို တိုးချဲ့ကျင်းပသည်။
ပြီးခဲ့သည့် ဇွန်လတွင် ဘန်ကောက်မြို့၌ ကျင်းပသော အရှေ့အာရှ WEF တွင် မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပြီး အာရှအမျိုးသမီးများဆိုင်ရာ ဆွေးနွေးဝိုင်းတွင် ပါဝင်ဆွေးနွေးစေခဲ့သည်။ သမ္မတ ဦးသိန်းစိန် ကိုလည်း တက်ရောက်ဟောပြောရန် ဖိတ်ကြားခဲ့သော်လည်း အစီအစဉ်ကို မြန်မာအစိုးရက နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့သည်။