ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူ(မေယု)မြစ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှဟု ယူဆရသော လှေတစီးနှင့်စာရွက် စာတမ်း တချို့ ကို ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။
သင်္ကာမကင်းသည့် လှေတစီးဖမ်းဆီးမိသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ထိုလှေနှင့်ပတ်သက်၍ အသေးစိတ် အချက် အ လက်များကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်း စစ်ဆေးမှု ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး အဖွဲ့ ဝင် ဦးမျိုးသန့် က ဧရာဝတီ ကို ပြောသည်။
“မြစ်ကမ်းဘေးမှာ ရှိတဲ့ကျေးရွာ တခုနားကို လှေ ၂ စီးရောက်လာတယ်၊ ရွာသားတွေ သွားကြည့်ကြတော့ လှေတစီးက ထွက် ပြေးသွားတယ်၊ တစီးတော့ ဖမ်းမိထားတယ်၊ ဘာလက်နက်မှ မပါ ပါဘူး၊ ဘယ်ကလာတယ်၊ ဘယ်သူတွေရဲ့ လှေဆိုတာကို စစ်ဆေးတုန်းပါ”ဟု ၎င်းက ဆိုသည်။
စက်လှေပေါ်မှ လူတချို့သည် ထိုဒေသအနီးရှိ မယူ(မေယု)တောင်တန်းသို့ ထွက်ပြေးသွားသည်ဟု သိရ၍ ရသေ့တောင် ဒေသရှိ စစ်တပ်က လိုက်လံရှာဖွေနေပြီး ရေတပ်နှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကလည်း ဒေသတဝိုက် ကင်းလှည့်နေကြောင်း သိရ သည်။
စက်လှေ ၂ စီးနှင့်လူတစုသည် မယူမြစ်ကမ်းဘေးရှိ ကုလားချောင်း ကျေးရွာအနီးသို့ သြဂုတ်လ ၁၄ ရက်နေ့ ညတွင် ရောက်ရှိလာရာ ဒေသခံ ငါးဖမ်းသမားတဦးက တွေ့ကြောင်း၊ ထိုလှေများကို သင်္ကာမကင်း၍ ရွာကို အကြောင်းကြားရာမှ ရွာ လူထု က သွားကြည့်စဉ် လှေတစီးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရသေ့တောင် ဒေသခံ ဦးလှမြင့် က ဧရာဝတီ ကို ပြော သည်။
လှေပေါ်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံအလံ လွှင့်ထူထားပြီး လှေပေါ်မှ ကျွဲတကောင်၊ ဖိနပ် ၂ ရံ၊ အဝတ်အစား တချို့၊ မော်လဝီ တ ရား ဟော ဆရာ ဦးထုပ် တလုံးနှင့် ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် စာရွက်စာတမ်း တချို့ပါဝင်ကြောင်း၊ လှေနှင့် ပစ္စည်း များကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့သို့ ယမန်နေ့က အပ်နှံထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွဲတွေ၊ နွားတွေ လာခိုးတာလို့ ယူဆရပါတယ်၊ ဖမ်းမိတဲ့ လှေပေါ်မှာ ကျွဲတကောင်တွေ့တဲ့အပြင် အဲဒီနားက အောင်မ ဆိုတဲ့ ရွာက လယ်သမားတွေရဲ့ ကျွဲ ၆ ကောင် လည်း ပျောက်နေတယ်လို့ သိရပါတယ်”ဟု ဦးလှမြင့် က ဆိုသည်။
ရသေ့တောင် မြို့နယ်၊ လုံးချောင်း ကျေးရွာအုပ်စု အောင်မကျေးရွာ မှ လယ်သမား ၂ ဦး ပိုင်ဆိုင်သော ကျွဲကောင်ရေ ၄၀ ဝန်း ကျင်ကို စားကျက်မြေရှိသည့် ကုလားချောင်းကျေးရွာအနီးတွင် ထားလေ့ရှိကြောင်း၊ ထိုကျွဲများကို ခိုးယူရန်လာရောက်ခြင်း ဖြစ် နိုင်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၏ ကျွဲ၊ နွားများ ယခင်ကလည်း မကြာခဏ ပျောက်ဆုံးလေ့ရှိကြောင်း ဒေသခံများက ပြော သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် အောင်မကျေးရွာမှ လယ်သမား ဦးမောင်ထွန်းသာသည် လယ်တဲ၌ ရှိနေစဉ် အသတ် ခံခဲ့ ရပြီး ကျွဲ၊ နွားများလည်း အခိုးခံရကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ တွင်လည်း ဆင်ပိုက်ကျေးရွာမှ နွား ၈ ကောင် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဆင်ပိုက်ရွာသည် မယူမြစ် ပင်လယ်ကမ်းခြေတွင် တည်ရှိ၍ ပင်လယ်ထွက်ပေါက် လွယ်ကူကြောင်း၊ နွားများကို လှေပေါ် တင် ယူနေခြင်းကို တွေ့မြင်သော်လည်း တဘက်တွင် လက်နက်များ ကိုင်ဆောင်ထား၍ ဒေသခံများ အနေဖြင့် ကာကွယ်တားဆီးမှု
မပြုလုပ်နိုင်ကြောင်း၊ သက်ဆိုင်ရာ ရဲစခန်းကို အကြောင်း ကြားသည့်သော်လည်း ချက်ချင်း တာဝန်ယူခြင်း မရှိဘဲ ပြည်ပအခြေ စိုက် RFA အသံလွှင့်ဌာန က ထုတ်လွှင့်ပြီးမှသာ လာရောက် စစ်ဆေးမှုတချို့ ရှိကြောင်း ဒေသခံ ဦးလှမြင့် က ပြောပြသည်။
ရသေ့တောင်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေသည့် အတွက် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် နယ် စပ်ဒေသ တခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှ တရားမဝင် စက်လှေများ မကြာခဏ လာရောက်လေ့ရှိကြောင်း၊ ဒေသခံ တိုင်းရင်း သားများ ၏ ကျွဲ၊ နွားများ၊ ပစ္စည်းများ ခိုးယူခြင်း ခံနေရသည့်အပြင် အသက် အန္တရာယ် အတွက်လည်း စိုးရိမ်မှုများ ရှိနေကြောင်း၊ ထိုကိစ္စများကို သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြန်ရန် ဒေသခံ ရပ်မိ ရပ်ဘများက ကြိုးပမ်းမည်ဖြစ်ကြောင်း သိရ သည်။
ရသေ့တောင် ဒေသတွင် အစိုးရ ခြေမြန်တပ်ရင်း (ခမရ) ၅၃၆၊ ၅၃၇၊ ၅၃၈ စသည့် တပ်ရင်းများ အခြေစိုက် စခန်းချ ထားသည့်
အပြင် ရဲစခန်း၊ ရဲ တပ်ရင်း တချို့ တည်ရှိသည့် နယ်စပ်ဒေသ တခုလည်း ဖြစ်သည်။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တဘက်နိုင်ငံမှ တရားမဝင်ရောက်ရှိလာသည့် လှေတစီးဖမ်းမိရာ
လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင် ခြင်းမရှိသေးပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည့် လူ ၁၀၀ ဝန်းကျင်တင်ဆောင်လာသော စက်လှေတစီးသည် ဂွမြို့နယ်အတွင်းရှိ ကျွန်း ငယ်တခုသို့ ဇွန်လအတွင်း တရားမဝင်ရောက်ရှိလာရာ ဒေသဆိုင်ရာ အဏာပိုင်များက ခေတ္တ ထိန်းသိမ်းထားခဲ့ကြောင်း ဒေသ အာဏာပိုင်များ က သတင်းထုတ်ပြန်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်တချို့က ရေးသားခဲ့ကြသည်။
၎င်းတို့အား စစ်ဆေး၍ ပြစ်မှုထင်ရှားပါက ဥပဒေ အရ အရေးယူပြီး သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်သည်ဟု သံတွဲခရိုင် အာဏာပိုင်များက ထုတ်ပြန်ခဲ့ကြောင်း The Voice Weekly ဂျာနယ် ၏ အင်တာနက်စာမျက်နှာတွင် ဇွန်လ ၂၇ ရက် က ဖော်ပြခဲ့သည်။