ကချင်ပြည်နယ်သို့ သွားရောက် လေ့လာစစ်ဆေးခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြန်မာအစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၂ ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြ သည်ကို တွေ့ရှိရသဖြင့် ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က “တပ်မတော်က တာလောကြီးရွာသား ၂ ဦးအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဖမ်းဆီးစစ်ဆေး၍ သက်ဆိုင်ရာမှ တဆင့် တည်ဆဲ ဥပဒေအရ တရားစွဲဆိုခဲ့ကြောင်း သိရှိရပါသည်။ ကာယကံရှင်များ နစ်နာမှု မရှိစေရေးအတွက် အမှုများ ဆောလျင်စွာ ပြီးပြတ်အောင် စစ်ဆေးသင့် ပါသည်။ လုံခြုံရေး တပ်ဖွဲ့များက မသင်္ကာသူများအား လုံခြုံရေးအရ ခေါ်ယူ စစ်ဆေးခြင်း၊ တရားဥပဒေနှင့် အညီ တရားစွဲဆိုခြင်းများအား ကော်မရှင်အနေဖြင့် အထူးပြောကြားရန် မရှိပါ။ သို့သော် စစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက် ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သဖြင့် ရှောင်ကြဉ်ရပါမည်” ဟုမြန်မာ အစိုးရ စစ်တပ်၏ ကျူးလွန်မှုကို ဖော်ပြထားသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားစာ ၄ စောင် လက်ခံရရှိခဲ့ရာ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဆက်စပ်သည်ဟု ယူဆသောကြောင့် တိုင်ကြားသူများ၊ ရွာသူရွာသားများ၊ ရွာလူကြီးများ၊ အစိုးရစစ်တပ်မှ အရာရှိ တဦးနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ကို တိတိကျကျ သိရှိရ၍ ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ကချင်ပြည်နယ်သွားတာ ရည်ရွယ်ချက် ၂ ခုပါ။ တခုကတော့ စောင့်ရှောက်ရေး စခန်းတွေရဲ့ အခြေအနေ ကို လေ့လာတာပါ။ ဒုတိယ တချက်ကတော့ ကျနော်တို့ဆီကို ပေးပို့ထားတဲ့ ကချင်ပြည်နယ်က တိုင်ကြားစာ ၄ စောင် ကိစ္စပါ” ဟု သူက ဆိုသည်။
အလားတူ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ ကလေးငယ်များကို အဓမ္မ တပ်သားသစ် စုဆောင်းခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို စီးနင်း တိုက်ခိုက် သတ်ဖြတ် ခြင်း၊ လက်နက်ကိုင် အဖွဲ့ ၂ ဘက်စလုံးက မိုင်းထောင်ခြင်းများ ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဦးစစ်မြိုင်က ပြောသည်။
“ကျနော်တို့က ၂ ဘက်လုံးကို တွေ့တဲ့အတွက် ၂ ဘက်လုံးကိုပဲ ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာလည်း လူ့ အခွင့်အရေး မချိုးဖောက်ဖို့၊ နောက် တပ်သားသစ်တွေ အတင်းအကျပ် စုဆောင်းတာတွေ မလုပ်ကြဖို့ ဒါတွေ ကျနော် တို့ ထည့်သွင်းပြီး တိုက်တွန်းခြင်း ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ကချင် ဒုက္ခသည်များ ကူညီပေးရေး ကော်မတီက မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်၏ တွေ့ရှိချက်များသည် မှန်ကန်မှု မရှိကြောင်း၊ အဆိုပါကော်မရှင်သည် မြန်မာအစိုးရက ထိမ်းချုပ်ထားသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ အတွင်း ရှိသည့် ဒုက္ခသည်စခန်း ၁၆ ခုကိုသာ လေ့လာသွားခြင်းဖြစ်ပြီး ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိမ်းချုပ် ထားသည့် ဒုက္ခသည် စခန်းများကို သွားရောက်ခြင်း မရှိခဲ့၍ မျှတမှု မရှိကြောင်း ထောက်ပြဝေဖန်ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် တဘက်သတ် စွပ်စွဲခြင်းမျိုး လုံး၀ မရှိကြောင်း၊ ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို ပျက်ဆီးသွားမည့် အလုပ်မျိုး မလုပ်ဘဲ ပြောသင့် ပြောထိုက်သည့် ပမာဏ အတိုင်းအတာ၊ သုံးသင့်သုံးထိုက်သည့် အသုံးအနှုန်း များနှင့်သာ ၂ ဘက်စလုံးကို အကြံပြု တင်ပြခြင်းနှင့် ပြည်သူကို အသိပေး တင်ပြခြင်းသာ ဖြစ်သည်ဟု ဦးစစ်မြိုင်က ရှင်းပြသည်။
“မိုင်းဗုံးထောင်လို့ လူတွေ ဒဏ်ရာ ရတာ၊ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် စီးနင်းပြီးတော့ ဝန်ထမ်းတွေကို သတ်တာ၊ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ တပ်သားသစ် ၅၃ ဦး ကို အတင်း တပ်သားသစ် စုဆောင်းတယ်ဆို တာ ပေါ်လွင်လို့ ထည့်တာပါ” ဟု သူက ဆိုသည်။
အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှစ်ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပြီး ကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်ဟု လူ့အခွင့်အရေး ကော်မရှင်မှ ပြောဆိုခဲ့ခြင်းအပေါ် အဖြစ်မှန်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်းနှင့် အစိုးရက ခန့်ထားသော အဖွဲ့ဖြစ်သောကြောင့် အစိုးရဘက်လိုက်သော ထုတ်ပြန်ချက်သာ ဖြစ်သည်ဟု KIO ဒု အထွေထွေ အတွင်းရေးမှူး ၂ ဦးလနန်က ဝေဖန်ကန့်ကွက်မှုကို Kachin News Group ၏ သတင်းတရပ်တွင် ဖော်ပြသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ဘောက်ဂျာက လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လက်နက်ကိုင် ၂ ဘက်လုံးက ကျူးလွန်မှု ရှိသည်မှာ ဖြစ်နိုင်ကြောင်း၊ အစိုးရ စစ်တပ်ကလည်း ဒေသခံများအပေါ် အနိုင်ကျင့်သည်များ ရှိကြောင်း၊ ကချင်ဒေသခံ ကလေးငယ်တချို့ကို KIA တပ်များထဲတွင် တွေ့ခဲ့ ကြောင်း၊ စစ် သင်တန်းတက်ကာ စစ်မြေပြင် တာဝန်ထမ်းဆောင် သူများလည်း တွေ့ခဲ့ရကြောင်း ပြောသည်။
“ကျမ လိုင်ဇာဘက်ကိုလည်း ရောက်ခဲ့တယ်။ အဲဒီမှာ ကလေးစစ်သားတွေကို ၃ လခွဲဆိုလား၊ ၄ လခွဲဆိုလား စစ်သင် တန်းပေးပြီးတော့ တခါတည်း ရှေ့တန်းပို့တယ်။ ရှေ့တန်းပို့တဲ့ အခါကျတော့ တချို့ သေကုန်တာလည်း ပါတယ်။ တချို့ ထွက်ပြေးလာပြီးတော့ လိုင်ဇာမှာ ထိမ်းသိမ်းထားတယ် ဆိုပေမယ့် လွပ်လွပ်လပ်လပ်တော့ ထားတယ်။ ပြန်ဖို့ဆိုတာ မပြန်ရဲဘူး ဖြစ်နေတယ်” ဟု သူက ဆိုသည်။
ဟူးကောင်းချိုင့်ဝှမ်း ဒေသဘက်တွင်လည်း မြန်မာအစိုးရ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အာဏာပိုင်များနှင့် စီးပွားရေး သမားများ ပေါင်းပြီး ကျေးရွာများမှ မြေများ ရောင်းစားနေခြင်းရှိပြီး ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။
“ဥပမာ ယုဇန ကုမ္ပဏီနဲ့ ပတ်သက်လို့ ပြောရရင် အုပ်ချုပ်သူကလည်း ကချင်ပါပဲ၊ ဥက္ကဋ္ဌကလည်း ကချင်ပါ။ ကချင်ပေမယ့် ဟိုဘက်ကိုပဲ တဘက်သတ် ဆန်ပြီးတော့ လိုက်ကြတယ်။ ဥပမာ အဓမ္မပြုကျင့်ခံရတယ်လို့ တိုင်လိုက် ရင်လည်း ဘာတခုမှ မဖြေရှင်းပေးဘူး” ဟု သူက ဆိုသည်။
ဧရာဝတီက ဆက်သွယ်မေးမြန်းချက်များ အရ ၎င်းတို့၏ အမည်ဖော်ပြရန် ငြင်းဆိုသောဒေသခံ ကချင်၊ ရှမ်း တိုင်းရင်း သားများက လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကချင်လက်နက်ကိုင် တပ်ဖွဲ့သည်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု ရှီကြောင်း၊ မြန်မာစစ်တပ်၏ ချိုးဖောက်မှုက ပိုများကြောင်း၊ ဒေသခံများ အနေဖြင့် စစ်ဘေးသင့်နေသည်မှာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်နေကြကြောင်း ပြောဆိုကြသည်။
“ကျနော်တို့ ဒေသခံ ရွားသားတွေက အခုမှ မဟုတ်ဘူး။ ဟိုးနှစ်တွေကတည်းက ခံနေခဲ့ရတာ။ ကချင်လက်နက်ကိုင် လည်း ကျနော်တို့အပေါ် မကောင်းဘူး၊ အစိုးရ စစ်တပ်ကတော့ ပိုဆိုးတာပေါ့။ ပြောရရင် သေနတ်ကိုင်တဲ့သူ ဘယ်သူ မှ ကောင်းကြတာ မဟုတ်ပါဘူး” ဟု ဝိုင်းမော် ဒေသခံ အမည်မဖော်လိုသူ ရွာသားတဦးက ဆိုသည်။
မြန်မာ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် တိုက်တွန်းခြင်း၊ ဖျန်ဖြေခြင်းတို့သာ လုပ်ဆောင်နိုင်သည့် အတိုင်းအတာ ရှိကြောင်း ဦးစစ်မြိုင်က ရှင်းပြသည်။