ကချင်တိုင်းရင်းသား ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးပြီး တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားရုံး၌ တရားလိုပြ သက်သေ အဖြစ် ထွက်ဆိုသူ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အရာရှိက တရားခွင်အတွင်း မထီမဲ့မြင် ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
မြစ်ကြီးနား မြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်း၌ ဒုက္ခသည်အဖြစ်နှင့် ခိုလှုံနေသော ဦးဘရန်ရှောင်ကို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့(KIO)၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးထားပြီး စရဖ အဖွဲ့က မြစ်ကြီးနား မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
ယင်းသို့ စွဲဆိုချက်များနှင့် ပတ်သက်၍ ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါး က ယမန်နေ့က ရုံးချိန်းတွင် စစ်ဆေးမေးမြန်းရာ၌ တရားလိုပြသက်သေ အဖြစ် ထွက်ဆိုသော တပ်ကြပ်ကြီး စောလှထူးက မထီမဲ့မြင် ပြုမူ ဆက်ဆံခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
“ကျနော်မေးခွန်းမေးတဲ့ အချိန်မှာ သူကနားမထောင်ဘူး၊ စာပဲ ငုံ့ပြီးဖတ်နေတယ်၊ ကျနော်မေးပြီးရင် သူက ဘာပြောတာလဲ ဆိုပြီး မထီတထီနဲ့ ထပ်ခါထပ်ခါ ပြန်မေးတယ်၊ တရားရုံးထဲမှာ တာဝန်အရ မေးမြန်းချိန်မှာ ဒါမျိုးလုပ်ခွင့်မရှိပါဘူး၊ ကျနော်လည်း တရား သူကြီးကို ပြောတဲ့အခါ တရားသူကြီးက စာဖတ်လို့မရဘူး၊ မေးတာကို ဖြေပေးပါဆိုမှ သူဆက်မလုပ်တော့တာ”ဟု ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။
ဦးဘရန်ရှောင်သည်၂၀၀၂ ခုနှစ်တွင် KIO ၌ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုယ်ပိုင်အမှတ် A-18555 ဖြစ်ကြောင်း စရဖ က စွပ်စွဲရာ ထိုစွဲချက်နှင့်ပတ်သက်၍ ယင်းသို့နံပါတ်စဉ်မျိုးသည် KIO ၌ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် သုံးစွဲခြင်းမရှိတော့ကြောင်း ယခု လက် ရှိ သုံးစွဲနေသည့် ကိုယ်ပိုင်နံပါတ် များနှင့် လွဲမှားနေကြောင်း လေ့လာသိရှိချက်များနှင့် ထောက်ပြ ပြောဆိုရာတွင် တပ်ကြပ်ကြီး စော လှထူးက ဒေါသဖြင့် ကြမ်းတမ်းစွာ အော်ဟစ် ပြောဆိုသည်ဟုလည်း ၎င်းက ဆိုသည်။
“ကျနော်ကမေးတဲ့အခါမှာ သူမဖြေနိုင်တော့ဘဲနဲ့ ထအော်တယ်၊ ခင်ဗျားက KIO နဲ့ ဆက်သွယ်လို့လား၊ ခင်ဗျားက KIO မို့လို့လား အဲဒီလောက်သိရအောင်ဆိုပြီး မဲတာပေါ့။ တရားရုံးမှာ မထီမဲ့မြင်လုပ်တာပေါ့၊ တရားသူကြီးက ခင်ဗျားအဲဒီလိုမပြောနဲ့ မေးတာပဲဖြေ ပါဆိုမှငြိမ်သွားတယ်”ဟု ဦးမာခါး က ပြောဆိုသည်။
ထို့အပြင် ဦးဘရန်ရှောင်အားဖမ်းဆီးထားစဉ်က နှိပ်စက်ဒဏ်ရာများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းတို့ စရဖ အဖွဲ့က နှိပ်စက်ခြင်း မဟုတ်ကြောင်း၊ ဦးဘရန်ရှောင်ရရှိထားသော ဒဏ်ရာများမှာ ၎င်းတို့ မဖမ်းဆီးမီက ဆိုင်ကယ်မှောက်ရာမှ ရရှိထားသော ဒဏ်ရာများသာ ဖြစ်ကြောင်း တပ်ကြပ်ကြီး စောလှထူးက ထွက်ဆိုခဲ့သည်ဟုလည်း သိရသည်။
သို့သော် ဇူလိုင်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ဦးဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့မှ ဒုရဲအုပ် ဦးကျော်မျိုးနိုင်က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့ရာတွင် ၎င်းအနေဖြင့် ဦးဘရန်ရှောင် သည် ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူ တဦးဖြစ်ကြောင်း စရဖ ၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှိပ်စက်မေးမြန်းမှုတွင် မပါဝင်ကြောင်း ထွက်ဆိုထားသည်။
တရားရုံးတွင်ဖြစ်ပျက်ခဲ့သော အခြေအနေများနှင့်ပတ်သက်၍ တပ်ကြပ်ကြီး စောလှထူး ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မှု ရရှိခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
ဦးဘရန်ရှောင်၏ ဒဏ်ရာများနှင့် ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်ညွယ်ဇယ် က “သူ့ကို စပြီးဖမ်း သွားတုန်းကဆိုရင် ဘာဒဏ်ရာ ဒဏ်ချက် မှ မရှိဘူး၊ အခုကြတော့ သူတို့နှိပ်စက်ထားပြီးမှ အကုန်လုံး မျက်နှာမှာ မီးနဲ့ကင်ထား၊ မျက်ခုံးပေါ်မှာလည်း ဆေးလိပ်မီးတွေနဲ့ တို့ထား၊ ခြေသလုံးမှာလည်း ရိုက်ထားပြီးတော့မှ တကယ်ဆို ဘရန်ရှောင်က ဆိုင်ကယ်လည်း မစီးတတ်ဘူး၊ စက်တောင်နှိုးတတ် တာ မဟုတ်ဘူး၊ ကျမတို့မှာ ဆိုင်ကယ်ရော၊ စက်ဘီးရောမရှိဘူး၊ သွားလို့ရှိရင်လည်း ခြေကျင်ပဲသွားတာ၊ ဒီစခန်းကလူတွေ အကုန် မျက်မြင်ပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဦးဘရန်ရှောင် ရုံးချိန်းကို နှစ်ဘက်ရှေ့နေ၊ တရားလို တရားခံမှအပ တရားရုံးအတွင်း ကြားနာခွင့် ပိတ်ပင်ကြောင်း မြစ်ကြီးနား မြို့နယ် တရားရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် ဇနီးဖြစ်သူနှင့် ဒေသခံများ ဝင်ရောက်ကြားနာခွင့် မရခဲ့ပေ။ သို့သော်လည်း တရားခွင် ပြင်ပတွင် တွေ့ခွင့်ရရှိခဲ့ကြောင်း ဒေါ်ညွယ်ဇယ် က ပြောပြသည်။
၎င်းနှင့်တွေ့ရှိချိန်တွင် ဦးဘရန်ရှောင်၏ ဒဏ်ရာများမှာ အပေါ်ယံသက်သာမှုများတွေ့ရသော်လည်း ထိုဒဏ်ရာများကြောင့် ဘယ် ဘက် နားတဘက်လုံးဝ မကြားတော့ကြောင်း၊ ကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း ဆက်ပြောသည်။
“နေမကောင်းဘူးလို့ပြောတယ်၊ ရင်ဘတ်မှာလည်း တအားနာတယ်၊ ချောင်းဆိုးရင်လည်း သွေး တွေပါတယ်တဲ့၊ စကား ပြောလို့ သိပ်မရဘူးတဲ့၊ ဘယ်ဘက် နားတဘက် လုံးဝ မကြားတော့တာ၊ ကျမတို့ပြောတာကတမျိုး သူကြားတာက တမျိုး၊ တရားရုံးမှာ စစ်မယ့်နေ့တောင်မှ ကျမတို့က စိုးရိမ်နေတာ၊ တရားသူကြီးတွေ၊ ရှေ့နေတွေပြောတာတမျိုး သူကြားတာက တမျိုး အဲလို မျိုးတွေဖြစ်မှာလည်းစိုးတာ”ဟုလည်း ဒေါ်ညွယ်ဇယ် က ပြောသည်။
စရဖ ဖမ်းဆီးထားစဉ်က ဦးဘရန်ရှောင်၏ ပေါင်နှစ်ဘက်လုံးတွင် ဓားဖြင့် ထိုးမွှေထားသော ဒဏ်ရာ၊ ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ် အနံှ့ ဒဏ်ရာများ ရရှိထားသဖြင့် ဆေးကုသခွင့်ပေးရန် ဇူလိုင်လ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် ရှေ့နေ ဦးဂျီမာခါးက တောင်းဆိုခဲ့ခြင်းကို တရားရုံးက ပယ်ချခဲ့သည်။
ထို့အတူ အနှိပ်စက်ခံ ဒဏ်ရာများကို ဓာတ်ပုံ မှတ်တမ်းယူခွင့် တောင်းဆိုသည်ကိုလည်း ပိတ်ပင်ခဲ့သည်။
ဇွန်လ ၂၈ ရက်နေ့က စရဖ နှင့် ရဲအဖွဲ့များက ဦးဘရန်ရှောင်ကို ရုံးထုတ်ခဲ့ရာတွင် ခန္ဓာကိုယ်အနှံ့ နှိပ်စက်ဒဏ်ရာများ တွေ့ရှိခဲ့ရ သကဲ့သို့ အကျႌအတွင်း ဝမ်းဗိုက်ပေါ်တွင် အာဏာပိုင်အဖွဲ့များက အသံဖမ်းစက်တလုံး တပ်ဆင်ပေးလိုက်သည်ကို တွေ့မြင်ရကြောင်း ဦးဂျီမာခါးက ပြောပြသည်။
ဦးဘရန်ရှောင်ကို ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့ပြီး စရဖ အဖွဲ့က လွှဲပြောင်းယူကာ ၃ ရက်ကြာ စစ်ဆေးခဲ့ပြီးမှ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူနှင့် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။
“သူဘာမှမဟုတ်ဘဲနဲ့ ဒီလိုဖမ်းဆီးပြီးမှ နှိပ်စက်တဲ့အခါကြတော့ ကျမမှာ ရင်ကျိုးမရ တအားကြီးကို စိတ်ညစ်တယ်၊ အရမ်းလည်း ဝမ်းနည်းတယ်၊ သူအမြန်ဆုံးပြန်လွတ်စေချင်တယ်”ဟု ဒေါ်ညွယ်ဇယ် က ဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများ ပေါ်တွင် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေး ရေး အပါအဝင် စစ်ဘေးခိုလှုံသူ ဒုက္ခသည်များကို အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်၊ ဒုက္ခသည်များကို လုံခြုံမှုပေးရန်၊ တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးအား ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန်နှင့် ဖမ်းဆီးထားသူအား ညှဉ်းပန်းနှိပ်စက် ခြင်းများ မပြုရန် ဒေါ်ညွယ်ဇယ် အပါအဝင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့ စုပေါင်း၍ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ဦးဘရန်ရှောင်အပါအဝင် ကချင်ပြည်နယ်အတွင်း၌ KIO နှင့်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်းများအရ သိရှိရသည်။ ထို့အပြင် ရှမ်းပြည် နယ် မြောက်ပိုင်းတွင်လည်း ယင်းသို့စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော်ရင်ဆိုင်နေရကြောင်း သိရသည်။