ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်စားခံရမှုအကြောင်း တိုင်ကြားမှုများ တိုးပွားလာနေသည်ဟု ဒေသခံတို့က ပြောသည်။
ယခုလ ၈ ရက်နေ့တွင် မာန်အောင်မြို့နယ် ပလ္လင်ကျေးရွာမှ လယ်သမား ၂၈ ဦးက သမ္မတထံသို့ပင် စာရေး တိုင်ကြားခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
“ငွေအပြည့်မရတာ ဘဏ်ကဝန်ထမ်းတွေကို မေးတဲ့အခါ တယောက်ကို တယောက် လွဲချပြီးတော့ တိတိကျကျ ဖြေရှင်း မပေးတဲ့အတွက် သမ္မတဆီကို တိုက်ရိုက် စာရေးပြီး တိုင်တာ ဖြစ်ပါတယ်” ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။
လယ်တဧကလျှင် ၅၀,၀၀၀ ကျပ်စီ ထုတ်ချေးပေးသော်လည်း သုံးပုံနှစ်ပုံခန့်သာ လယ်သမားထံသို့ ရောက်ရှိသည်ဟု ဆိုသည်။
“ချေးငွေရတဲ့ လယ်သမားများတွေဆီက အားကာကြေး (အားကစားကြေး) ဆိုပြီး ၁,၀၀၀၊ အုပ်ချုပ်ရေးမှူးက ၆,၀၀၀ ဖြတ်တယ်။ ပြီးတော့ ခရီးစရိတ်နဲ့ စာရွတ်စာတန်းကြေး ဆိုပြီး လာသေးတယ်” ပလ္လင်ကျေးရွာမှ လယ်သမားက ရှင်းပြသည်။
“ဘဏ်ကိုသွားထုတ်တော့လည်း ဘာကြေးမှန်းကို မသိဘဲ ၆,၀၀၀ ထပ်ပေးခဲ့ရသေးတယ်။ လယ် တဧကအတွက် ရတဲ့ငွေထဲမှာ ၁၅,၀၀၀ လောက်စီဖြတ်တယ်” ဟု ထိုလယ်သမားက ဆက်ပြောပြသည်။
မာန်အောင်မြို့နယ်အတွင်းတွင် သာယာကုန်း၊ ကံတိုင်း၊ ကလယ်၊ ကအီး၊ ရဲကျွန်းစသည့် ကျေးရွာအုပ်စုတို့က လယ်သမားများလည်း ထိုသို့ ခေါင်းပုံဖြတ်ခံနေရသည်ဟု သိရသည်။
တောင်ကုတ်မြို့နယ်တွင်လည်း အလားတူ ပြဿနာများ၊ တိုင်ကြားမှုများ ရှိနေသည်။
“တဧကစိုက်ရင် အရင်းက တသိန်း ပတ်ဝန်းကျင်မှာ ရှိတယ်။ အစိုးရက ချေးငွေက လယ်တဧက ကို ငါးသောင်းပဲ ပေးတယ်။ လောက်တယ်လို့တော့ မဟုတ်ဘူး။ ဒီကြားထဲ အုပ်ချုပ်ရေးမှူးတို့၊ ဘဏ်ဝန်ထမ်းတို့ စတဲ့ အောက်ခြေဝန်ထမ်းတွေက ဥပဒေမဲ့ ငွေကောက်နေတော့ ကျနော်တို့ ပိုပြီး ဒုက္ခရောက်ကြတာပေါ့” ဟု တောင်ကုတ်မြို့နယ် မောင်းကျေးရွာမှ လယ်သမားတဦးက ပြောသည်။
လယ်သမားတို့၏ အကြောင်းကြားချက်ကြောင့် ယခုအခါ တောင်ကုတ်မြို့နယ် တာဝန်ရှိသူများက ကျေးရွာတချို့သို့ သွားရောက်ပြီး စုံစမ်းစစ်ဆေးနေသည်ဟု သိရကြောင်း သူက ဆက်ပြောပြသည်။