ပြန်ကြားရေးဝန်ကြီးဌာနက စာပေစိစစ်ရေးဌာနကို မဖျက်သိမ်းခြင်း၊ မီဒီယာဥပဒေကို မီဒီယာသမားများ၏ သဘောထားဆန္ဒမပါဘဲ ရေးဆွဲခြင်းနှင့် အစိုးရ အမြုတေစာ နယ်ဇင်းကောင်စီဖွဲ့စည်းပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် ကြိုးစားခြင်းအပါအဝင် သတင်းလွတ်လပ်ခွင့် မရရှိမှုအပေါ် ပြည်တွင်းသတင်းသမားများက တရားဥပဒေနှင့်အညီ ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တက်လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်လျက်ရှိသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ် ထိန်းချုပ်လျက်ရှိနေခြင်း၊ အစိုးရဝန်ကြီးဌာနများက The Voice နှင့် လျှပ်တပြက်ဂျာနယ်များကို တရားစွဲဆိုထားခြင်းများကြောင့် ပြည်တွင်းသတင်းသမားများ စုပေါင်းဖွဲ့စည်းထားသော သတင်းလွတ်လပ်ခွင့် ကော်မတီက သြဂုတ်လ ၁၆ ရက်နေ့တွင် အထူးအစည်းအဝေးတရပ် ကျင်းပပြီး အချက် ၆ ချက်ပါသော ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းကြေညာချက်တွင် သြဂုတ်လ ၂၁ ရက်နေ့၌ သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် မြို့တော်ခန်းမရှေ့တွင် ပြည်တွင်းသမားများ ဆန္ဒပြနိုင်ရန် ဥပဒေနှင့်အညီ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင်
တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
“အခုလက်ရှိအခြေအနေမှာတင်ပဲ အမြုတေ စာနယ်ဇင်းကောင်စီ အသက်မဝင်လို့ စာပေစိစစ်ရေး မဖျက်ပါဘူးဆိုပြီး ပြန်ကြားရေးက အကြောင်းကြားတယ်။ ဒီမိုကရေစီစနစ် မှန်လို့ရှိရင် ဆင်ဆာဆိုတာ မရှိသင့်ဘူး။ ကျင့်ဝတ်နဲ့အညီ
လုပ်ကိုင်သတင်းရေးသားနေတဲ့ မီဒီယာတွေကို အစိုးရကိုယ်တိုင်တရားစွဲတာမျိုး မလုပ်သင့်ဘူး။ မီဒီယာဥပဒေကို သတင်းသမားတွေကို မပြောဘဲရေးဆွဲတာမျိုးတွေ။ အဲဒီလို သတင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့အပြုအမူတွေကြောင့်
သတင်းသမားတွေအနေနဲ့ ဥပဒေပါအခွင့်အရေးအတိုင်း ဆန္ဒပြခွင့်လျှောက်မှာပါ” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးကေ ပြာသည်။
ဆန္ဒပြခွင့် လျှောက်ထားနေစဉ်အတွင်း သြဂုတ်လ ၂၃ ရက်နေ့ The Voice ဂျာနယ်ကို ဒဂုံမြို့နယ် တရားရုံးက စွဲချက်တင်၊ မတင် ဆုံးဖြတ်အချိန်နှင့် သြဂုတ် ၂၄ ရက်နေ့ လျှပ်တပြက်ဂျာနယ်ကို ပုဇွန်တောင်မြို့နယ်တရားရုံးတွင်
အမှုစစ်ဆေးမည့် အချိန်များတွင် သတင်းသမားများအားလုံး ဦးထုတ်နှင့် အကျႌများ ဆင်တူဝတ်ဆင် သတင်းယူကြမည်ဟု သိရှိရသည်။
“Press Freedom တံဆိပ်ပါတဲ့ အမည်းရောင် ဦးထုတ်တွေကို ဆင်တူဝတ်ဆင်ကြမယ်။ အဲဒီလို ဆင်တူဝတ်ဆင်ခြင်းဖြင့် ကျနော်တို့အားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တသွေးတသားတည်း ရှိနေတယ်ဆိုတာ ပြမှာပါ” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
ယင်းနောက် သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီတွင် လက်ရှိ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်မရရှိသေး သည့်အပေါ် အထူးသတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရှိသည်ဟု သိရှိရသည်။
ယခု သတင်းသမားများ စုပေါင်းပြုလုပ်မည့် Press Freedom လှုပ်ရှားမှုသည် အဖွဲ့အစည်းတခုကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ ပြည်တွင်းစာနယ်ဇင်း လွတ်လပ်ခွင့်အတွက် စုပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီမှ လုပ်ငန်းဖြစ်မြောက်ရေး ကော်မတီဝင်တဦးက ဆိုသည်။
“အခုလုပ်မယ့် လှုပ်ရှားမှုအားလုံးက အားလုံးကို ကိုယ်စားပြုပါတယ်။ သတင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာ အားလုံးနဲ့သက်ဆိုင်တာမို့လို့ အားလုံးစုပေါင်းပြီးလုပ်ကြမှာပါ” ဟု အဆိုပါ ကော်မတီဝင်က ရှင်းပြသည်။
အစိုးရစိတ်ကြိုက် ဖွဲ့စည်းထားသော အမြုတေ စာနယ်ဇင်းကောင်စီတွင် ပါဝင်သော သတင်းစာဆရာငါးဦး၏ ကန့်ကွက်မှုကြောင့် အမြုတေ စာနယ်ဇင်းကောင်စီ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး စာပေစိစစ်ရေး ဆက်လက်ထားရှိကျင့်သုံး မည်ဟု ပြန်ကြားရေးဝန်ကြီးဝန်ကြီး ဦးကျော်ဆန်းက တရားဝင်ပြောဆိုထားပြီး ဖြစ်သည်။