သတင်း

ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှု မြန်မာလေ့လာချင်

This article has been converted from Zawgyi One to Unicode

ရွှေမြွေဟောက် အမည်ရှိ ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာက တက်ရောက် လေ့လာချင်နေပြီး အမေရိကန်၏ သဘောတူခွင့်ပြုမှုကို ရရှိရန် ထိုင်းကို အကူအညီ တောင်းကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်သွားခဲ့သော ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝမ်နာထက်က ယမန်နေ့က မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်လာရာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းတို့နှင့် တွေ့ဆုံရာ ယခုကဲ့သို့ တောင်းဆိုကြောင်း ပြောသည်။

မြန်မာ ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အမေရိကန်တို့၏ မြန်မာတို့အပေါ် တောင်းဆိုထားသော နိုင်ငံရေးလိုအပ်ချက်များ မပြည့်မီမှာ စိုးရိမ်နေကြောင်းလည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ ထိုင်းကာကွယ်ရေးဝန်ကြီးက သူ့အနေဖြင့် အမေရိကန်စစ်ဘက်ကို နားချပေးရန် ဆန္ဒရှိကြောင်းလည်း ဆိုသည်။

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်နှင့် ထိုင်း စစ်တပ်များ နှစ်စဉ် ဧပြီလနှင့် မေလများတွင် ရက်သတ္တပါတ် ၆ ပါတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ထိုင်းနိုင်ငံသည် ပစိဖိတ်ဒေသရှိ အမေရိကန်၏ စစ်ရေးမဟာမိတ် ၅ နိုင်ငံထဲမှ တနိုင်ငံဖြစ်သည်။ အခြားနိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

ဇွန်လတွင် စင်ကာပူ၌ ကျင်းပခဲ့သော အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးဆွေးနွေးပွဲတွင် မြန်မာကာကွယ်ရေးဝန်ကြီးက သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးကို မြန်မာ့တပ်မတော်အနေဖြင့် ရာခိုင်နှုန်းပြည့် ထောက်ခံကြောင်း၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းသည့် ညူးကလီးယားအစီအစဉ်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားအပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပါနတ်တာက ၂ နိုင်ငံစစ်ဘက်ဆက်ဆံရေး တိုးမြှင့်သွားရန် ကြိုးပမ်းမည်ဟု ကတိပေးပြောဆိုခဲ့ဖူးသည်။

ဒေသအတွင်း အင်အားကြီးမားလာနေသော တရုတ်နိုင်ငံ၏ ဩဇာကို ထိန်းညှိရေး မြန်မာအစိုးရက အမေရိကန်အစိုးရ၏ အကူအညီကို လိုအပ်နေသလို အမေရိကန်အနေဖြင့်လည်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုထောက်ခံကာ ၁၉၈၈ နောက်ပိုင်း ယိုယွင်းသွားခဲ့သည့် ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်လာခဲ့သည်။

လာမည့် စက်တင်ဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်မှ ချီးမြှင့်သောဆုအား လာရောက်လက်ခံယူရန် အမေရိကန်က ဖိတ်ကြားထားရုံမက သမ္မတဦးသိန်းစိန်ကိုလည်း လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်းလည်း သိရသည်။

Loading