ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဝန်ထမ်းများနှင့် NGO ဝန်းထမ်း စုစုပေါင်း ၉ ဦးကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
လွတ်မြောက်လာသူများမှာ မောင်တောမှ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်းနှစ်ဦး အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန်တို့ဖြစ်ပြီး စစ်တွေမှ UNHCR ဝန်ထမ်း ဦးကျော်လှအောင်နှင့်NGO ဝန်ထမ်း ဦးဝင်းနိုင်တို့ ဖြစ်သည်။
ဘူးသီးတောင်မှ UNHCR ဝန်ထမ်းများဖြစ်သည့် ဦးစောမြင့် (ခ) မာမတ်ရ်အာ၊ ဦဇော်မြင့်၊ ဦးသန်းနိုင် (ခ) အဒူဟိုက်၊ ရန်ကုန် မြို့ မင်္ဂလာတောင်ညွန့်မှ UNHCR ဝန်ထမ်း ဒေါ်မြနန္ဒာအောင်တို့လည်း ယမန်နေ့က လွတ်မြောက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းကလည်း UN ဝန်ထမ်း ၆ ဦး လွတ်မြောက်ကြောင်း ဧရာဝတီကို ပြောသော်လည်း နာမည်စာရင်း အတိအကျကို ပြောဆိုခြင်း မရှိပေ။
မောင်တော တရားရုံးတွင် တရားစွဲဆို စစ်ဆေးခံနေရသည့် WFP မှ ဝန်ထမ်းနှစ်ဦးနှင့် UNHCR ဝန်ထမ်းဖြစ်သူ ဒေါ်ချိုလေး မာခါတုန်တို့ကို မောင်တောဒေသရှိ နစက (ကျီးကန်းပြင်) စခန်းသို့ ယမန်နေ့က ခေါ်ဆောင်သွားကာ ထိုမှတဆင့် လွှတ်ပေးလိုက်ကြောင်း မောင်တော ဒေသခံများက ဧရာဝတီကို ပြောသည်။
၎င်းတို့သည် ပုဒ်မ (၁၅၃၊ ၁၄၇) ဆူပူမှုဖြစ်စေရန် လှှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုတို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း၊ တရားရုံး၏ ကြားနာစစ်ဆေးမှု ပြီးဆုံးခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတဦး၏ အမိန့်ဖြင့် လွှတ်ပေးလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
တရားရုံး၏ စစ်ဆေးနေစဉ် ကာလတွင် အုပ်ချုပ်ရေး အာဏာပိုင်များ၏ အမိန့်ဖြင့် လွှတ်ပေးခြင်းသည် တရားရုံးအပေါ် အုပ်ချုပ်ရေး အာဏာပိုင်တို့က လွှမ်းမိုးလိုသည့် အသွင်ဆောင်နေခြင်းကြောင့် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ ကျေနပ်မှုမရှိ ဖြစ်နေကြကြောင်းလည်း သိရသည်။
ဦးကျော်လှအောင်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ဦးဝင်းနိုင်အား အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု စစ်တွေဒေသခံ ရှေ့နေတဦးက ပြောသည်။
ဒေါ်မြနန္ဒာအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား စစ်တွေမြို့၌ ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ၎င်းအား ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ ၆ (၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ဒေါက်တာ ထွန်းအောင်သည် အစ္စလမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်ပြီး တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်းတခုတွင် ဆုတောင်းပွဲ ပြုလုပ်ရန်နှင့် ပြဿနာ တစုံတရာ မဖြစ်ပွားရန် တာဝန်ယူသည်ဟု အာမခံချက်ပေးကာ ဒေသဆိုင်ရာ အာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့နေ့၌ပင် မောင်တောမြို့၌ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်အတွက် ဖမ်းဆီးခံရသူ ဖြစ်ကြောင်း သိရသည်။
“သူက UN ဝန်ထမ်းလည်း မဟုတ်ဘူး၊ NGO ဝန်ထမ်းလည်း မဟုတ်တော့ မလွတ်သေးပါဘူး။ စစ်တွေထောင်မှာ ဖမ်းထားဆဲပါ” ဟု စစ်တွေဒေသခံ ရှေ့နေက ပြောသည်။
ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အပြင် ဗလီဆရာတချို့ကို စစ်တွေမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဟု သိရသည်။
ဒေါ်မြနန္ဒာအောင်ထံမှ မင်္သကာဖွယ်ရာ စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိသည်ဟုဆိုကာ ဇွန်လ ၁၀ ရက်နေ့က စစ်တွေလေဆိပ်၌ ခေတ္တ ထိန်းသိမ်းခံရပြီး ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် ၎င်းနေထိုင်ရာ မင်္ဂလာတောင်ညွန့် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရကြောင်း၊ ၎င်းအား ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဒေါ်မြနန္ဒာအောင်နှင့် တွေ့ခွင့်ရပြီး လွတ်မြောက်လာခြင်းဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ယခုလွတ်မြောက်လာကြသည့် UN ဝန်ထမ်း၊ NGO ဝန်ထမ်းတို့ကိုလည်း ၎င်းတို့ သားအဖ နှစ်ဦးနှင့် ဆက်နွယ်ပတ်သက်နေသည် ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများအား စစ်တွေခရိုင် တရားရုံးတွင် တရားစွဲဆိုထားပြီး ရုံးထုတ်စဉ် တရားရုံးဝန်ထမ်းများ၊ အာဏာပိုင်များမှအပ တခြားပုဂ္ဂိုလ်များ တက်ရောက် နားထောင်ခွင့် မရကြောင်း သိရသည်။