ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ
This article has been converted from Zawgyi One to Unicode
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟော်နမ်းဟုန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ အပြန်အလှန် ပေးစာများအရ အာဆီယံအနေဖြင့် ရခိုင်အရေးကို ယဉ်ကျေးမှုနှင့် ဘာသာရေးအပြင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မေးခွန်းထုတ်စရာဖြစ်နေ၍ အထူးအစည်းအဝေးကို ဩဂုတ်လ ၁၄ ရက် ဖနွမ်းပင်မြို့၌ ဖိတ်ခေါ်ခဲ့ရာ ယင်းသည် အာဆီယံပဋိညာဉ်စာချုပ်ပါ အဖွဲ့ဝင်များ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးကို ချိုးဖောက်ရာကျကြောင်း ဆို၍ ပယ်ချခဲ့ခြင်းဖြစ်သည်။
၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ အာဆီယံ အထွေထွေအတွင်းရေးမှူး မစ္စတာ ဆူရင်ပစ်ဆူဝမ်က ရခိုင်အရေးသည် ၂၀၀၈ နာဂစ်လွန်ကာလများကဲ့သို့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မြင်နေပြီး အာဆီယံက မြန်မာကို အကူအညီပေးလိုရာ ယင်းအစည်းအဝေးခေါ်ယူရေး ကမ္ဘောဒီးယားကို တောင်းဆိုရာ ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထောက်ခံခဲ့ကြောင်း သိရသည်။
သို့ရာတွင် မြန်မာဘက်က ရခိုင်ပြည် ပဋိပက္ခသည် ရခိုင်ပြည်နယ်တွင်သာ ကွက်၍ဖြစ်သော ဒေသခံအုပ်စုများကြား ပဋိပက္ခဖြစ်ကြောင်း၊ ကုလသမဂ္ဂကိုယ်စားလှယ်များအပါအဝင် အင်ဒိုနီးရှား ဒု- သမတဟောင်းဦးစီးလာသော အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်အသင်း Organisation of Islamic Cooperation (OIC) ကိုယ်စားလှယ်များ၊ တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ကတော်တို့၏ သံအဖွဲ့တို့အား ရခိုင်ဒေသသို့ သွားရောက်ခွင့်ပြုပြီး လူမှုအထောက်အပံ့များကိုလည်း လက်ခံခဲ့ကြောင်း ပြောဆိုထောက်ပြပြီး အာဆီယံ၏ အစည်းအဝေးမှာ မလိုဟု ပယ်ချခဲ့သည်။
တချိန်တည်းမှာပင် ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော “စုံစမ်းစစ်ဆေးရေး ကော်မရှင်” ကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းကြောင်း ယနေ့ ကြေညာလိုက်သည်။
ယင်း “စုံစမ်းစစ်ဆေးရေးကော်မရှင်” တွင် သမိုင်းပညာရှင် ညွှန်ချုပ်(အငြိမ်းစား) ဒေါက်တာမျိုးမြင့် ဥက္ကဌ ဖြစ်ပြီး ဂျပ်ဆင်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာနယ်ဇင်းဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ အမျိုးသားဒီမိုကရေစီအင်အားစု ဥက္ကဌ ဦးခင်မောင်ဆွေ၊ ရခိုင် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတာဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျန်၊ သဘာဝပတ်ဝန်းကျင ်ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်းမှ ဒေါ်ဝါဝါထွန်း၊ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဟာဂျီ ဦးလှဝင်း၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဦးကျော်ခင်၊ မြန်မာ မွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့ချုပ်မှ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာ မွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာ လှထွန်း တို့မှာ အဖွဲ့ဝင်များအဖြစ် ပါရှိကာ Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်မှာ အတွင်းရေးမှူး ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို ကော်မရှင်အနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစီရင်ခံစာကို သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားက မြန်မာ အစိုးရကို တိုက်တွန်းခဲ့ဖူးသည်။ မစ္စတာ ကင်တာနားသည် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရခိုင်ဒေသသို့ လေ့လာအပြီး ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။