နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိရာ နှေးကွေးနေသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုလိုက်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှေးကွေးစွာ ဆောင်ရွက်နေသူများ အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်ထဲတွင် ရှိကြောင်း၊ ယင်းသို့ ပြောင်းလဲရေး ခရီးမတွင်သူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြည်ပအခြေစိုက် VOA သတင်းဌာန မြန်မာ ပိုင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခြင်း ဖြစ်သည်။
“ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန် ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတာပေါ့လေ၊ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရအဖွဲ့အတွင်းမှာ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေ ကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန် က ပြောသည်။
ခေါင်းမာဂိုဏ်းသားအဖြစ် နာမည်ထွက်ခဲ့သော ဒု သမ္မတ ဟောင်း ဦးတင်အောင်မြင့်ဦး နုတ်ထွက်ပြီးနောက် လစ်လပ်နေသော ဒုသမ္မတ နေရာအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ယခုလ ၁၅ ရက်နေ့က အစားထိုး ခန့်အပ်ခဲ့ပြီး ယခင်လဆန်းပိုင်းကလည်း အစိုးရအတွင်း ဒုဝန်ကြီးများအပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ဒုသမ္မတ နေရာအား ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို မခန့်အပ်မီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အခြေခံ စည်းကမ်းချက်တချို့နှင့် ငြိစွန်းသည့် အတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား တပ်မတော်သား ကိုယ်စားလှယ်များက အမည်စာရင်း ပြောင်းလဲ တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒု သမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာလည်း ပြုပြင်စရာတွေ၊ ပြောင်းလဲစရာတွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဆက်တိုက် ဆက်ပြီး လုပ်သွားဖို့ ရှိလာမှာပါ”ဟု ဦးသိန်းစိန် က ပြောဆိုထားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးလှထွန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်တို့သည် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး၌ ခေါင်းမာသူများ စာရင်းတွင် ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဝန်ကြီး ဦးကျော်ဆန်းကမူ ၎င်းသည် အစိုးရအဖွဲ့အတွင်း၌ သဘောထားတင်းမာသည့် ခေါင်းမာဂိုဏ်းသားတဦး မဟုတ်ကြောင်း ဧရာဝတီ နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။
“ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လိုယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲ ဆိုရင် Rules and regulations ပဲ”ဟု ဦးကျော်ဆန်းက ပြောသည်။
မြန်မာပြည်သူများသည် ယခင်အစိုးရများ၏ လုပ်နည်းလုပ်ဟန်များကို လက်မခံဘဲ အပြောင်းအလဲများ အထူးလိုလားသည်ကို ကြားဖြတ် ရွေးကောက်ပွဲတွင် သက်သေပြခဲ့ပြီး အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ် နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ယခုနှစ် မေလ ၁၁ ရက်နေ့ကလည်း သမ္မတ ဦးသိန်းစိန်က ပြော ဆိုခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် နီးစပ်ပြီး ပြုပြင်ပြောင်းလဲရေး တင်းမာသူဟု လူပြောများသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်း က ၎င်းသည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၌ နှေးကွေးသူ မဟုတ် သကဲ့ သို့ လောကြီးသူလည်း မဟုတ်ကြောင်း ပြည်ပ အခြေစိုက် DVB သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
“ကျနော်က နှေးကွေးတဲ့အထဲလည်း မပါဘူး၊ လောကြီးတဲ့အထဲလည်း မပါဘူး၊ ကျနော်ကတော့ ပုံမှန်ပေါ့လေ၊ အားလုံး ပါနိုင် အောင် လို့ သွားချင်တယ်၊ လောကြီးတဲ့လူလည်း ထိန်းမယ်၊ နှေးကွေးတဲ့လူလည်း ဆွဲသွားမယ်၊ ဒီလိုအထဲမှာ ကျနော်တို့အဖွဲ့က ပါပါတယ်၊ ကျနော်တို့သွားနေတာလည်း အဲဒီအတိုင်းသွားနေတာ၊ အဲတော့ အမှားလည်းနည်းတာပေါ့”ဟု ဦးအောင်သောင်းက ပြော သည်။
သို့သော်လည်း ယခင်က တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တာဝန်ပေးအပ်ခြင်း ခံ ထားရသော်လည်း အစိုးရ၏ ဧပြီလပိုင်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ဦးအောင်သောင်း ပါဝင်ခြင်း မရှိတော့ပေ။
နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာ၌ ငွေကြေးလိုအပ်ကြောင်း၊ အစိုးရတွင် ငွေကြေးပြည့်စုံမှုမရှိသဖြင့် လုပ်ဆောင်နေမှုများ နှေးကွေးရကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ ထိန်းသွားနေရကြောင်းလည်း ဦးအောင်သောင်းက ပြောသည်။
မြန်မာနိုင်ငံတွင် တနှစ်အသားတင် ထုတ်ကုန်တန်ဖိုး(GDP)မှာ အမေရိကန် ဒေါ်လာ ၅၅.၉ ဘီလီယံသာရှိကြောင်း၊ နိုင်ငံတကာချေးငွေမှာ လည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ဝ.၀၁၈ သန်း သာရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃ ဘီလီယံသာရှိကြောင်း ဦးသိန်းစိန်က မေလ အတွင်း ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားထားသည်။
ဒုသမ္မတ တာဝန်အား တပ်မတော် (ရေ) မှ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ခန့်အပ်ပြီးနောက် အစိုးရအတွင်း ပြုပြင် ပြောင်းလဲရေးများ ပိုမို လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပြောဆိုသံများ ပေါ်ထွက်လာခဲ့သည်။