ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် စပါးစိုက်ပျိုးပြီး ဧက ၃ သောင်းကျော် ရေနစ်မြုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုနိုင်သည့် ဧရာဝတီတိုင်း ပုသိမ်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်များနှင့် ပဲခူးတိုင်း အရှေ့ခြမ်း ညောင်လေးပင်၊ သနပ္ပင်၊ ကဝ နှင့် မဒေါက် စသည့်မြို့နယ်များတွင် အများဆုံး နစ်မြုပ်နေကြောင်း၊ အပျက်အစီး ပမာဏကို သိနိုင်ရန် ဒေသတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ယနေ့ ကွင်းဆင်းရန် စီစဉ်နေကြောင်း ဆန်စပါး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။
“ရေကျမြန်ရင်တော့ စပါးခင်း အပျက်အစီးနည်းမယ်၊ ရေအကျနှေးရင်တော့ အချိန်မီ ပြန်စိုက်နိုင်ဖို့ ပျိုးပင်တွေ ပေးနိုင်ဖို့ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်း သဘာ၀ ဘေးအန္တရာယ်ကြောင့် စပါးစိုက်ချိန် နောက်ကျ၍ ဆန်ထုတ်လုပ်ရေးကို အနည်းငယ် ထိခိုက်မည်ဖြစ်သော်လည်း ဆန်ဈေးများ မြင့်တက်သွားခြင်း မရှိစေရန် ဆန်စပါး လုပ်ငန်းရှင်များ အသင်းက ယခုလတွင် အရန်ဆန် တန်ချိန် ၄၆၆၆ တန်ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းချပေးထားကြောင်း ဦးချစ်ခိုင်က ပြောသည်။
ထို့အပြင် ရေလွှမ်းမိုးသည့် ဒေသများရှိ အိမ်ထောင်စုများကိုလည်း ဆန်ပြတ်လပ်မှု မရှိစေရန် ဆန်များ ဝေငှပေးရေးအတွက် စီစဉ် လုပ်ကိုင် နေကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်း ပုသိမ် တမြို့နယ်ထဲတွင်ပင် စပါးစိုက်ခင်းဧက ၁ သောင်းကျော် နစ်မြုပ်ကြောင်း၊ ပျက်ဆီးဆုံးရှုံးမှု ပမာဏကို ရေကျမှပင် တွက်ချက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိုးရွာသွန်းခြင်း၊ ဒီရေမြင့်တက်ခြင်းတို့ကြောင့် ရေကျဆင်းခြင်း မရှိသေးကြောင်း၊ ရပ်ကွက်ကျေးရွာပေါင်း ၁၂ ခု ရေနစ်မြုပ်နေပြီး အိမ်ထောင်စုပေါင်း ၁၅၃၃ စု၊ လူဦးရေ ၆၁၇၈ ဦးအတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ကာ ကူညီပေးနေရကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး (ခေတ္တ) ဦးစိန်သောင်းက ပြောသည်။
အလားတူ ကျုံပျော်၊ လေးမျက်နှာ၊ အသုတ် စသည်မြို့များတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ ဒါးက မြစ်ရေလျှံခြင်း၊ တာပေါင် ပျက်စီးနေခြင်းတို့ကြောင့် လယ်ဧက များစွာ နစ်မြုပ်နေကြောင်း၊ ချက်ခြင်း ရေပြန်မကျ နိုင်သေးကြောင်း ကျုံပျော်မြို့မှ အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ဦးစိန်လွင်က ဆိုသည်။
ပုသိမ်ခရိုင်အတွင်း ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်ခန့်ကတည်းက မိုးများပြီး ရေကြီးရေလျှံ ဖြစ်နေသည့်အတွက် ရန်ကုန် – ပုသိမ် ကားလမ်းနှင့် ဟင်္သာတ – ပုသိမ် ရထားလမ်းကို ပိတ်ပစ်လိုက်ရသည်။
ယခုလဆန်းပိုင်း ကတည်းက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့တွင် မိုးများစွာ ရွာသွန်းသည့်အတွက် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသည့် မြစ်များရေလျှံခဲ့ကြခြင်း ဖြစ်သည်။