အမျိုးသမီး (သီးသန့်) ကဗျာစာအုပ်
ကဗျာဆရာမ ၃၅ ယောက်ရဲ့ ကဗျာတွေကို စုစည်းထားတဲ့ “ကြိုးညှိခြင်း” ဆိုတဲ့ ကဗျာစာအုပ်ကလေးကို ကဗျာဆရာမ ပန်ဒိုရာက စီစဉ်ပြီး နှစ်ကာလများ စာပေ တအုပ်ကို ကျပ် ၂၅၀၀ နဲ့ ဖြန့်ချိလိုက်ပါပြီ။
“အခုတလော မြန်မာနိုင်ငံမှာ အဖို၊ အမ ခွဲခြားရေး အယူအဆ ခေါင်းထောင်ထလာတယ်။ ကဗျာဆရာမ တွေကတော့ “မဟာ မ, ဝါဒ အလံ” လွှင့်ထူလိုဟန် မရှိပါဘူး။ ကဗျာမှာလည်း ကဗျာဖို၊ ကဗျာမ ရယ်လို့ မကြားဖူးဘူး။ အမျိုးသမီး သန့်စင်ခန်း၊ အမျိုးသမီး မော်တော်ယာဉ် (သီးသန့်)၊ အခုလည်း အမျိုးသမီး ကဗျာစာအုပ် (သီးသန့်) ပေါ့” လို့ ကဗျာဆရာ သစ္စာနီက ဒီကဗျာစာအုပ် အဖွင့်မှာ ရေးထားတာ တွေ့ရတယ်။
အမျိုးသမီးသီးသန့် ကဗျာစာအုပ်ကလေးမှာ ခေတ်စမ်းစာပေ ခေတ်က ပေါ်ထွက်ခဲ့တဲ့ ကဗျာဆရာမကြီးတွေ နောက်ပိုင်းမှာ ကဗျာကို စိုက်လိုက်မတ်တပ် ရေးခဲ့တဲ့ ဆရာမတွေရဲ့ ကဗျာတွေကနေ ဒီကနေ့ အင်တာနက်ပေါ်မှာ၊ ဘလော့ဂ်တွေမှာ တောက်လျှောက် ကဗျာတွေ ရေးသားခဲ့သူတွေ အထိ ပါဝင်တယ်လို့ သိရပါတယ်။ အသက်အလိုက် စဉ်ထားတာဖြစ်ပြီး အသက် ၆၀ ကနေ ၁၇ နှစ်အရွယ် ကဗျာဆရာမတွေ အထိ ပါဝင်ပါတယ်။ ဒီစာအုပ်ကလေး ဖြစ်မြောက်ဖို့ ၁ နှစ်လောက် အချိန်ယူလိုက်ရ တယ်လို့ သိရပါတယ်။
စီစဉ်သူ ဆရာမက “ကဗျာဆိုရင် အမျိုးသားတွေနဲ့ပဲ သက်ဆိုင်သလို ဖြစ်နေတယ်။ တမင်လုပ်တာ မဟုတ်ပေမယ့် တချို့ စာအုပ်တွေ ဆိုရင် အမျိုးသမီး တယောက်မှကို မပါတာတွေ့ရတယ်။ ခေတ်စမ်းစာပေနောက်ပိုင်း ခေတ်မှာ ကဗျာကို ညွှန်းရင်လည်း အမျိုးသမီးရေးတဲ့ ကဗျာတွေကို ညွှန်းတာ မတွေ့သလောက်ပဲ။ ကဗျာရေးတဲ့ အမျိုးသမီးတွေ အရမ်းနည်းနေတယ်လို့ ထင်ရသလို ဖြစ်နေတာကြောင့် ဒီစာအုပ်ကို စီစဉ်ဖြစ်တာ” လို့ ဆိုပါတယ်။
နိုင်ငံခြားက ကဗျာဆရာမတွေအကြောင်း အင်တာနက် ဖိုရမ်တွေမှာ လူငယ်တွေ ဆွေးနွေးကြတာ တွေ့ရတော့ မြန်မာပြည်က ကဗျာဆရာမ တွေကိုလည်း ဖော်ထုတ်ချင်တယ်၊ ကဗျာ ဆရာ ဇေယျာလင်း၊ မိုးဝေး၊ နေစိမ့်၊ ဧမွန်တို့နဲ့ စကားထိုင်ပြောရင်း ဆရာ ဇေယျာလင်းက မြန်မာကဗျာဆရာမတွေရဲ့ လက်ရာတွေနဲ့ စာအုပ်လုပ်သင့်တယ်လို့ အကြံပေးတာနဲ့ စီစဉ်ဖြစ်တာလို့ ဆရာမ ပန်ဒိုရာက ပြောပါတယ်။
“အစကတော့ ကိုယ်တိုင် ရေးထားတဲ့ စာတွေကို စာအုပ်တအုပ် လုပ်မယ်လို့ စဉ်းစားထားတာ။ ဒါပေမယ့် လူငယ်တွေ ဆွေးနွေးခဲ့တာကို သတိရတာကော၊ ဆရာဇေယျာလင်းနဲ့ ကျမ ခင်ပွန်းက တိုက်တွန်းတာကြောင့်ကော ဒီစာအုပ်ကလေး လုပ်ဖြစ်တာပါ၊ အဓိကကတော့ ကဗျာကို အစဉ်တစိုက် ရေးခဲ့တဲ့၊ ရေးနေဆဲ ကဗျာဆရာမတွေကို ကဗျာတွေ ဆက်ရေးဖို့ အားပေးချင်တယ်” လို့ သူက ဆက်ပြောပါတယ်။
ကဗျာတွေကို ရွေးချယ်ရာမှာ အကြောင်းအရာနဲ့ ပုံစံကို ဦးစားမပေးပဲ စိုက်လက်မတ်တပ် ရေးခဲ့တဲ့ ကဗျာဆရာမတွေဆီက ကဗျာ တယောက် ၅ ပုဒ်၊ ၆ ပုဒ်စီ တောင်းခံပြီး ပုံစံစုံလင်အောင် အဓိကထားပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ကဗျာဆရာမတွေက အမျိုးသား ကဗျာဆရာ တော်တော်များများနဲ့ မတူတဲ့ အချက်ကတော့ ကဗျာချည်းပဲ သီးသန့်ရေးတဲ့သူ မရှိသလောက် ဖြစ်နေပါတယ်။ အများစုက ဝတ္ထုရေးတယ်၊ ကဗျာရေးတယ်၊ တချို့ကလည်း သတင်းမီဒီယာ အလုပ်လုပ်တယ်၊ ဆောင်းပါးတွေရေးတယ်၊ ကဗျာရေးတယ်၊ ကြိုးညှိခြင်းထဲမှာ ပါတဲ့ ဆရာမ ရှင်ဒေဝီဆိုရင် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ လုပ်တယ်၊ ကဗျာရေးတယ်လို့ ဆရာမ ပန်ဒိုရာက ပြောပါတယ်။
ကဗျာဆရာ ဇေယျာလင်းကတော့ “ခေတ်ပြိုင် မြန်မာကဗျာလောကရဲ့ ဧရာမ ဂျင်ဒါ (Gender) ကွက်လပ်ကြီးကို ဖြည့်ဆည်း ပေးတာ ကျေးဇူးတင်စရာပါပဲ” လို့ ကဗျာစာအုပ် အဖွင့်မှာ ရေးထားပါတယ်။
ဘာပဲဖြစ်ဖြစ် ကဗျာဆရာမတွေရဲ့ အနုပညာတွေကို ဆရာသစ္စာနီ ပြောသလို “သီးသန့်” ပဲဖြစ်ဖြစ် အခုလို ဖော်ထုတ်ပေးနိုင်တဲ့ အတွက် မစပ်စုလည်း ကဗျာဆရာမ မဟုတ်ပေမယ့် ကြားထဲက ဝမ်းသာသလို ပါဝင်ခွင့်ရတဲ့ ကဗျာဆရာမတွေကလည်း ဝမ်းသာနေတယ်လို့ သိရပါတယ်။
တကယ်တော့ ကဗျာစာအုပ် ထုတ်တယ်ဆိုတာ မွဲဆေးဖော်နည်း တမျိုးလို့တောင် ဆိုရမှာပါ။ ဒါကို ရဲရဲဝံ့ဝံ့ စီစဉ်တဲ့ ဆရာမ ပန်ဒိုရာကိုလည်း ချီးကျူးပါတယ်။ ဒီစာအုပ်ကလေးရဲ့ နာမည်ကတော့ ကဗျာဆရာမ ဖြူမွန်ရဲ့ ကဗျာတပုဒ် ခေါင်းစဉ်လို့ သိရတယ်။
ကြိုးညှိခြင်းဆိုတဲ့ အဓိပ္ပာယ်က အမျိုးမျိုး ဖြန့်တွေးလို့ရတယ်၊ စာအုပ်နဲ့လည်း ကိုက်ညီတယ်လို့ ဆရာမ ပန်ဒိုရာက ပြောပါတယ်။ ဒီကြိုးတွေ ညီ၊ မညီကတော့ တီးကြည့်၊ ခံစားနားထောင်ကြည့်မှပဲ သိရမှာပါ။
၉ လက်မ၊ ၆ လက်မ အရွယ် ဒီစာအုပ်ကလေးရဲ့ မျက်နှာဖုံး ပန်းချီကို ပန်းချီမုတ်သုန်က သရုပ်ဖော် ပေးထားပြီး အတွင်းက သရုပ်ဖော်ပုံတွေကိုတော့ ဆရာမ ပန်ဒိုရာ ကိုယ်တိုင် ရေးဆွဲထားပါတယ်။
“အရင်က ကဗျာပေါင်းချုပ်လို့ ဆိုခဲ့မှုတွေမှာလည်း အမျိုးသမီး ကဗျာဆရာမတွေ အရေအတွက် နည်းခဲ့တာကို ဝန်ခံရမှာပဲ။ ကျန်ခဲ့တာလား၊ ချန်ခဲ့တာလား၊ မသိတာလား ဆိုတာမျိုးကို အခု ဒီစာအုပ်နဲ့အတူ မေးခွန်း ထုတ်လိုက်ခြင်းဟာ လိုအပ်မှု တခုလို့ ကျနော်ကတော့ ယူဆပါတယ်။ ကြိုးညှိခြင်းကို ကြိုဆိုလျှက်ပါ” လို့လည်း ကဗျာဆရာ လင်းနီညိုက စာအုပ် အဖွင့့်မှာ ရေးသားထားတာ တွေ့ရပါတယ်။
ဆိုကရေးတီး ပုံစံပြောင်းပြီလား
၁၈ နှစ်တိုင်တိုင် ကျင်းပလာခဲ့ပြီးတဲ့ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲကြီးကို လာမယ့် ၁၉ ကြိမ်မြောက်မှာတော့ တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးအဖြစ် တမျိုးတဖုံ ပြောင်းလဲ ကျင်းပတော့မှာပါ။
အရင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်က ဗိုလ်ချုပ်ကြီးခင်ညွန့် စတင် မျိုးစေ့ချ ကျင်းပပေးလာခဲ့တဲ့ ဒီပြိုင်ပွဲကြီးကို တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာယဉ်ကျေးမှုတွေပါ ပေါင်းစပ် ထည့်သွင်း ယှဉ်ပြိုင်ခွင့်ရလာမှာဖြစ်ပြီး ပြည်နယ်ဒေသကြီး ၇ ခုနဲ့
တိုင်းဒေသကြီး ၇ ခုကို သီခြားယှဉ်ပြိုင်စေမယ်လို့ သိရပါတယ်။
“၁၈ ကြိမ်မြောက် အထိကတော့ ပြည်နယ်နဲ့တိုင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဖြစ်တဲ့အတွက်
ပြည်နယ် ခုနစ်ခု၊ တိုင်း ခုနစ်ခု အားလုံး ပြိုင်ကြတယ်။ အခုကတော့ အဲဒီလို မဟုတ်တော့ဘူး၊ ပြည်နယ်သက်သက်၊ တိုင်းသက်သက် ဖြစ်မယ်။ တိုင်းဒေသကြီး ၇ ခုကတော့ နေပြည်တော်မှာ ဗမာ သီချင်း ဆို၊ က၊ ရေး၊ တီး တွေပြိုင်မယ်။
ပြည်နယ်ကတော့ သူ့ ဒေသအလိုက် ကချင်ဆို ကချင်၊ ကရင်ဆို ကရင်မှာပေါ့ သူ့နေရာ အလိုက်မှာပဲ သူ့ရိုးရာ ယဉ်ကျေးမှုတွေကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်တွေကနေ ပြိုင်ပွဲ ကျင်းပပေးရမှာပါ။ဒါက သူ့ရိုးရာအလိုက် အဲ့လိုကွဲသွားမှာပါ” လို့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးရဲ့ အရေးပြိုင်ပွဲ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ဧရာဝတီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာတော့ ပြည်နယ်နဲ့တိုင်းအားလုံးက ပြိုင်ပွဲဝင်လိုသူ တွေဟာ နေပြည်တော်ကို တစုတစည်းတည်း လာရောက်ပြီး ဗမာသံစဉ် တေးသီချင်းတွေ၊ အကနဲ့ အတီးတွေကို ယှဉ်ပြိုင်ခဲ့ကြရတာပါ။ တိုင်းရင်းသား ဒေသတွေက လာရောက်ယှဉ်ပြိုင်သူတွေလည်း သက်ဆိုင်ရာ တိုင်းရင်းသား ဝတ်စုံတွေ ဝတ်လာကြ ပေမယ့် ဗမာ အကနဲ့၊ အဆို အတီးတွေကိုပဲ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး အခုနှစ်က စတင်လို့ သူ့ပြည်နယ်အလိုက် တည်ရှိနေတဲ့ ရိုးရာယဉ်ကျေးမှု၊ တေးသီချင်း အကအလှတွေနဲ့ သူ့ပြည်နယ်မှာသာ ယှဉ်ပြိုင် ကြရတော့မှာပါ။
ဒီလို သူ့ပြည်နယ်အလိုက် ယှဉ်ပြိုင်ပြီး ဆုရရှိလာတဲ့ အဖွဲ့တွေက နေပြည်တော်မှာ ကျင်းပမယ့် တိုင်းဒေသကြီး ၇ ခုရဲ့ ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲကြီးမှာ လာရောက်အစွမ်းပြ ဖျော်ဖြေ တင်ဆက်ကြမယ်လို့ သိရပါတယ်။
လာဘ်ပေးလာဘ်ယူမှု များလွန်းလို့ ပြိုင်ပွဲကြီး ကျင်းပပြီးချိန်တိုင်အောင် ဆုမရသူတွေရဲ့အသံပေါင်းစုံနဲ့ ၁၈ နှစ် တိုင်တိုင် ညံလာခဲ့တဲ့ ဒီပြိုင်ပွဲကြီးဟာ လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာဆိုရင် ၁၉ ကြိမ်မြောက်အဖြစ် ပုံစံတမျိုးနဲ့ ကျင်းပတော့မှာပါ။
အခုလို တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အနုသုခုမ ပြိုင်ပွဲတွေကို ပေါင်းစည်းထည့်သွင်ခြင်း အားဖြင့် နိုင်ငံတော်က ဖော်ဆောင် နေတဲ့ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ တိုင်းရင်းသားအချင်းချင်း သွေးစည်း ညီညွတ်ရေး လုပ်ငန်းစဉ်တွေလည်း ပိုမို ပီပြင်ထင်ရှားလာမယ် ဆိုတဲ့အကြောင်း ပြိုင်ပွဲကျင်းပရေးညှိနှိုင်း အစည်းအဝေးမှာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသွားပါတယ်။
တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို အားပေး ဖော်ထုတ်တာအပြင် တိုင်းရင်းသားဒေသတွေ အမှန်တကယ် ငြိမ်းချမ်းရေး ရဖို့ကိုပါ နိုင်ငံတော်က အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် မစပ်စုတို့ တိုင်းရင်းသားတွေရဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အနုသုခုမတွေဟာ ပိုပြီး လှပလာလိမ့်မယ်လို့ မစပ်စု တွေးနေမိပါတယ်။
၈၈ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ
မြန်မာပြည်က ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေဟာ နိုင်ငံရေး၊ လူမှုရေးတွေကို တစတစနဲ့ စိတ်ဝင်တစား ထဲထဲဝင်ဝင် ပါဝင်လာကြ၊ ဆင်နွှဲလာကြတာ သိသာ ထင်ရှားလာတယ်လို့ ဆိုနိုင်ပါတယ်။
အခုဆိုရင်လည်း ဂီတသမားတွေဟာ လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲကြီးကို အနုပညာအားနဲ့ သာမက ငွေအားနဲ့ပါ ပါဝင်လာကြတယ်လို့ သိရပါတယ်။
“သီချင်းဆိုပေးရုံတင်မကဘူး၊ ငွေပါစိုက်ထုတ်ပြီး လှူဒါန်းတဲ့ အထိကို လုပ်ကြပါတယ်။ ဒါဟာ မေတ္တာ ရောင်ပြန်ဟပ်
တာပါပဲ။ ကျနော်တို့ရဲ့ နှစ်ရှည်လများ အနစ်နာခံ ဆောင်ရွက်တဲ့အတွက် ဆက်လက်ပြီးတော့လည်း ကျနော်တို့ဟာ
ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရနေတယ်။ ဒီယုံကြည်မှုအပေါ်မှာ သူတိုရဲ့ ကျနော်တို့ အပေါ်မှာ အလေးအနက်ထားမှု ကျနော်တို့ကလည်း အပြန်အလှန်အလေးအနက်ထားမှု အနေနဲ့ ဒီလိုမျိုး သိုက်သိုက်ဝန်းဝန်းနဲ့ ဆောင်ရွက်နိုင်တယ်လို့
ပြောလို့ရပါတယ်”လို့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးအဖွဲ့မှူး ကိုဇော်မင်းက ဧရာဝတီကို ပြောပါတယ်။
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေမှာ ပြုပြင်ပြောင်းလဲရေး သမားတွေ များလာတာကိုလည်း ကြိုဆို
ကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားသူတွေလည်း တချိန်မှာ ပြုပြင်ပြောင်းလဲရေး ဖြစ်လာဖို့၊ သူတို့အနေနဲ့
ပျော့ပြောင်း ချင်စိတ် ရှိလာအောင် ကြိုးပမ်းနေပြီး ဒီကြိုးပမ်းမှုရဲ့ ပြယုဂ်အဖြစ် ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ အနုပညာသမားတွေ အနေနဲ့ သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်လာမှုဟာ တခြားလိုအပ်နေတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဖြစ်စေမယ်လို့ မျှော်လင့်ပါကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဒီဖျော်ဖြေပွဲကြီးကို “စေတနာ ဝဿန်”ရန်ပုံငွေ ဖျော်ဖြေပွဲလို့ အမည်ပေးထားပြီး ရွှေသံစဉ်၊ Heaven Born၊ The Trees၊ Plus Three၊ Spectrum၊ Lazy Club၊ Metal Zone ၊ မဇ္ဈိမလှိုင်း၊ ဂီတမိတ်၊ Ever Green၊ အဝေးကဧည့်ခန်း၊ Big Bag၊
Cobra စတဲ့ တီးဝိုင်းများ၊ Hip Hop အဖွဲများနဲ့ အတူ ဂီတအနုပညာရှင်ပေါင်း ၅၀ ကျော် ပါဝင်သီဆိုကြမှာပါ။
ဒီပွဲကို ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပမှာဖြစ်ပြီး ဝင်ကြေးလက်မှတ် တွေကိုတော့ ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ စသဖြင့် သတ်မှတ်ထားပါတယ်။
“ကျနော်တို့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ တထောင့် တနေရာကနေ အကျိုးပြုခွင့် ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်”လို့ ဒီဖျော်ဖြေပွဲမှာ ပါဝင်အားဖြည့် သီဆိုပေးမယ့် အဆိုတော် ဖိုးကာက ဧရာဝတီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဖျော်ဖြေပွဲပြီးရင် အခု ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟာ ဂီတအနုပညာရှင်ပေါင်း အမြောက်အများ ပါဝင်တဲ့ ဖျော်ဖြေပွဲလို့ ပြောရမှာပါ။