ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် စီမံကိန်းမြေနေရာရှိ လယ်မြေသိမ်းခံ လယ်သမားများနှင့် အိုးအိမ်ဦးစီးဌာနမှတဆင့် လယ်မြေများ လုပ်ပိုင်ခွင့်ရထားသည့် ဝါဝါ၀င်းကုမ္ပဏီတို့အကြား နစ်နာကြေးငွေကိစ္စနှင့် ပတ်သတ်ပြီး အခြေအနေ ဆက်လက်တင်းမာနေကြောင်း သိရသည်။
လယ်သမားများဘက်မှ သိမ်းယူခံထားရသော လယ်မြေများ၏ ကာလပေါက်ဈေး ၁၀ ရာခိုင်နှုန်းကို သော်လည်းကောင်း၊ လယ်မြေ၏ ၁၀ ရာခိုင်နှုန်းကိုသော်လည်းကောင်း နစ်နာကြေးအဖြစ် တောင်းဆိုထားသော်လည်း ဝါဝါ၀င်းကုမ္ပဏီက အဆိုပါ တောင်းဆိုချက်သည် အလွန်များပြားသော ပမာဏဖြစ်သဖြင့် မူလသတ်မှတ်ထားသည့် ၁ ဧက သိန်း ၃၀ နှုန်းကိုသာ ပေးနိုင်မည်ဖြစ်ကြောင်း ယမန်နေ့ကပြုလုပ်သည့် လယ်သမားများနှင့် ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောဆိုခဲ့သည်။
“၁၀ ရာခိုင်နှုန်းဆိုတဲ့ ပမာဏဟာ အမျိုးမျိုး တွေးခေါ်လို့ ရပါတယ်။ ကျမဘက်ကလည်း ကျမတွေးခေါ်လို့ ရသလို၊ လိုချင်တဲ့ဘက်ကလည်း လိုချင်သလို တွေးခေါ်လို့ရပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုတာ ဘယ်ဟာကို အခြေခံပြီးတော့ တောင်းဆိုနေကြတာလဲ။ အဲဒီတော့ တောင်းဆိုတဲ့ တောင်းဆိုမှုရဲ့ အခြေခံက မှန်မှ ကျမတို့ကလည်း ဆုံးဖြတ်ပေးလို့ ရမှာပါ” ဟု ဝါဝါ၀င်းကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဒေါ်စန်းစန်းဝင်းက ပြောသည်။
လယ်မြေများကို ၁၉၈၉-၁၉၉၀ ကတည်းက သိမ်းယူထားခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် နွေစပါးရိတ်သိမ်းချိန်အထိ မူလပိုင်ရှင် လယ်သမားများ စိုက်ပျိုးခွင့်ရရှိခဲ့ကာ မိုးစပါးစိုက်ချိန်တွင် ဝါဝါ၀င်းကုမ္ပဏီက လယ်မြေများအတွင်း ဆိုင်းဘုတ်များထောင်ခြင်း၊ တိုင်များစိုက်ခြင်း၊ တံတိုင်းများခတ်ခြင်းတို့ကို ပြုလုပ်ကာ လယ်စိုက်ခြင်းကို တားမြစ်ခဲ့ကြောင်း သိရသည်။
စီမံကိန်း နယ်မြေအတွင်းရှိ တချို့လယ်သမားများကို တဧကလျှင် ၁၂ သိန်းနှုန်းဖြင့်လည်းကောင်း၊ သိန်း ၃၀ နှုန်းဖြင့်လည်းကောင်း နစ်နာကြေးများပေးခဲ့ပြီး ယခုလယ်သမားများမှာ ထိုနစ်နာကြေးကို မကျေနပ်သည့် လယ်သမားများ ဖြစ်ကြောင်း သိရသည်။
“သိန်း ၃၀ ဆိုတာ ကျမတို့ တရာသီ လုပ်စာတောင် မရှိဘူး။ ခုက အားလုံးကို ပေးလိုက်ရမှာ။ ကျမတို့အနေနဲ့ ရသင့်တယ်ထင်လို့ တောင်းတာပါ” ဟု လယ်သူမတဦးက ပြောသည်။
ယခုလက်ရှိအချိန်တွင် ဝါဝါ၀င်းကုမ္ပဏီက လယ်မြေများအတွင်း ဝင်ရောက်လယ်စိုက်သူ လယ်သမားတချို့ကို နယ်မြေကျူးကျော်မှုဖြင့် တရားစွဲဆိုထားပြီး အုတ်တံတိုင်းခတ်ခြင်း၊ သဲမြေဖို့ခြင်းများကိုလည်း အလုပ်သမားအင်အားဖြင့် အားချင်း ဆောင်ရွက်လျက်ရှိရာ လယ်သမားများနှင့် ဝါဝါ၀င်းကုမ္ပဏီတို့၏ အလုပ်သမားများအကြား ပဋိပက္ခများ နေ့စဉ်လိုလို ဖြစ်ပွားနေရကြောင်း သိရသည်။
“နစ်နာကြေးကိစ္စကို သြဂုတ်လ ၅ ရက်နေ့မှာ လာရှင်းပေးမယ်လို့ ပြောတဲ့အတွက် ကျနော်တို့ လယ်တွေထဲမှာ လုပ်နေတဲ့ သူတို့ရဲ့လုပ်ငန်းတွေကို လုံးဝမနှောင့်ယှက်ခဲ့ပါဘူး။ ဒါပေမဲ့ ၅ ရက်နေ့ နောက်ပိုင်းအထိ လာမရှင်းတဲ့အတွက် ကျနော်တို့ အနေနဲ့လည်း ကိုယ့်လယ်ကိုယ် ပြန်စိုက်တာ။ နစ်နာကြေးကိစ္စ မပြေလည်သေးသရွေ့ ဒီမြေဟာ ကျနော်တို့ လယ်မြေပဲ” ဟု လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာမှ လယ်သမားတဦးက ပြောသည်။
ဝါဝါ၀င်းကုမ္ပဏီ၏ အကျိုးဆောင်ရှေ့နေကမူ ဝါဝါ၀င်းကုမ္ပဏီသည် အနော်ရထာစက်မှုဇုန် စီမံကိန်း၏ အဆင့် ၂ (Phase 2) ကိုသာ ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်မြေများကို သိမ်းယူခဲ့သူမှာ အိုးအိမ်ဦးစီးဌာနသာဖြစ်ကာ ဝါဝါ၀င်းကုမ္ပဏီက သတ်မှတ်ပေးထားသည့် ၁ ဧက သိန်း ၃၀ သည် ထိုက်တန်သော ပမာဏဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ နှုန်းထားက အတော့်ကို များပါတယ်။ တိုင်းပြည်မှာ တခြား မြေသိမ်း၊ ယာသိမ်းခံရသူတွေရဲ့ နစ်နာကြေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အတော်များပါတယ်။ အစိုးရက သတ်မှတ်ပေးတာတို့ ဘာတို့ ဖြစ်လာရင် လယ်သမားတွေအနေနဲ့ ဒီလောက်တောင် မရလိုက်ဖြစ်မှာပဲ စိုးရိမ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လယ်သမားများဘက်မှ ကျူးကျော်သူများအဖြစ် စွပ်စွဲခံရပြီး တရားစွဲခံထားရသူ လယ်သမားများ၏ အမှုများကို ချက်ချင်း ရုတ်သိမ်းပေးရန်၊ မရုတ်သိမ်းပါက လယ်မြေများသည် ဘိုးစဉ်ဘောင်ဆက် လယ်သမားများပိုင် ဖြစ်သဖြင့် ဝါဝါ၀င်းကုမ္ပဏီကို ပြန်လှန် တရားစွဲမည်ဖြစ်ကြောင်း၊ တဖက်နှင့် တဖက် နစ်နာကြေးငွေကိစ္စ သဘောတူညီမှု မရမချင်း လယ်မြေများသည် ပိုင်ဆိုင်မှု အငြင်းပွားဆဲ လယ်မြေများဖြစ်သည့်အတွက် ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန်တို့ကို လယ်သမားများဘက်မှ တောင်းဆိုအသိပေးခဲ့ကြောင်း သိရသည်။
အကယ်၍ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဝါဝါ၀င်းကုမ္ပဏီက နစ်နာကြေးကိစ္စကို လိုက်လျောညှိနှိုင်းပေးခြင်း မရှိပါက နေပြည်တော်ရှိ အိုးအိမ်ဦးစီးဌာနရုံးအထိ သွားရောက် ဆန္ဒထုတ်ဖော်မည်ဟု သိရှိရသည်။
ဝါဝါ၀င်းကုမ္ပဏီမှ နစ်နာကြေးငွေ မရရှိသေးသည့် လယ်သမားပေါင်း ၇၁ ဦးရှိပြီး လယ်ဧကအားဖြင့် စုစုပေါင်း ဧက ၇၀၀ နီးပါးရှိကြောင်း၊ လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်ရှိ လယ်မြေများသည် ကာလပေါက်ဈေးအားဖြင့် တဧကလျှင် သိန်း ၁၈၀၀ မှ သိန်း ၂၅၀၀ အထိ ပေါက်ဈေးရှိနေကြောင်းလည်း သိရသည်။