သတင်း

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြန်မာ့ လူထုသဘောထား တရုတ်ပညာရှင်များ လေ့လာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှု အဖွဲ့အစည်းများနှင့် သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ သွယ်တန်းမည့်  သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံများ၏ လူမှုဒုက္ခများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ မုံရွာကြေးနီ စီမံကိန်းကြောင့် မြေယာသိမ်းဆည်းမှုများနှင့် ဒေသတွင်း ဆိုးကျိုးများ၊ တရုတ်နိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး၊ သစ်တောများကို စည်းကမ်းမဲ့ ခုတ်ယူမှုများကို အဓိကထားဆွေးနွေးကြသည်ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူများက ဆိုသည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ အကြံပေး၊ တရုတ်-မြန်မာ ဘသာ၀ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ယူနန်ဒေသဖွံဖြိုးရေး မဟာဗျူဟာဌာနမှ ပညာရှင် Li Chen Yang အပြင် အရှေ့တောင် အာရှဒေသအကြောင်း လေ့လာနေသည့်  မြန်မာ့အရေးကျွမ်းကျင်သူ ယူနန်တက္ကသိုလ်မှ ပါမောက္ခ ၂ ဦး၊ ပီကင်း တက္ကသိုလ်မှ ၁ ဦး၊ အမွိုင် တက္ကသိုလ် (Xiamen) မှ ၁ ဦးတို့က ဆွေးနွေးခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ့လူမှုအဖွဲ့အစည်းများမှ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ (မန္တလေး၊ ပခုက္ကူ၊ ကျောက်မဲ) ၊ ပြည်သူအကျိုးဆောင်ကွန်ယက်(မိတ္ထီလာ)၊ ဗန်းမော် ချစ်သူများ ကွန်ယက်၊ နဒီချင်းတွင်း မြစ်မင်းသလ္လာ (မုံရွာ)၊ Green Future (ရေနံချောင်း)၊ Green Network (မကွေး)၊ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ပြင်ဦးလွင်မြို့နယ် ဒေသခံများ၊ ရှမ်းပြည်နယ်မှ အဖွဲ့အစည်းများ၊ မင်းဘူးမြို့မှ စိတ်ဝင်စားသူများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့သည်။

ယခု ဆွေးနွေးပွဲကို ပေါင်းကူး (Civil Society Strengthening Initiative) အဖွဲ့ ကစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေး စိမ်းရောင်စိုအဖွဲ့မှ ဦးတင်သစ်က မြန်မာနှင့် တရုတ်အစိုးရများသည် ရခိုင်ဒေသမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍  မြန်မာပြည်သူများအား ပွင့်လင်းစွာအသိပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ပိုက်လိုင်းဖြတ် သန်းရာဒေသများတွင် မြေယာနှင့် သီးနှံလျော်ကြေး နည်းပါးစွာရရှိကြောင်း တရုတ်နိုင်ငံ၌ လယ်ယာမြေကို သိမ်းယူလျှင် တစ်ဧက ယွမ် ၂၄၀၀၀၀ (ကျပ် ၃၂၄သိန်း) ရရှိသော်လည်း မြန်မာနိုင်ငံတွင် တဧကကျပ် ၃ သိန်း ခန့်သာပေးကြာင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် တံတားဦးမြို့နယ်များတွင် လျော်ကြေး မရရှိကြောင်းတို့ကို တင်ပြဆွေးနွေးသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း တရုတ်စီမံကိန်းကြီးများသည် ကြီးမားသော်လည်း ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် ရရှိမှု နည်းပါးပြီး၊ ကျောက်ထု၊ မြေသယ် စသည့် အလုပ်များကိုသာ လုပ်ကိုင်ရကြောင်း၊ ပြည်သူများအခွင့်အရေးမှာ မည်မည်ရရ မရှိကြောင်း ထောက်ပြပြောဆိုသည်။

“နှစ်နိုင်ငံဆက်ဆံရေးဆိုတာ အစိုးရချင်းထက် ပြည်သူချင်းက ပိုအရေးကြီးတယ်၊ ဒါကြောင့် ပြည်သူ့အခန်းကဏ္ဍကို တရုတ်အနေနဲ့ လေးစားရမယ်´ဟု ၎င်းက ဆိုသည်။

တရုတ်ပြည်နှင့် ချုပ်ဆိုသည့် စီမံကိန်းအများစုမှာ အခြေခံဥပဒေနှင့်အညီ ရွေးချယ်ထားသည့် အစိုးရများက ချုပ်ဆိုခြင်း မဟုတ်ဘဲ စစ်အစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို ပြည်သူများအနေဖြင့် သိရှိခြင်း မရှိကြောင်း၊ တရုတ်ကုမ္ပဏီများအနေဖြင့် ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သော NGO များ၏ သဘောထားကို လေ့လာစုံစမ်းပြီးမှ လုပ်သင့်သည်ဟု တရုတ်ပညာရှင်များကို ပြောဆိုခဲ့ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် နဒီချင်းတွင်း မြစ်မင်းသလ္လာအဖွဲ့ကလည်း လက်ပံတောင်းတောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းအတွက် မြေယာဧက ၈၀၀၀ သိမ်းဆည်းထားခြင်းကြောင့် လယ်သမား၊ ယာသမားများ အလုပ်အကိုင် ရှားပါးခြင်း၊ ကြေးနီထုတ်လုပ်မှုကြောင့် အက်ဆစ်ဓာတ်များ ပျံနှံ့နေပြီး ရေအရင်းအမြစ်ကိုပါ ထိခိုက်နေခြင်းကို တင်ပြခဲ့သည်။

မန္တလေး အခြေစိုက် စိမ်းရောင်စိုအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းကလည်း တရုတ်နိုင်ငံ၏ စီမံကိန်းများတွင် လာရောက် အလုပ်လုပ်ကိုင်သည့် တရုတ်အလုပ်သမားများကြောင့် ဒေသခံအမျိုးသမီးများ၏ လူမှုဘ၀ မလုံခြုံမှုများ ရှိကြောင်း၊ ရွာများ အပါအဝင် ကိုးကွယ်ရာ ဘုရားကျောင်းကန်များကိုလည်း ရွေ့ပြောင်းခိုင်းနေကြောင်း၊ ယင်းစီမံကိန်းများကြောင့် ဒေသခံများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“ဒေသတွင်း ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ချင်ရင် ဒါမျိုးတွေကိုရှောင်သင့်တယ်။ ဒါတွေကို တရုတ်အစိုးရရော ကုမ္ပဏီတွေလည်း အလေးထားသင့်တယ်။ ဂရုမစိုက်ရင်တော့ လူမျိုးရေး မုန်းတီးမှုဖြစ်နိုင်တယ်လို့ တရုတ်ပညာရှင်တွေကို ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တရုတ်ကုမ္ပဏီကြီးများ၏ စီမံကိန်းကြီးများသာမက သတ္ထုတူးဖော်ရေးကို  တနိုင်တပိုင် လုပ်ကိုင်နေသည့် အငယ်စား တရုတ်ကုမ္ပဏီများနှင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများ၏ အလုပ်သမားအပေါ်နှင့် ဒေသခံများအပေါ် ထားရှိသည့် သဘောထား မမှန်ကန်မှုများနှင့် တရုတ်လူမျိုးများ မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေမှုကိုလည်း ရှမ်းပြည်နယ် ကလောမြို့နယ် ဘော်ဆိုင်းဒေသမှ ဦးတင်မောင်တိုး၊ ဗန်းမော်မှ ဦးကျော်သန်းနှင့် မိတ္ထီလာမှ ဒေါ်မြင့်မြင့်အေးတို့ကလည်း တင်ပြခဲ့ကြသည်ဟု သိရသည်။

တရုတ်ပညာရှင်များကမူ တရုတ်ကုမ္ပဏီများ အနေဖြင့် ဤ စီမံကိန်းကြီးများကို နိုင်ငံတကာ စံချိန်စံညွန်းနှင့်အညီ လုပ်နေကြောင်း၊ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းကြီးများကိုလည်း အဆင့်မှီမှီ ပြုလုပ်ထားခြင်းဖြစ်၍ အန္တရာယ် မရှိပါကြောင်း၊ ယခုဆွေးနွေးမှုတွင် မြန်မာလူ့အဖွဲ့အစည်းများမှ တင်ပြချက်များတွင် ကောင်းမွန်သော တင်ပြချက်ထက် ဆိုးဝါးသည့် အချက်များကိုသာ တင်ပြနေကြောင်း၊ သို့သော် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားပါကြောင်း ပြောသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ တရုတ်ပညာရှင် Yang Baoyun က “တဖက်ပြောတဲ့ အကြောင်းတွေကို ဓမ္မဓိဋ္ဌာန်ကျတယ်လို့ မမြင်ဘူး။ ရင်းနှီးမှုတွေကိုလုပ်ပြီး ဖွံဖြိုးရေးကိုလုပ်ရင် ယဉ်ကျေးမှု ပျက်စီးမှာတော့ အမှန်ပဲ။ ဆက်သွယ်ရေးဖုန်းတိုင် လုပ်ရင်တော့ သစ်ခုတ်ရမှာပဲ” ဟု ပြောဆိုကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ တိုးတက်ရေး လမ်းကြောင်းကို ဆန်းစစ်ရန်လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများကို သဘာ၀ ဘေးအန္တရာယ် ကျရောက်ချင်းမှအစ ကူညီနေကြောင်းကို မြန်မာအစိုးရထုတ် သတင်းစာများတွင် ကြည့်ခြင်းဖြင့် သိနိုင်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း ယခုဆွေးနွေးချက်များကို တရုတ်အစိုးရနှင့် ကုမ္ပဏီများကို တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading