မြန်မာနိုင်ငံတွင် ၄၈ နှစ်ကြာ ကျင့်သုံးခဲ့သော စာပေစိစစ်ရေး လုပ်ငန်းများကို ဖြေလျော့လိုက်ပြီး သတင်းဂျာနယ်များ အပါအဝင် စာအုပ်စာတမ်း အားလုံး ထုတ်ဝေပြီးမှ စာပေစိစစ်ရေး တင်ပြရသော ထုတ်/ တင် စနစ်သို့ ပြောင်းလဲ ကျင့်သုံးပြီ ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနရုံးတွင် ယနေ့ ကျင်းပ ပြုလုပ်သော စာပေစိစစ်ရေး၏ မူဝါဒများ ပြောင်းလဲကျင့်သုံးရေး အစည်းအဝေး၌ ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က စတင်ကျင့်သုံးခဲ့တဲ့ စာပေစိစစ်ရေး လုပ်ငန်းတွေက ၄၈ နှစ် ၁၄ ရက်အကြာ ဒီကနေ့ဆိုရင် အဆုံးသတ်သွားပါပြီ။ သတင်းဂျာနယ် ၈၀၊ ဘာသာရေးဂျာနယ် ၆ စောင်နဲ့ တခြား ဘာသာရေးဆိုင်ရာ စာအုပ်စာစောင်တွေ အားလုံး စာပေစိစစ်ရေးကို ကြိုတင်ပြစရာမလိုဘဲ ထုတ်/ တင်စနစ်နဲ့ ဒီနေ့ကစလို့ ထုတ်ဝေခွင့် ပြုလိုက်ပါပြီ” ဟု ဦးတင့်ဆွေက ပြောသည်။
ထုတ်/ တင် စနစ် ခွင့်ပြုလိုက်သော်လည်း အသေးစိတ် အခြေခံရမည့် မူ ၁၆ ချက်ကို ဆက်လက် လိုက်နာရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အသေးစိတ်လိုက်နာရမည့် မူ ၁၆ ချက်တွင် နိုင်ငံရေး ၅ ချက်၊ စီးပွားရေး နှစ်ချက်၊ လူမှုရေး ၇ ချက်၊ အထွေထွေ လိုက်နာရမည့်အချက် ၂ ချက်တို့ ပါဝင်ကြောင်း၊ နိုင်ငံရေးတွင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးခြင်းမပြုရ၊ နိုင်ငံတော်၏ မူဝါဒနှင့် နိုင်ငံတော်အစိုးရကို အဖျက်သဘော ဝေဖန်ရေးသား ဖော်ပြခြင်းမပြုရ၊ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည့် အချက်များအား ဖော်ပြခြင်းမပြုရ၊ အဂတိ လိုက်စားမှု၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး သတင်း အရင်းအမြစ် မခိုင်မာဘဲ ရေးသားဖော်ပြခြင်းမပြုရ၊ နိုင်ငံတော်အား ဆန့်ကျင်နှောင့်ယှက်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ နှင့်ပတ်သက်ပြီး လှုံ့ဆော်အားပေး ထောက်ခံသည့် အရေးအသားများ ရေးသားဖော်ပြခြင်းမပြုရ ဆိုသော အချက် ၅ ချက်တို့ကို လိုက်နာရမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များမှာ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒများအား အဖျက်သဘော
ထိခိုက်ရေးသားခြင်း မပြုရ၊ သတင်းအရင်းအမြစ် မခိုင်မာသော စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ သတင်း၊ ဆောင်းပါးနှင့် ဓာတ်ပုံများအား ရေးသား ဖော်ပြခြင်း မပြုရဆိုသော အချက်များဖြစ်၍ လူမှုရေးနှင့် ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုအရ ဖော်ပြရန် မသင့်လျော်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများအား ဖော်ပြခြင်း၊ ဟီရိသြတ္တပ တရားနှင့် မညီသော ဝတ်စား ဆင်ယင်မှုနှင့် ကိုယ်ဟန်အမူအရာများအား ဖော်ပြခြင်း တို့ကို ရှောင်ကျဉ်ရန်၊ အားကစားပွဲစဉ် ခန့်မှန်းချက်နှင့် ပတ်သက်၍ လောင်းကစားကို အားပေးရာရောက်သည့် ရေးသားချက်များ၊ သရဲ၊ တစ္ဆေ၊ ကြတ်၊ သိုက်သမိုင်း၊ လူခြောက်စသည့် ထူးခြားဆန်းကျယ် ဇာတ်လမ်းများတွင် ကလေးနှင့်လူငယ်များကို အယူအဆလွဲမှား စေနိုင်သော ယုတ္တိမတန်သည့် အကြောင်းအရာများ ဖော်ပြခြင်းမပြုရန်၊ အရက်နှင့် ဆေးလိပ်ကြော်ငြာများ ထည့်သွင်း ဖော်ပြခြင်းမပြုရန်၊ အရွယ် မရောက် သေးသော ကလေးသူငယ် တဦးဦး ပြစ်မှုကျူးလွန်သည့် သတင်းဓာတ်ပုံများ ရေးသား ဖော်ပြခြင်းမပြုရန်၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် သတင်းနှင့်ဓာတ်ပုံများ ဖော်ပြခြင်းမပြုရန်၊ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အသုံးအနှုန်း ဝေါဟာရများကို တခြား ဘာသာရေးဆိုင်ရာ စာပေများတွင် ထည့်သွင်းအသုံးပြု ရေးသားခြင်းမပြုရန် ဆိုသော အချက်များကို လိုက်နာရမည် ဖြစ်သည်။
အထွေထွေ လိုက်နာမည့် အချက်များတွင် ဌာနဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၏ အားနည်းချက်များအား ထောက်ပြ ဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်း အမည် စသည်ဖြင့် သတင်းအရင်းအမြစ်နှင့် အထောက်အထား ခိုင်လုံစွာ ရေးသားဖော်ပြရမည်၊ သတင်းခေါင်းစည်း၊ စာအုပ်အမည်များ ရေးသားရာတွင် နိုင်ငံခြား ဘာသာဖြင့် ရေးသားဖော်ပြခြင်းထက် မြန်မာဘာသာဖြင့် တတ်နိုင်သမျှ ဆီလျှော်အောင် ပြန်ဆိုရေးသား ရမည်ဆိုသော
အချက်များ ပါဝင်သည်။
လတ်တလော နိုင်ငံရေးနှင့် ဘာသာရေး သတင်းနှင့်စာပေ အမျိုးအစားများကို ထုတ်/ တင် စနစ်ခွင့်ပြုလိုက်ခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက အဆင့်ဆင့် ပြောင်းလဲလာသော မူဝါဒကြောင့်သာ ဖြစ်ပြီး တခြား မည်သည့်အကြောင်း ကြောင့်မျှ မဟုတ်ကြောင်း၊ ထုတ်/ တင်စနစ် ထုတ်ဝေရမည် ဖြစ်သော်လည်း ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေမှာ ဆက်လက် အကျုံးဝင်နေဆဲ ဖြစ်ကြောင်း ဦးတင့်ဆွေက ရှင်းပြသည်။
မီဒီယာဥပဒေကိုလည်း နိုင်ငံတော်သမ္မတရုံးသို့ သြဂုတ်လ ၇ ရက်နေ့က တင်ပြထားပြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပါက မကြာမီ လွှတ်တော်သို့ တင်ပြသွားတော့မည် ဖြစ်ကြောင်း သူက ဆိုသည်။
ထုတ်/ တင်စနစ် ပြောင်းလဲကျင့်သုံးခြင်းကို ပြည်တွင်း စာနယ်ဇင်းသမားများက ကြိုဆိုကြသော်လည်း လတ်တလော မီဒီယာ ဥပဒေမှာ သတင်းသမားများ မသိရှိရဘဲ ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အရေးကြီးသည့် မီဒီယာဥပဒေ မည်သို့ ထွက်ရှိ လာမည်ကို မသိရသည့်အတွက် ယခု ထုတ်/ တင်စနစ် ပြောင်းလဲလိုက်ခြင်းအပေါ် အပြည့်အဝ ဝမ်းမသာနိုင်သေးကြောင်း၊ သတင်းဂျာနယ်များ အနေဖြင့် ပိုမိုသတိထားကာ ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အဝ မရရှိသေးသည့် အတွက် ပြည်တွင်း သတင်းသမားများ ပါဝင် ဖွဲ့စည်း ထားသော သတင်းလွတ်လပ်ခွင့် ကော်မတီက လာမည့် သြဂုတ်လ ၂၁ ရက်နေ့တွင် ဥပဒေနှင့်အညီ တရားဝင် ဆန္ဒပြခွင့် စတင် လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။
စာပေစိစစ် ဖြတ်တောက်မှုများ မရှိတော့သော်လည်း သတင်းသမား အတွက် ပိုမို တာဝန်ကြီးလာကြောင်း၊ သတင်း လွတ်လပ်ခွင့် အပြည့်အဝ မရသေးသောကြောင့် ဆန္ဒဆက်လက် ထုတ်ဖော်ရဦးမည် ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီက ဆိုသည်။